Category: ဘာသာရေး


>

မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့
ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ်
(ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး
ငါသည် တစ်လောကလုံးထက် မြတ်၏
ဟု ကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။)

ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏား ခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဏာကို ဖတ်ရှုဟောတော်မူစဉ်

သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေဝီနှင့် ထိမ်းမြား၍ နွေ၊ မိုး၊ ဆောင်း သုံးဥတုရာသီတွင် ရာမ္မသုဘသုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ်

ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော်၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်

သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှုမြင်စဉ်

ဖွားဘက်တော် ဆန္ဒအမတ် ခေါ်ကာ ကဏ္ဍက မြင်းတော်ကိုစီး၍ သိဒ္ဓတ္ထမင်းသား တောထွက်စဉ်

အနော်မာသောင်ကမ်းတွင် ဆံတော်ပယ်၍ ရဟန်းအဖြစ် ခံယူစဉ်

ဘုရားအလောင်းတော် ခြောက်နှစ်ကြာမျှ ကျင့်ကြံလာသော ဒုက္ကစရိယာကျင့်စဉ်ကို စွန့်လွှတ်၍ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် လိုက်သဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့က စွန့်ခွာတော်မူစဉ်

ကဆုန်လပြည့်တွင် ညောင်ပင်အောက်၌ သုဇာတာသူဌေးသမီးက သားဆုပန်သော နတ်မင်းအထင်ဖြင့်
ရွှေခွက်ဖြင့် ထည့်တားသော ဃနာနို့ဆွမ်းကို ကပ်လှုစဉ်

ဃနာနိုဆွမ်းကို အနည်းငယ်မျှ ဘုဉ်းပေးပြီးသော် နေရဉ္ဇရာမြစ်ကမ်းမှ ” ငါ ဘုရား ယနေ့ဖြစ်မည်မှန်ပါက ရွှေခွက်သည် ရေညာသို ဆန်ပါစေသား” ဟု အဓိဌာန်ပြု မျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ဆန်၍ ကမ္ဘာနှင့်ချီကာ အိပ်ပျော်နေသော ကာလနဂါးအား သွားထိမိလိုက်စဉ်
(အချို့သော ဗုဒ္ဓစာပေများတွင် ဗြဟ္မာကြီးလေးပါး လာရောက်လှုတန်းသော မြသပိတ်လေးလုံး ဆင့်ထားသော သပိတ်ဟုဆိုထားသည်။)

ကဆုန်လပြည့်နေ့ညနေတွင် ဗောဓိညောင်ပင်တွင် ဘုရားဖြစ်ရန်ကျင့်နေစဉ် မာရ်နတ်က စစ်သည်ဗိုလ်ပါအလုံးအရင်းဖြင့် လာရောက်နှောင့်ယှက်စဉ်

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်လာသော ပါရမီတော်တို့အား မဟာပထဝီမြေကြီး သက်သေထား၍ မာရ်နတ်အားအောင်နိုင်ပြီး အာနာပါနကမ္မဌာန်း ဆက်လက်ရှုမှတ်အားထုတ်ရာ ညဥ့်ဦးယံလွန်သော် ဘဝပေါင်းများစွာ သိနိုင်သော ပုဗ္ဗေနိဝါသဥာဏ် ရတော်မူပြီး သန်းခေါင်ယံ၌ သုံးဆယ်တစ်ဘုံတွင် ဖြစ်ပျက်နေကြသော နတ်လူဗြဟ္မာ သတ္တဝါအပေါင်းတို့အား မြင်တော်မူသော ဒိဗ္ဗစက္ခုဥာဏ် ရတော်မူစဉ်

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် ကိလေသာအပေါင်းအား ပယ်သတ်တော်မူသော အာသာဝက္ခယဥာဏ် ရပြီး အာရုဏ်တက်သည်နှင့် သုံးလောကထွဠ်ထား သဗ္ဗေညုတဘုရား အဖြစ်သို့ ရောက်တော်မူစဉ်

ဗုဒ္ဓဘုရားရှင်က ဘုရားဖြစ်မြောက်ပြီး သတ္တဌာန ခုနှစ်နေရာ လှည့်လည်တရားအားထုတ်နေချိန် ဗောဓိပင် အရှေ့မျက်နှာ ၃၂ လံအကွာရှိသော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်း၌ မာရ်နတ်၏ သမီးတော်သုံးပါးအား တရားပြ ချွတ်တော်မူစဉ်

မုစလိန္ဒအိုင်အနီး ကျဉ်းပင်ခြေရင်း၌ မုစလိန္ဒနဂါးမင်း အစောင့်အရှောင့်ဖြင့်
မုစလိန္ဒသတ္တာဟ ခုနှစ်ရက်စံစားတော်မူစဉ်

ဝါဆိုလပြည့် နေဝင်စအချိန်တွင် ဗုဒ္ဓသည် ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရား ဟောကြားတော်မူစဉ်
(တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်သည်။)

ဘုရားရှင်သည် တပည့်သားသံဃာတော်များ များပြားလာပြီး ရဟန်းကျင့်ကြံနည်းတို့ကို သိရှိစေရန် အလို့ဌာ ပထမအကြိမ် သံဃာ့အစည်းအဝေးကျင်းပပြီး ထိုအစည်းအဝေးတွင် ဘုရားက
ချစ်သားရဟန်းတို့ ရဟန်းမှန်က သူတစ်ပါးကို မညှဉ်းဆဲရ။ မကောင်းမှု မပြုအပ်ရ။ ကုသိုလ်ကောင်းမှုကိုသာ ပြုအပ်သည်။ မိမိစိတ်ကို စင်ကြယ်စွာ ထားအပ်သည်
ဟု ဟောတော်မူစဉ်

တပေါင်းလပြည့်နေတွင် ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွလာစဉ် သုဒ္ဓေါဒနမင်းကြီးနှင့် သာကီဝင်မင်းမျိုးတို့သည် မာန်မာနကြီး၍ ဗုဒ္ဓထက် ငယ်ရွယ်သောသူများသာ ရှိခိုးဦးကြိုကြပြီး ကြီးရင့်သောသူများက ရှိမခိုးပဲရှိနေကြသောကြောင့် ဘုရားရှင်မှ ပေါက္ခရဝဿမိုးရွာ၍ တန်ခိုးပြတော်မူစဉ်
(ပေါက္ခရဝဿမိုးဆိုသည်မှာ စိုစွတ်စေလိုသူသာ စိုစွတ်၍ မစိုစွတ်လိုသူကို မစိုစွတ်စေသောမိုး ဖြစ်သည်။)

ဘုရားရှင်သည် တုသိတာနတ်ပြည်တွင် သန္တုဿိတနတ်သား ဖြစ်တော်မူနေသော မယ်တော်မာယာအား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟော်ကြားတော်မူသည်။ ဝါကျွတ်သောအခါ ဘုရားရှင် လူ့ပြည်သို့ ပြန်ကြွတော်မူသော် သိကြားမင်းက နတ်ပြည်မှ လူ့ပြည်အထိ လက်ယာ ရွှေစောင်းတန်း၊ လက်ဝဲ ငွေစောင်းတန်း၊ အလယ် ပတ္တမြားစောင်းတန်း လှေကားသုံးသွယ်ဖန်ဆင်း၍ နတ်ဗြဟ္မာတို့က ရွှေထီးတံခွန်၊ ငွေထီးတံခွန်၊ သန္တာထီးတံခွန်များဖြင့် ကိုင်ဆောင်လိုက်ပါလာကြစဉ်

သက်တော် ၈၀ဝါတော် ၄၅ ဝါအရောက်တွင် သုံးဆယ်တစ်ဘုံရှိ သတ္တဝါအပေါင်းတို့အား နိဗ္ဗာန်ရောက်ရန် အကျင့်တော်မြတ်တို့ကို နေ့ညမပြတ် ညွှန်းပြသွန်သင် ဆုံးမတော်မူခဲ့သော သုံးလူထွဠ်ထား မြတ်စွာသော ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ( ဘီစီ ၅၃၄) ကဆုန်လပြည့် အင်္ဂါနေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူစဉ်

ဇာတိပုည၊ ဂုဏ်မာနဖြင့်
သံပဟုံးစုံး၊ ဖက်မဲ့ကြုံးသား
အားသုံးထောင်ထား၊ မျိုးလေးပါး၏
တက်ပွားစောင်မာန်၊ လွှားတံခွန်ကို
ပြင်းဝှန်းမုန်တိုင်း၊ ခတ်ချိုးလှိုင်သို့
ဖြတ်ပိုင်းလှဲချ၊ တတ်စွမ်းလှသား
မိဘနွယ်ပေါင်း၊ သိန်းခြောက်သောင်းလျှင်
မင်းကောင်းစဉ်ရိုး၊ ကျော်လွှံ့ဟိုးလျက်
မြေမိုးရပ်သူ၊ လူခပ်သိမ်းတို့
ညွတ်တိမ်းပူဇော်၊ ကျေးဇူးတော်လည်း
နှိုင်းဖော်တုကျွန်း၊ မြင်းမိုရ်ထွန်းသို့
ရဟန်းများထွတ်၊ သုံးလူ့နတ်ကား………။

ရှင်မဟာရဋ္ဌသာရ၏ ‘ကိုးခန်းပျို့’

ဆက်လက်ကြိုးစားပါဦးမည်။

>

နံနက်မိုးသောက်
အလင်းရောက်တဲ့အခါ
ဂုဏ်တော်တရားနဲ့
မေတ္တာပွားပြီး
တောင်းဆုချွေပြု
ပတ္တိဒါန ဝေစုချလိုက်မယ်
ဆိုရင်…….
နံနက်ခင်းကို လှစေခြင်းပါပဲ။

ကောင်းသော နံနက်ခင်းပါခင်ဗျာ။ မင်္ဂလာနံနက်ခင်းပါ။ Good Morning ဆိုတဲ့ စကားလုံးလှလှ စကားလေးတစ်ခွန်းဟာ ကြီးငယ်အလတ် လူသားတို့နှုတ်ဖျားဝယ် ရေပန်းစားအသုံးများ၍ ခေတ်စားနေသော စကားတစ်ခွန်းဖြစ်နေပါသည်။

ကောင်းသောနံနက်ခင်းဆိုသည်မှာ “အဘယ်နည်း” ဟုမေးခွန်းတစ်ခု မှတ်တမ်းပြုစရာရှိပေသည်။ ထိုမေးခွန်းကို စာဖတ်သူတို့ ကိုယ်တိုင်ဆုံးဖြတ် သုံးသပ်ကြရန် စာရေးသူက တင်ပြလိုပါသည်။

စာရေးသူတို့ သာသနာ့အလုပ် အားထုတ်ကြရာ ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒစရိယ ကမ္ဘာ့ သာသနာပြု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး သီတင်းသုံးစံပျော် သာသနာပြုတော်မူခဲ့သည့် “မဟာစည်သာသနာ့ ရိပ်သာဋ္ဌာနချုပ်”၌ ရဟန်းအမျိုးသား၊ အမျိုးသမီး သီလရှင် ယောဂီအားလုံး တို့သည် နံနက်သုံးနာရီတိတိ အိပ်ရာမှ ထကြရသည်။လေးနာရီအရောက် မိမိတို့ဆိုင်ရာ ဓမ္မာရုံကို သွားကြရသည်။

ရဟန်းယောဂီနှင့် အမျိုးသားယောဂီများသည် စံကျောင်းတော်အောက်ထပ်၊သီလရှင်နှင့် အမျိုးသမီးယောဂီများက ဖလ်ယဉ်ဓမ္မာရုံသို့ အရောက်သွား၍ လေးနာရီမှ ငါးနာရီအထိ တရားရှုမှတ်ကြရပေသည်။အရုဏ်ဦးမို့ တိတ်ဆိတ်ငြိမ်သက်ပြီး သာယာကြည်နူးဖွယ် အချိန်ကလေးဝယ် နှစ်ရာကျော်မျှသော ယောဂီသူတော်စဉ်တို့၏ တရားထိုင်အပြီးမှာ ကြားရသူတို့ စိတ်နှလုံးကို ကြည်နူးရွှင်ပြုံးစေနိုင်သည့် အသံသာသာတစ်ခု ညီညီညာညာ ပေါ်ထွက်ခဲ့လေပြီ။ ထိုအသံသည် ကိလေသာကင်း ကောင်းသောရနံသင်းသည့် ဓမ္မသံ ဖြစ်ပါသည်။

နံနက်ခင်းကာလမို့ အေးမြလှတဲ့ လေပြေလေညှင်းလေတွေကို ရှုရှိုက်ရတာဟာလည်း စိတ်ရောကိုယ်ပါ လန်းဆန်းမှုကိုရရှိနေပါသည်။တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်ရာကျော်သော ယောဂီတို့ရဲ့ ဓမ္မသံစဉ်တို့က မဟာစည်သာသနာ့ရိပ်သာကြီးမှသည် သတ္တလောကကြီးဆီသို့ အရုဏ်ဦးမှသည် နံနက်ခင်းဆီသို့ အလှတရားများဖြင့် ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလို့
လှပစေပါသည်။ရှေးဦးစွာထွက်ပေါ်လာသော ဓမ္မသံစဉ်သည်ကား မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံမှာပုံဖော်၍ ရှိခိုးခြင်းဟူသော မဟာစည်ဆရာတော်ဘုရားစီစဉ်သည့် ရည်ရွယ်ချက်ပြည့်စုံသော

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်းကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး၊ ဆရာသမားတို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား

ဆိုသည့်ဘုရားရှိခိုး ပူဇော်သံဖြစ်ပေသည်။ညီညီညာညာ နှင့် ဖြေးဖြေးမှန်မှန် ဘုရားရှိခိုးသဖြင့် နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။မဟာစည်ဆရာတော်ဘုရား စီစဉ်သည့် ဘုရားရှိခိုးသည် ရွတ်ဖတ်ပူဇော်သူ၊ နာယူသူတို့အတွက် ရွတ်ဆိုလို့ ကောင်းသည့်အပြင် အဓိပ္ပါယ်ကလဲ စုံလင်ပြည့်ဝလှပါသည်။

ဖောင်းပိန်အစရှိတဲ့ ထင်ရှားပေါ်ရာ ပေါ်လာသမျှတွေကို အမြဲမပြတ်သတိကပ်လျှက် တစ်နာရီကြာ ထိုင်ပြီး ရှုမှတ်ရသည့် သတိပဋ္ဌာန် ဝိပဿနာတရားတို့ဖြင့် ရတနာသုံးစုံ အမြတ်ဂုဏ်ကို ယုံကြည်မြတ်နိုး လက်ဆုံမိုး၍ ပူဇော်ကြပါသည်။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ – မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ဟု ဆိုအပ်သော ဤလောကုတ္တရာ တရားကိုးပါးအား လျော်သောကျင့်ဝတ် ပဋိပတ်ဖြင့် ဗုဒ္ဓံ – မြတ်စွာဘုရားကို။ ဓမ္မံ – မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန် ဟုဆိုအပ်သော တရားတော်မြတ်ကို။ သံဃံ – မဂ္ဂဠာန်လေးယောက်၊ ဖလဠာန်လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်နှင့်တကွ ယခုရှိတော်မူကြသော သမ္မုတိ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား” ဟု ညီညီညာညာ ရိုသေစွာ ပူဇော်ကြလျှက်

ဣဒံမေ ပုညံမဂ္ဂမလဥာဏဿပစ္စယောဟောတု။

ဘန္တေ၊ အရှင်ဘုရား။မေ၊ တပည့်တော်တို့၏။ ဣဒံပုညံ၊ ဤသို့ ယနေ့ပြုအပ်သော ဒါနကုသိုလ်၊ ဆောက်တည်အပ်သော သီလကုသိုလ်၊ ပွားများအပ်သော ဘာဝနာကုသိုလ်၊ တရားနာရသော ဓမ္မဿဝနကုသိုလ်သည်။ မဂ္ဂဖလဥာဏဿ၊ တပည့်တော် တောင့်တအပ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်၏။ ပစ္စယော၊ ရကြောင်းရောက်ကြောင်း ကျေးဇူးပြုသော အကူအညီ အထောက်အပံသည်။ ဟောတု၊ဖြစ်ပါစေသတည်း။” ဟုသော ကောင်းမှုဖြင့် တောင်းဆု ချွေကြပြန်သည်။

တဆက်တည်းမှာပင်-
ဣမံနော ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ။

ဣမံပုညဘာဂံ၊ ဤသို့ ယနေ့ယခု တပည့်တော်တို့ တစ်စု၏ ပြုစုပွားများ နာကြားရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂကို။ သဗ္ဗသတ္တာနံ၊တရားနာဖော်နာဖက်၊ တရားအားထုတ်ဖော်၊ တရားအားထုတ်ဖက် ဖြစ်ကြကုန်သော ယောဂီအပေါင်း သူတော်ကောင်းများနှင့်တကွ မိခင်ဖခင် ကျေးဇူးရှင်တို့ကို အစထား၍ သုံးဆယ်တစ်ဘုံ လုံးစုံများစွာ သတ္တဝါမှန်သမျှ အနန္တတို့အား။ ဒေမ၊ ရစေယူစေ အမျှပေးဝေပါကုန်၏။” ဟူ၍ နတ်ဗြဟ္မာ လူတစ်ဖော် မြတ်သာဓု ခေါ်ကြစေရန် အမျှပေးဝေ ကြပြန်ပါသည်။

တစ်နာရီကြာထိုင်ပြီး ရှုမှတ်လို့ရတဲ့ သမာဓိအရှိန်တို့ဖြင့် မနောကံနှင့်ရင်း၍ ဝစီကံမြောက် မေတ္တာဓာတ်တွေ ပို့လွှတ်လို့ နေကြပြန်သည်။

အမျှရကြ၍ချမ်းသာကြပါစေသော်။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း
ပဋိပတ်တို့ကို ကျင့်ကြံကြိုးစာ ပွားများအားထုတ်နိုင်ကြပါစေသော်
ဟူ၍ မေတ္တာဓာတ်တွေ ဖြန့်ဝေလိုက်ကြပါသည်။

နောက်ဆုံးမှာတော့
ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ခြောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရစေသော်။
ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်စ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များတွေ သာဓုခေါ်စေသော်……. အမျှ…..အမျှ…..အမျှ…….ယူတော်မူကြပါကုန်လော့။
သာဓု…သာဓု….သာဓု
ဆိုတဲ့ စကားသုံးလုံးက နေရာယူလိုက်ပါသည်။

ဤသို့ဖြင့် Good Morning ဖြစ်ကြစေရန် မဟာစည်သာသနာ့ရိပ်သာမှ နှစ်ရာကျော်သော ယောဂီ သူတော်စင်တို့က နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။ရတနာသုံးတန် ကံနှင့်အကျိုး အားကိုးယုံကြည် သူတော်စင်တို့၏ နံနက်ခင်းကို လှစေသော ဓမ္မသံစဉ်သည် သာယာချမ်းမြေ့
လှတာမို့ တစ်သက်မမေ့နိုင်စရာ ကြည်နူးဖွယ် တစ်ခုပါပဲ။ အသံအားလုံးတွင် နှိုင်းယှဉ်စရာ ထပ်တူပြုစရာ ဓမ္မသံစဉ်လောက် ကောင်းတာ ဘယ်အခါ ဘယ်နေရာမှ မရှိပါဘူး။ နံနက်ခင်းကို ဓမ္မသံစဉ်ဖြင့် လှပစေ၍ ငြိမ်းချမ်းရေးတရားရိပ်ဝယ် ပျော်ပိုက်နိုင်ကြပါစေကြောင်း စာစီပေါင်းလို့
တင်ပြလိုက်ရပါသည်။

တက္ကသိုလ်မောင်ချစ်

(ခွင့်တလအပြန် အချိန်လေးရလို့ မဟာစည်သာသနာ့ရိပ်သာခွဲ သဓ္ဓမ္မရံသီရိပ်သာ၌ ရဟန်းခံ တရားအားထုတ်ရင်းမှ တရားဓမ္မသင်ပြပေးသော ဆရာတော် အရှင်ဝိစိတ္တာနန္ဒ (ဓမ္မာစရိယ၊ B.A, B.Sc, Dip in English) အားရှိခိုးပူဇော်ဂုဏ်ပြုရင်း တရားအလှုတော်မြတ်ကိုကုသိုလ်ပြုအပ်ပါသည်။
ချမ်းလင်းနေ)

ဆက်လက်ကြိုးစားပါဦးမည်။

>

လူတိုင်းလူတိုင်းစိတ်ရှုပ်လာရင်၊ စိတ်ညစ်လာရင် ဘာတွေလုပ်ကြလဲ။ တချို့တချို့က သီချင်းတွေ အော်ဆိုပစ်တယ်။တချို့ကျ အိပ်ဆေးသောက်အိပ်ပစ်တယ်။ တချို.ကအရက်သောက်တယ်။တချို့က အပင်စိုက်တယ်။တချို့ကအော်ငိုတယ်။ လူတွေအားလုံးဟာ စိတ်ပြေစေဖို့တခုအတွက်နဲ့ ကိုယ့်စိတ်ထင်ရာ၊ ကိုယ်စိတ်ပြေရာလုပ်တတ်ကြတယ်။

ခင်ဗျားရော စိတ်ညစ်ရင်ဘာတွေလုပ်လဲ။ကျွန်တော်လား။အင်းငယ်ငယ်ကတော့ အိမ်မှာရေထဲတဲ့ ရာဝင်အိုးထဲခေါင်းစိုက်ပြီး စိတ်ရှိလက်ရှိ အော်ပြစ်တယ်။အခုတော့ အဲဒီအိုးတွေလဲ ကွဲသွားပါပြီ။အသံပြာကြီးရဲ့အော်သံတွေ မခံနိုင်လို့။ အတော်ကြီးတော့ အရက်သောက်ကြည့်တယ်။အတော်အတန်လဲ သောက်ခဲ့ပါတယ်။ကိုယ့်စိတ်ကြောင့် လဲပါတယ်။ ကောင်းတယ်လို့ စိတ်မှာထင်မိလို့ပါ။စိတ်ပြေမယ်ထင်တဲ့ အယူကြောင့်လဲပါပါတယ်။အခုတော့ အလိုနေရင်းပြတ်သွားတယ်။ သောက်ချင်စိတ်သိပ်လဲ မရှိတော့လို့ပါ။မယုံဘူးဆိုလဲ စာဆက်ဖတ်ရအောင် လောလောဆယ် ယုံပေးထားပါ။

ကျွန်တော်ရဲ့ညီအစ်ကိုလို အရမ်းရင်းရတဲ့ သူငယ်ချင်းကတော့ သူစိတ်ညစ်လာရင် ဘုရားစင်ရှေထိုင်ပြီး တရားထိုင်တယ်။သူက စိတ်ညစ်ရင်မှ မဟုတ်ပါဘူး။နေ့စဉ်တရား ထိုင်တာပါ။ကျွန်တော်အနေနဲ့ သူရဲ့အခြေအနေကို အမြဲလေ့လာကြည်တယ်။ကျွန်တော် သူနဲ့စသိထဲက သူဆီမှာ ဒေါသထွက်တယ်ဆိုတာ မမြင်သလောက်ပဲ။ သူမိသားစုတွေလဲ ဒီလိုပဲ။သူတို့စိတ်ငြိမ်းချမ်းပြီး စိတ်ညစ်ဖူးတာမတွေ့သလောက်ပါပဲ။ သူက ကျွန်တော်ကိုတွေ့တိုင်း တရားထိုင်ဖို့ပဲ အမြဲတိုက်တွန်းပါတယ်။အခုအချိန်ထိပါ။ ကျွန်တော်ငယ်ငယ်က တရားထိုင်ဖိုဆိုတာဝေလာဝေး။ ဘာသာရေးဆိုတာ ဘုရားရှိခိုးတာကလွဲရင် ဘာမှမသိ။

ငယ်ငယ်က အိမ်မှာတော့ ကျွန်တော်မေမေက တရားအမြဲထိုင်တယ်။ ကျွန်တော်တို့ညီအစ်ကိုကိုလည်း တရားထိုင်ခိုင်းပါတယ်။အဲဒီတုန်းက မေမေက တရားထိုင်ခြင်းအကျိုး၊ ဘာကြောင့်တရားထိုင်ရတယ် ဆိုတာတွေကိုပြောပြဘူးတယ်။မေမေက အဘိဓမ္မာအောင် ထားတယ်လေ။ ကျွန်တော်က အဲဒီတုန်းက ကလေးအရွယ် စထိုင်ကာစဆိုတော့ တရားထိုင်တယ်ဆိုပေမယ့် မှတ်တဲ့အသိကြာကြာ မထိန်းနိုင်ပါဘူး။ စိတ်တွေက ဟိုရောက်ဒီရောက် လျှောက်ပြန့်လွှင့်နေတာပဲ။တရားထိုင်ဖို့မပြောနဲ့ ထိုင်ချင်တဲ့စိတ်ကလေးဖြစ်အောင်ကို အတော်အားယူရပါတယ်။ဆော့မယ်၊ကစားမယ် ဆိုတဲ့စိတ်ကပဲသန်နေတာ။

ဒါပေမယ့်ဗျ အဲဒီတုန်းက ငယ်တဲ့အရွယ်လဲဖြစ်၊ အကုသိုလ်တွေကလဲ နည်းဆိုတော့ကာ ဝေဒနာဆိုတာ သိပ်မဖြစ်ပေါ်ဘူး။တခါတလေ စိတ်ဝင်တစား မှတ်အားကောင်းတယ်ဆိုရင် အကြာကြီးကိုထိုင်နိုင်တယ်ဗျ။ အခုတော့ လူလောကရဲ့အမှောင်နောက် ကောက်ကောက်ပါနေတာကြောင့်ရယ်၊ လောဘတွေ၊ ဒေါသတွေ၊ စိတ်ညစ်တာတွေ ကြောင့် တရားမှတ်ရင် ဝေဒနာတွေပိုပေါ်ပါတယ်။

ကျွန်တော်ရဲ့တရားပြဆရာတစ်ဦးကို ဒီအကြောင်းလျှောက်တော့ ဆရာက လူလောကကြီးရဲ့ အတွင်းဘက်ရောက်ရောက်လာလေ၊ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေများလာလေလေပဲ။ ဒါကြောင့် တရားထိုင်တဲ့အခါ ဝေဒနာတွေကတိုးတိုးလာတာတဲ့။ဒါတွေကိုပဲ ဆက်ရှုတဲ့။ဒါကတရားထိုင်တုန်း ခဏဗျ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တရားထိုင်ခြင်းဖြင့် အရင်ကဒေါသ အရမ်းကြီးခဲ့တဲ့ ကျွန်တော်ဟာ အတော်အတန်ကို ထိန်းနိုင်လာပါတယ်။အလုပ်ဆိုရင်လည်း အတော်အတန်ကိုချောမွေ့ပါတယ်။အတိုက်အခံလဲ နည်းလာပါတယ်။ စိတ်ညစ်တယ်ဆိုတာ မရှိသလောက်ပါ။ စိတ်ညစ်တာမရှိတော့ဘူးလို့ ဆိုတာမဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ့လည်း သိပ်တုန်လှုပ်မှုမရှိတာပါ။

စိတ်ညစ်လာတယ်၊ စိတ်ရှုပ်စရာ ကြုံလာပြီဆိုရင် ဘုရားကိုစိတ်ဝယ်မှန်းပြီး ရသမျှ ဘုရားစာထိုင်ရွတ်ပါတယ်။ တရားထိုင်ချင်တဲ့စိတ် လက်တလောမရှိသေးဘူး ဆိုရင်တောင် ဒီလို ဘုရားစာရွတ်ဖတ်တာဟာ လောလောဆယ်ဖြစ်ပေါ်နေတဲ့ စိတ်ဝေဒနာတွေ သက်သာဖို့ ကုစားလိုက်သလိုပါပဲ။ စိတ်ငြိမ်လောက်ပြီလို့ထင်တော့မှ တရားထိုင်ပါတယ်။ဘာဖြစ်လို့ စိတ်ညစ်နေတုန်း စစခြင်းတရားမထိုင်တာလဲဆိုရင် တရားထိုင်နေစဉ် ရှုမှတ်တဲ့စိတ်အပေါ်အာရုဏ်မရောက်ပဲ စိတ်တွေက မူလညစ်နေတဲ့အကြောင်းအရာတွေဆီကိုပဲ ထပ်တဝဲဝဲရောက်သွားလို့ပါ။ကျွန်တော့်ရဲ စိတ်တည်မှုအာရုဏ်နုသေးလို့လဲဖြစ်ပါတယ်။ကြာရှည်စွာ တရားထိုင်ဖူးတဲ့သူတွေ ဆိုရင်တော့ ဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။

အဲဒီလို တရားထိုင်ရှုမှတ်လိုက်တော့ ညစ်နေတဲ့စိတ်တွေပြေပြောက်ပြီး ပင်ကိုမူလစိတ်အဆင်လေးဟာ အမြဲတစေကြည်လင်လာပါတယ်။ တရားထိုင်လိုက်ခြင်းဖြင့် ကျွန်တော်ဆိုရင် ယခင်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် မိရိုးဖလာကိုးကွယ်သလိုပဲရှိခဲ့တာ (နက်နဲမှုမရှိခဲ့သလိုပါ။ အခုကျွန်တော်ဆိုရင် ဗုဒ္ဓဘုရားဟာ အတုမရှိသောဘုရားရှင်ဖြစ်ပြီး မိမိကိုယ်တိုင် ဗုဒ္ဓဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်လာပါတယ်။ အရာရာစဉ်းစားချင့်ချိန်လာနိုင်တယ်လို့ ကိုယ်ကိုယ်ယုံကြည်လာတယ်။

ကျွန်တော်လေ့လာဖူးသလောက်ဆို တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာတစ်ခုထဲရှိတာမဟုတ်ပါဘူး။ ခရစ်ယာန်သာသနာမှာရော(အထူးကဖြင့် ရိုမန်ကတ်သလစ်မှာပါ)၊ မူစလင်ဘာသာရော(ဒူဘိုင်းနိုင်ငံသား မူစလင်ဘာသာရေးဆရာတစ်ယောက်ဆီက သိတာပါ။သူက ဗုဒ္ဓဘာသာတရားထိုင်နည်းနဲ. ယောဂအကြောင်းလာဆွေးနွေးလိုပါ။) သူ့နည်းသူဟန်နဲ့ရှိကြပါတယ်။

တကယ်တမ်း တရားထိုင်တယ်ဆိုတာ စိတ်ကို လေ့ကျင့်ပေးတာပါ။ဘုရားစတင်ကျင့်ကြံခဲ့တာ အာနာပါနပေါ့။ တကယ်ဆိုအာနာပါနဆိုတာ ဟိန္ဒူယောဂကျင့်စဉ်တစ်မျိုးပါ။ ကျွန်တော်ဆိုလိုချင်တာက တရားထိုင်တယ်ဆိုတာ အရမ်းကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ စပြီးထိုင်မယ်ဆိုရင်တော့ (အကြံပေးတာပါ။မိမိသင့်တော်သလို ထိုင်လို့ရပါတယ်။) ဝင်လေထွက်လေဆိုတဲ့ အာနာပါနက စရင်ကောင်းမယ်လို့ထင်ပါတယ်။ ထင်တယ်လို့ဆိုရခြင်းကတရားထိုင်သက်နုတဲ့ကျွန်တော့်အနေနဲ့ကောင်းမယ်လို့ထင်တယ့် နည်းတွေအများကြီးထဲက ကျွန်တော်စထိုင်တဲ့နည်းလေးမို့ အကြံပေးတာပါ။ မိမိသန်ရာသန်ရာကိုရှုပါ။ နောက်မှတ်အားကောင်းလာပြီဆိုမှ ဝိပဿနာနည်းလမ်းကိုရှုပါ။ တဆင့်ခြင်း တက်လှမ်းတဲ့သဘောပါ။

တရားထိုင်ခြင်းရဲ့နောက်ဆုံးပန်းတိုင် ကတော့ မဂ်ဖိုလ်နိဗ္ဗာန်ပါ။ကျွန်တော်ကတော့ အခုလောလောဆည် စိတ်ညစ်တာတွေပြေအောင် ဆွေးနွေးအကြံပေးတာမို့လို့ တရားထိုင်ဖို့ သက်သက်သာရည်ရွယ်ပြီး ရေးရတာပါ။ကျွန်တော်တို့က ဗုဒ္ဓသာသနာမြေနဲ့ ဝေးရာတွေမှာ အလုပ်လုပ်နေရသူတွေဆိုတော့ ဘာသာရေးနှိုးဆော်မှုလေးတွေရှိမှ ဘုရားရှိခိုး၊ တရားထိုင်တာလေးတွေလုပ်ဖြစ်ကြမှာမို့ပါ။

ကိုယ့်အရပ်ကိုယ့်ဒေသမှာဆိုရင် ဘုရားသွားကျောင်းတက်ရင်း ဆရာတော်တွေ ဟောကြားတဲ့တရားတော်တွေကို နာကြားရင်း ဘာသာရေးနဲ့ အဆက်မပြတ်သိပ် မရှိလှပါဘူး။ ဒီလိုနိုင်ငံရပ်ခြားမှာဆိုရင် တခါတလေ တရားခွေလေး ဘာလေးနာချင်ရင်တောင်မှ ကိုယ်အနီးနားက အခြားဘာသာခြားတွေကို အားနာနေရသေးတယ်။ နားကြပ်တပ်ပြီးနာရ၊ MP3စက်ကလေးတွေထဲ ထည့်နာရနဲ့အဆင်ပြေသလို ဘာသာရေးတွေ လုပ်နေကြရတာပါ။ဘုရားစာရွတ်ရင်၊ ဘုရားရှိခိုးရင်လဲ ပတ်ဝန်းကျင်အခြေအနေကောင်းမှ ရွတ်ရ၊ရှိခိုးရတာ။ ဒီလိုရေးတာ အဆင်မပြေသူတဲ့တွေ သိကြမှာပါ။ဗုဒ္ဓဘာသာဝင် အချင်းချင်းနေတယ်ဆိုရင်တော့ တမျိုးပေါ့။ဒါတောင် ဘာသာရေးလုပ်သူတွေပါဦးမှ။

ဘယ်လိုပင် အဆင်မပြေမှုတွေရှိပါစေလေ ကိုယ်ရဲ့စိတ်က ဘာသာရေးကိုဖြစ်အောင်လုပ်မယ်လို့ ရည်သန်ထားရင် ဘယ်အခြေအနေမျိုးမဆိုဖြစ်ပါတယ်။ ဘုရားတောင် အနောင့်အယှက်တွေကြားက ဘုရားဖြစ်ရန်ရည်သန်လို့ ဘုရားပွင့်ခဲ့ပြီးပြီပဲ။ကျွန်တော်တို့လဲ ဘာသာရေးလုပ်မယ်၊ လုပ်ချင်တယ်ဆိုတဲ့ဆန္ဒက တကယ်လုပ်ရင်အဟုတ်ဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်မှာ တရားစခန်းရိပ်သာတွေ အတော်များများဖွင့်လှစ်နေပြီဆိုတာ လူအတော်များများသိနေကြပါပြီ။

ကျွန်တော်ပြောချင်တာက တရားထိုင်တာကို သိပြီး တရားထိုင်ဖို့မေ့နေတဲ့ မိတ်ဆွေတွေအတွက်ရော၊ မသိသေးတဲ့သူတွေအတွက်ရော “အသိ၊ သတိ” ရစေချင်ပါတယ်။ စိတ်ညစ်ရုံနဲ့ တရားထိုင်ဖို့သာမက ရတဲ့အချိန်တိုင်း၊ ရသမျှအခွင့်အရေးတိုင်း တရားထိုင်ပေးကြပါ။အခုဆို ဆရာတော်အတော်များများကလည်း တရားထိုင်ဖို့ စာတွေရေး၊ တရားတွေဟောပြီး လှုံဆော်ထားကြပါတယ်။ကျွန်တော်ကလည်း ကုသိုလ်တရပ်အနေနဲ့ ဆွေးနွေးတာပါ။မိတ်ဆွေအပေါင်း တရားထိုင်ဖို့ သတိရသွားသူတွေရော၊ အသိရသွားသူတွေ ဖြစ်လာအောင် ကုသိုလ်ပြု တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား။

ဆက်လက်ကြိုးစားပါဦးမည်။

Follow

Get every new post delivered to your Inbox.