Category: ဝတ္ထုတို


>

ဒီအကြောင်းအရာတွေက ပက်စ်စီတစ်ပုလင်းကို ပိုက်ဆံအစိတ်ရှိရင် သောက်လိုရခဲ့တဲ့ အချိန်တုန်းက ဖြစ်ခဲ့တာတွေ။ အဲဒီအချိန်တုန်းကဆိုရင် လမ်းပေါ်ထွက် ကြည့်လိုက်ရင် မီးစတန်းလန်းနဲ  အုန်းဆံကြိုးတွေကို ကွမ်းယာဆိုင်တွေမှာ တွေ့ရဦးမယ်။ ညနေဖက် TV ဖွင့်ကြည့်ရင်လည်း ရေခဲရေသောက်ချင်ရင် ဒီကိုလာ၊ အိမ်လိုချင်ရင်  ကြည်စိုး(I.C) ဆီသွားဆိုတဲ့ မတူးကြီးရဲ့အသံကို  ကြားရဦးမယ်။ 
သာမရိုးကျ ဝန်ထမ်းလင်မယားတစ်စုံ။ သူတို့နေကတော့ ဖဆပလထဲမှာ။ သူများတွေအိမ်ခန်းရဲ့ Master Bedroom ကို ပြန်ငှားပြီးတော့ နေနေကြတာ။ ကိုယ့်အိမ်ခန်းထဲကို ဝင်မယ်ဆိုရင် သူများတွေ ဧည့်ခန်းကြီးကို ဖြတ်လာပြီးတော့မှ ရောက်တယ်။ ဒီနေရာမှာပဲ ထမင်းချက်၊ ဒီနေရာမှာပဲစား၊ ဒီမှာပဲအိပ်၊ ဒီမှာပဲရေချိုး၊ ဒီမှာပဲအိမ်သာတက်၊ ဒီမှာပဲဘုရားရှိခိုး။ 
အဲဒီအိမ်က ရေချိုးခန်းက ရယ်ရတယ်။ တစ်ယောက်ယောက် ရေချိုးနေရင် ဘယ်သူမှ အိမ်သာမတတ်ရဲဘူး။ ရေချိုးခန်းနဲ အိမ်သာနဲက တစ်ဆက်ထဲရယ်။ ဧည့်သည်ဆောင်သည်လာရင် အရမ်းဒုက္ခရောက်တယ်။ ဒါပေမယ့်လည်း သူတို့ဟာနဲ သူတို့တော့ အဆင်ပြေလှတယ်လို့ မဟုတ်တောင် နေလိုတော့ဖြစ်နေသေးတယ်။ 
ဒီလိုနဲ့  သူတို့တွေထဲကို ကောင်မလေးတစ်ယောက် ထပ်ရောက်လာတယ်။ ကောင်မလေးကိုယ်ဝန်ကို သူတို့လိုချင်လို့ တမင်ပြင်ဆင်ပြီး ယူခဲ့တာမဟုတ်ဘူး။ ကောင်မလေးအမေ ပြောသလိုပြောရရင် စောက်ပလုပ်တုတ်ဖြစ်ပြီး ရသွားတာ။
အဲဒီနေ့က သူတို့လင်မယားနှစ်ယောက် ဈေးသွားကြတယ်။ လမ်းမှာ မိန်းမလုပ်တဲ့သူက မူးလဲပါလေရော။ ဗမာရပ်ကွက်တွေ ထုံးစံအတိုင်း တစ်ခုခုဖြစ်တယ်ဆိုရင် လူတွေက ဝိုင်းအုံလာကြရော။ အဲဒီအထဲကမှ မိန်းမခပ်ငယ်ငယ်တစ်ယောက်က ကောင်မလေးအမေကိုကြည့်ပြီး အစ်မမျက်နှာတွေ ဖြူနေတာပဲ ဒါသောက်လိုက်ဆိုပြီး အဲဒီတုန်းက ရပ်ကွက်ထဲက လူတွေက အညိုတောင့်ကြီးလို့ ခေါ်နေကြတဲ့ မိန်းမအားဆေးတစ်တောင့် ထုတ်တိုက်တယ်။ ဒါ တော်ရုံတန်ရုံစေတနာနဲ့ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒီဆေးက သူ့ခေတ်သူ အခါတုန်းက အရမ်းဈေးကြီးတဲ့ဆေး။
 ဒီလိုနဲ့ပဲ ဆိုက်ကားငှားပြီး ဆေးခန်းပြေးတော့ ဆရာဝန်က ကောင်မလေးအဖေကို ပြောတယ်။ ခင်ဗျားမိန်းမမှာ ကိုယ်ဝန်ရှိတာထင်တယ်။ ဆီးသွားစစ်လိုက်ပါဆိုတော့ နောက်တစ်နေ့လည်းကြရော သူတို့ယောက္ခမတွေရှိတဲ့ မဂိုလမ်းက အေးဆေးတိုက်မှာပဲ သွားစစ်ဖြစ်လိုက်တယ်။ တစ်ခုခုဆေးစစ်ရင် positive ဆိုရင် လန့်နေရတဲ့ခေတ်ကြီးမှာ result လည်းတွေ့ရော ကောင်မလေးအဖေက မျက်စိမျက်နှာပျက်သွားလို့  ဆေးခန်းက သူနာပြုဆရာမလေးကတောင် ဟာ…အစ်ကို ဒါ ဝမ်းသာရမယ့်ကိစ္စလေလို့ လှမ်းသတိပေးလိုက်ရသေးတယ်။ 
တစ်ခါ ကိုယ်ဝန်နည်းနည်းရင့်လာတော့ မိုးတွေအရမ်းရွာနေတဲ့နေ့ကြီး။ သူတို့ လင်မယားနှစ်ယောက် ရုံးကနေ ခြင်းတောင်းကိုယ်စီနဲ့  ပြန်လာကြတယ်။ လက်ထဲမှာလည်း ထီးတစ်ယောက်တစ်လက်နဲ့။ သူတို့ဆောင်းတဲ့ထီးက တရုတ်ကလာတဲ့ ခိုထီးအတုကို ဆောင်းထားတာ။ အတုနဲ အစစ်ဘာကွာလဲဆိုတော့ အစစ်ရဲ့လက်ကိုင်ကလေးထောင့်၊ နောက်ပြီးတော့နီညိုရောင်နဲ့  Dove ဆိုတဲ့စာတန်းနဲ့ ခိုပုံကလေးပါတယ်။ အတုရဲ့လက်ကိုင်ကကြတော့ မီးပုံးပျံပြောင်းပြန်ပုံ လုံးလုံးကြီးနဲ့အလယ်မှာ အနီရောင်လိုင်းတစ်လိုင်းပါတယ်။ 
အဲဒီလို လမ်းလျှောက်လာနေတုန်း လေပြင်းပြင်းတစ်ချက်တိုက်လိုက်တော့ လေတိုက်တဲ့နောက် ထီးကပါသွားသလို လမ်းကလည်း ရွှံ့တွေနဲ့ချောနေလို့  ဗိုက်ကြီးသည်က ချော်လဲပါလေရော။ ဘာမှသိပ် ကြီးကြီးကျယ်ကျယ် မဖြစ်သွားပေမယ့် ကောင်မလေးအမေရဲ့ တံတောင့်ဆစ်မှာ သေရာပါအမှတ်ကြီး ဖြစ်ကျန်ခဲ့တယ်။ အမာရွတ်ဆိုတာက ဟိုးအရင်တစ်ချိန်တုန်းက ပြင်းပြင်းထန်ထန် နာကျင်ခံစားခဲ့ရတယ်ဆိုတာရဲ့ အမှတ်အသားပဲ။ 
မိန်းမလုပ်တဲ့သူရဲ့ညီမက သူ့တုန်းကဝတ်ခဲ့တဲ့ ဗိုက်ဖုံးအကျ အဟောင်းတွေကို ပေးတယ်။ အိုဂျီနဲ့လည်း လိုက်အပ်ပေးတယ်။ အိုဂျီက သူ့ခေတ်သူ့အခါတုန်းက နာမည်ကြီးအိုဂျီပဲ။ ဒီလိုနဲ့ပဲ ကောင်မလေးကို မွေးတယ်။ GEC မှာတန်းစီပါ ဆိုတဲ့ခေတ် လင်မယားနှစ်ယောက် တစ်ယောက်ကို လက်တိုဂျင်တစ်ဘူးစီရတယ်။ အိမ်ထောင်သည် ဆန်ဆယ့်လေးပြည်နဲ့ နှစ်ယောက်စာ နှစ်ဆယ့်ရှစ်ပြည်ရတယ်။ ကောင်မလေးကိုမွေးတော့ သူ့အမေလုပ်သူက တော်တော်အသက်ကြီးနေပြီ။ သုံးဆယ့်ရှစ်နှစ်ကျော်နေပြီ။ အဲဒီတော့  နို့ကကောင်းကောင်း မထွက်တော့ဘူး။  နို့မထွက်တော့ ဝအောင်လည်း တိုက်လို့မရသလို ကလေးကလည်း အားစိုက်စို့ရလို့ သိပ်မစို့ချင်ဘူး။
နောက်ခွင့်ရက်ကလည်း လေးဆယ့်ငါးရက်ပဲရတာ။  ပြီးတာနဲ့  ရုံးဆက်တက်ရရော။ ဒီလိုနဲ့ သူ့အဓိက အဟာရက နို့ဘူးဖြစ်လာတယ်။ ကောင်မလေးက နို့ဘူးအရမ်းကြိုက်တယ်။ နို့ဘူးမှနို့ဘူးပဲ။ အလုပ်ကရတဲ့ လက်တိုဂျင်နှစ်ဘူးက မလောက်တော့ဘူး။ နွားနီကူလာရတယ်။ နောက်ပိုင်းကြတော့  နွားနီတောင်မှ ကောင်းကောင်းမလောက်ချင်တော့ဘူး။
အဲဒါနဲ့ပဲ ကောင်မလေးအဖွားရဲ့ ရွှေဉာဏ်တော်စူးရောက်ပြီးတော့ အကြံပေးချက်အရ နို့ဘူးဖျော်နည်း နိသဿသရည်းထဲက recipe ထဲမှာ သကြားနည်းနည်းဆိုတာက နေရာဝင်ယူလာတယ်။ ဒါတောင်မှ  လတစ်လရဲ့နှစ်ဆယ့်သုံး နားကပ်လာရင်  နွားနီတောင် နပ်မမှန်ချင်တော့ဘူး။
ဒီတော့လည်း နို့မှုန့်ဖိုး ပြတ်သောမခက်လော၊ ဤနည်းသိလျှင် မလွယ်လောပေါ့။အိမ်နားက အိမ်ဆိုင်လေးတွေမှာ ကလေးတွေ အပျင်းပြေစားဖို့ဆိုပြီးတော့ ထုတ်ထားတဲ့ တစ်ကျပ်တန်၊ နှစ်ကျပ်တန် နို့မှုန့်အထုတ်ကလေးတွေကို ရေနွေးထဲထည့်ဖျော်၊ ပူနေသေးလားလို့ လက်ဖမိုးပေါ် အစက်ချပြီးစမ်းကြည့် အေးပြီဆိုတာနဲ့ ကလေးပါးစပ်ထဲ ထိုးထည့်လိုက် အငိုတိတ်ကရောပဲ။ 
တစ်ခါကတော့ ရောင်းတဲ့သူကပဲ မှားပေးလိုက်တာလားမသိဘူး။ နို့မှုန့်ဆိုပြီးဝယ်လာလိုက်တာ ရေနွေးနဲ့ရောပြီး ဖျော်ကြည့်လိုက်ရော ပဲမှုန့်ဆန်မှုန့်တွေလိုမျိုး ပျစ်ခဲခဲကြီးဖြစ်သွားတယ်။ ဒါပေမယ့် ဘာပဲပြောပြော ညညတွေဆိုရင် ကလေးငိုသံရဲ့နောက်မှာ ကတောက်ကတောက်ဆိုတဲ့ အသံပါလိုက်လာနေကြ ဖြစ်နေပြီ။ သူတို့အိမ်ထဲကို ဝင်လိုက်ရင် ဝိုင်အိုလက်အနံ ကလေးက သင်းနေတတ်တယ်။ 
အခုအချိန်အထိ အဲဒီတုန်းက ဗူးခွံအဟောင်းလေးကို အရောင်တင်မှုန့်ထည့်တဲ့ဘူး လုပ်ထားလို့ ကြောင်အိမ်ထဲမှာ သွားကြည့်ရင်တောင် တွေ့ရဦးမှာ။ ကောင်မလေး နည်းနည်းကြီးလာတော့ ကုလားပဲမှုန့်ရယ်၊ ဆန်မှုန့်ရယ်ကို စက်မှာသွားကြိတ် ပြီးတော့ ရေနွေးနဲ့ ဖျော်ပြီးကျွေးတယ်။ ဘာကလေးအဟာရမှုန့်မှ မလိုဘူး။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးထဲဆိုတာက ဆောင်ပုဒ်လေ။ ဆောင်ပုဒ်တွေနဲ့ လက်တွေ့ကြ တကယ်တမ်း အလုပ်မဖြစ်ဘူး။
နောက်သိပ်မကြာဘူး ကောင်မလေးအမေ ရုံးစတတ်တော့ ကောင်မလေးကို အိမ်နားက ကလေးထိန်းတဲ့အိမ်မှာ သွားပို့ထားလိုက်ရတယ်။ ကလေးထိန်းခက တစ်လကိုလစာအပြင်  ရုံးကရတဲ့ ဆီငါးဆယ်သားနဲ  ရွှေဝါဆပ်ပြာနှစ်တောင့် အဆစ်ပေးရသေးတယ်။ 
ဒီလိုနဲ့ပဲ ခြောက်လခုနှစ်လောက်ရှိလာတော့ ကလေးထိန်းတဲ့အိမ်ကသူတွေက ဝိုင်းပြောကြတယ်။ သူများကလေးတွေ ခေါင်းထောင်တဲ့အရွယ်ရောက်နေပြီ ဒီကလေးမလေးက အခုအထိ ခေါင်းမထောင်သေးပါလား ဆိုပြီးတော့။ ဒါပေမယ့် သိပ်တော့စိတ်မပူမိဘူး ခုလောလောဆယ်မှာက ခေါင်းထောင်တာ မထောင်တာ ဆိုတာထက် အရေးကြီးတာတွေအများကြီးရှိတယ်။
သူတို့တွေ ထမင်းစားကြတော့ ဆန်က ရုံးကနေပေးတယ်။ ရုံးကရတဲ့ဆန်ကို ကောင်မလေးအဖေက ထုတ်ထားပြီးတော့ ယောက္ခမတွေအိမ်မှာ ခဏသွားထား၊ စနေတနင်္ဂနွေကျမှ အိမ်ပြန်သယ်တယ်။ သူတစ်ယောက်တည်း အဲ့ဒီဆန်နှစ်ဆယ့်ရှစ်ပြည်ကိုထမ်းပြီး ဘတ်စ်ကားနဲ့  အိမ်ကိုသယ်တယ်။ အိမ်ပြန်ရောက်ရင် သူ့မိန်းမက ပလတ်စတစ်ကြီးကိုခင်း စကောနှစ်ချပ်၊ စကာတစ်ချပ်ကိုချ၊ မျက်နှာမှာနင်ဂျာတွေလို အဝတ်နဲ့စီးပြီး ဆန်ပြာတော့တာပဲ။ 
အဲ့ဒီဧည့်မထဆန်ကို တစ်ခါတစ်လေ အဝါရောင်မြက်သီးလေးတွေနဲ  တူတူရော ပြီးတော့စားတယ်။ ထွက်လာတဲ့ဆန်ကွဲကိုတော့ လမ်းတကာလှည့်ပြီး ဆန်ကွဲဝယ်တဲ့သူတွေကို ပြန်ရောင်းတတ်တယ်။ အဲဒီဆန်ကွဲဝယ်တဲ့သူတွေက အရမ်းသနားဖို ကောင်းတယ်။ အိမ်ကထွက်လာတုန်းက ပေါ့ပေါ့ပါးပါးနဲ့  နောက်တော့တဖြည်းဖြည်း ဇက်ကျိုးမတတ်လေးတဲ့အိတ်ကြီးကို တစ်လမ်းဝင်တစ်လမ်းထွက် ရွက်ပြီးသွားရတယ်။ ဖွဲပြာရောင်းတဲ့သူတွေကတော့ ကောင်းတယ်ဆိုမလား။ ထွက်လာတုန်းကသာ တောင်းကြီးအကြီးကြီးနဲ့အပြည့်  တစ်နေကုန်လည်း ရောင်းလိုက်ရော တဖြည်းဖြည်းလျော့သွားရော။
တစ်ခါတစ်လေကြတော့လည်း သူတို အကြော်ဝယ်နေကြ အကြော်ဆိုင်မှာ ကိုယ်တိုင်သွားပြီး ဆန်ကွဲကို ပြန်ရောင်းတယ်။ သယ်ရတာတော့ ပင်ပန်းပေမယ့် ပိုက်ဆံနည်းနည်းပိုရတယ်။  သူတို့ဝယ်နေ ကြ အကြော်ဆိုင်လို့သာပြောရတယ် သူတို့ကအကြော်ကို ဝယ်တယ်၊ မဝယ်ဘူး ပြောဖို့ နည်းနည်းခက်တယ်။ 
သူတို့အကြော်ဝယ်တဲ့ပုံစံက အကြော်ကိုဝယ်တာ မဟုတ်ဘူး။ အကြော်ကြော်ရင်း ပဲ့ပဲ့ထွက်သွားတဲ့ မုန့်နှစ်ကလေးတွေကို ကြော်တဲ့သူက တူးသွားမှာစိုးလို  ဆယ်ပြီးပုံထားတာကို ပြန်ဝယ်တာ။ အဲဒီအကြော်အကြေလေးတွေနဲ့  ထမင်းကို အချဉ်ရည်နဲ လူးပြီးစားတယ်။ အရင် လင်မယားနှစ်ယောက်ထဲရှိတုန်းက ရုံးကဆန်ကို ပြန်ရောင်းပြီး ဆန်ကောင်းဆိုရုံဆန်မျိုး ဝယ်စားလေ့စားထရှိပေမယ့် အခုကြတော့  ရုံးထမင်းဘူးကလွဲလို  အိမ်မှာရုံးဆန်ပဲစားရတယ်။ သူတို့ကအဲဒါကို နန်းတော်ထဲက ပုစွန်တုပ်ကြီးလို့ခေါ်ကြတယ်။
ကောင်မလေးအမေမှာက ရင်ကျပ်တဲ့ရောဂါရှိတယ်။ တစ်ခါတစ်လေ အေးတဲ့ရာသီတွေဆိုရင် ဂက်စ်ဘူးလေး ထုတ်ထုတ်ပြီး ရှုရတတ်တယ်။ မျိုးရိုးလိုက်တာလား ဘာလားတော့မသိဘူး ကောင်မလေးမှာပါ အဲဒီရောဂါက ပါလာတယ်။ သူကလေးကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့  ရင်ကျပ်တတ်တယ်။ အဲဒီလိုမျိုးရင်ကျပ်လာရင် တခြားကလေးတွေဆို ခေါင်းထောင်ပြီး ဟပ်ထုတ်လိုက်ရလို  နည်းနည်းသက်သာ သယောင်ယောင်ရှိပေမယ့် သူ့အတွက်ကတော့ မလွယ်လှဘူး။
 အဲ့ဒီလို ဆရာဝန်တကာနဲ့  စုံအောင်ပြပြီးတော့ မသက်သာတာနဲ့ အဲဒီခေတ်အခါက နာမည်ကြီး ချော်တွင်းကုန်းက ကလေးအထူးကုဆရာဝန် တစ်ယောက်နဲ့ ပြောင်းပြကြည့်တော့ အဲဒီဆရာဝန်ပြောတာက ကောင်မလေးကို မွေးတုန်းက ညှပ်ဆွဲပြီးမွေးလိုက်တာ အာရုံကြောထိသွားပြီး ဒီတစ်သက် မစွမ်းမသန်ဘဝနဲ့ပဲ နေသွားရတော့မယ်ဆိုတာပဲ။ 
ဒီတော့ ကလေးမလေး အဖေနဲ့အမေက အင်္ဂလိပ်ဆေးနဲ့ကုလို မရရင် ဗမာဆေးနဲ့ကုမယ်ဆိုပြီး ဆေးဆရာပေါင်းများစွာနဲ့ဆေးကု၊ ဗေဒင်ဆရာပေါင်းများစွာနဲ  ယတြာတွေချေ၊ အရှေ့တိုင်းရော၊ အနောက်တိုင်းရော ဗိန္ဓောရိုးရာဆေးမှီးတိုပါမကျန် နည်းမျိုးစုံနဲ့ ကြိုးစားပြီးကုခဲ့ကြတယ်။ဟိုး…ကျောက်ပန်းတောင်းလို နေရာမျိုးတွေအထိတောင် ဘာရောဂါ ညာရောဂါ ကုတာကောင်းတယ်ဆိုလို့ သတင်းကြရင်တောင် ရောက်ခဲ့တယ်။
သူ့ကို ဆေးကုပေးနိုင်ဖို့ အတွက်လည်း ရှိတဲ့လက်ဝတ်လက်စားတွေကို အကုန်ရောင်းစရာရှိတာရောင်း ပေါင်စရာရှိတာပေါင်နဲ့ လုပ်လိုက်တာ အားလုံးကုန်တော့မယ်။ နောက်ဆုံးကျန်တဲ့ နားကပ်ကလေးတောင် အပေါင်ဆိုင်ပို့ထားလို့ နားပေါက်ဟောင်းလောင်းနဲ့ မနေတတ်တာနဲ့ အတုလေးတစ်ရံဝယ်ပန်ထားရတယ်။ အဲဒီနားကပ်အတုလေးကလည်း ရေချိုးရင်းနဲ့  အရောင်တွေ မှိန်မှိန်သွားတတ်လို့ ခဏခဏအသစ်ဝယ်ပြီး ပြောင်းတတ်နေရတယ်။ 
ကလေးဆေးရုံကို သုံးကြိမ်မြောက်တတ်တော့ သူ့ကိုချက်ချင်းပဲ အရေးပေါ်အခန်းထဲသွင်းပြီး ချွဲစုတ်စက်နဲ့  ချွဲတွေစုတ်ထုတ်နေရတယ်။ ကလေးသေးသေးလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပိုက်တွေတန်းလန်းနဲ့  ရှိနေတာ မြင်လို့တောင်မကောင်းဘူး။ အဲဒီနေ့က သူ့ကိုမွေးတဲ့နေ့ ဗုဒ္ဓဟူးနေကြီး။ သူ့အဖေက ဘုရားကို သူ့အတွက် ယတြာချေပေးဖို့  မနက်ထဲက ထွက်သွားတယ်။ ကလေးမလေးကို ဒီတစ်ခေါက် ဆေးရုံတင်တဲ့နေ့က သူ့အဖေက အလုပ်ကအပြန် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်းနဲ့  အမေလုပ်တဲ့သူကို လှမ်းပြောမိသေးတယ်။ ဒီနေ့ သူ့စိတ်တွေ အရမ်းလေးနေတယ်လို့။ 

အိမ်ရောက်ပြီး ကလေးထိန်းတဲ့အိမ်ကနေ သွားခေါ်တော့ ကောင်မလေးကိုကြည့်ပေးတဲ့ တူးတူးက ဆီးပြောတော့တာပဲ။ ကလေးမလေး နေမကောင်းဘူးလို့။ ဒီလိုနဲ့ပဲ ညကြတော့ ကောင်မလေးကို ဆေးရုံတင်လိုက်ကြရရော။ သူ့အဖေအပြင်သွားနေတုန်း ကလေးမလေးကို သူ့အမေက စောင့်ကြည့်နေတယ်။ တစ်စုံတစ်ယောက်လို့ ပြောလို့မရတောင် တစ်စုံတစ်ခုကလည်း စောင့်ကြည့်ကောင်းကြည့်နေမယ်။ သူ့အဖေပြန်လာတဲ့အထိ ကောင်မလေးက စောင့်မနေခဲ့ဘူး။  ခပ်လှမ်းလှမ်း တစ်နေရာကို ထွက်ခွာသွားနှင့်ပြီ။

အဲဒီတော့ သွားတဲ့သူကသွားနှင့်ပြီ။ ကျန်တဲ့သူတွေက ဘာဆက်လုပ်မလဲ။ အနည်းဆုံး ဈာပနပွဲတစ်ခုတော့ လုပ်ရတော့မယ်။ ဘယ်မလဲပိုက်ဆံ။ ရှင်သန်မှုမရှိတဲ့သူတစ်ယောက်အတွက် အလကားသက်သက် ငွေကုန်ကြေးကြခံမလား၊ ကိုယ်ချစ်တဲ့ မိသားစုဝင်တစ်ယောက်ရဲ့ နောက်ဆုံးခရီးကို ဂုဏ်သိက္ခာရှိရှိ နှုတ်ဆက်ကြမလား။ သိက္ခာဟာ တကယ်တမ်းကြတော့ ရိက္ခာကိုမယှဉ်နိုင်ခဲ့ဘူးလေ။
 ဒီတော့ ဘယ်လိုလုပ်မလဲ။ အနှီးလေးနဲ့ ပတ်လိုက်တယ်။ ဆေးရုံခတွေထဲက တစ်ချို့   ကိုရှင်းပေးလိုက်တယ်။ စရိတ်မျှပေးမို့လို့  သက်သာသယောင်ယောင်ရှိပေမယ့် ကုန်တာကတော့ ကုန်တာပဲလေ။ ကလေးမလေး အလောင်းကိုတော့ နောက်မှပဲပြန်လာရွေးမလိုလိုနဲ့  ဆေးရုံမှာ ဒီအတိုင်းပဲ ထားခဲ့လိုက်ရတယ်။ ကြွေးတင်ရင် ရှင်ဘုရင်ဆပ်မှာပေါ့။ဒါကဆိုရိုး လက်တွေ့ကျတော့……….။
 သူတို့လင်မယားနှစ်ယောက် ငိုပြီးမျက်ရည်တွေနဲ့  ပြန်လာခဲ့တယ်။ ဗုဒဿဓဘာသာထုံးစံအတိုင်း သပိတ်တွေ ဘာတွေသွပ်တယ်။ နောက်တော့ သူတို့အခန်းကျဉ်းလေးရဲ့နံရံမှာ စာတန်းတစ်ခုကို ကောင်မလေးအမေက ရေးထားတယ်။ “သမီးသေတာကို သတိရနေပါ”တဲ့။ ဒါပေမယ့် ဒါကလည်းပဲ ဆိုလိုသည့်အဓိပ္ပာယ်ရောက်အောင် စနစ်တကျစီစဉ်ထားသော စာသားပုဒ်အစုအပေါင်းတစ်ခု မျှသာပဲ။ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေဆိုတာကတော့ ပိုထင်ရှားတယ်။ 
နောက်ဆုံးမှာတော့ ဩော်….. မစွမ်းမသန်ဘဝနဲ့ ကောင်မလေးတစ်ယောက် အရွယ်ရလာရင် သူတစ်ယောက် ဒုက္ခရောက်နေမှာ၊ သူ့အတွက်နဲ့ ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကြရမှာနဲ့  ယှဉ်လိုက်ရင် အခုလိုသူ့စရိတ်သူစားသွားတာကပဲ ခပ်ကောင်းကောင်းရယ်လို ဖြေတွေးလေးတွေးလိုက် ကြတော့တာပါပဲ။
နာဖျားနေတဲ့ ရန်ကုန်ရဲ့ ချောင်ကျကျတစ်နေရာက သာမရိုးကျ ဝန်ထမ်းမိသားစုလေးရဲ့ ဗလာနတ္ထိဘဝထဲကို ဗုဒ္ဓဟူးကောင်မလေးတစ်ယောက် ဒုက္ခဝေဒနာတွေနဲ့ အမှတ်တမဲ့ ရောက်လာပြီး ခဏတာနားခို ထွက်ခွာသွားခဲ့ပေမယ့်လည်း အမှတ်တရတွေများစွာနဲ့ပဲ ကျန်ရစ်ခဲ့ကြတဲ့ ကြေကွဲဖွယ် ဈာပနပွဲလေးတစ်ခု တိုးတိတ်စွာနဲ့ ပြီးဆုံးခဲ့ရပါတော့တယ်။

“ဗုဒ္ဓဟူးကောင်မလေး


မဖိတ်ခေါ်ပေမယ့်လည်း
ရှေးရေစက်ရယ်ကြောင့် ရောက်လို့လာ
ဆယ်ပေပတ်လည် ထောင့်ကျဉ်းထဲက
ရှုပ်ရှက်ခတ် ဗျာပါဒနဲ့
ရုန်းရင်းဆန်ခတ်ကြား
မရှိလို့သာ ဝန်ထမ်းရတယ်
ကိုယ်တာဆန် နှစ်ဆယ့်ရှစ်ပြည်စား
လူသားနှစ်ယောက်ရဲ့ကြား
ဗုဒ္ဓဟူးနံ ကောင်မလေး
သောက်ပလုပ်တုပ်နဲ့ ရောက်ရှိလို့လာ။
GEC တန်းဆီတဲ့ခေတ်မှာလ
ခွဲတမ်းရ လက်တိုဂျင်နှစ်ဘူးရယ်နဲ့
နို့သက်တဲ့ အမေ့နို့မဝနိုင်လွန်းတာမို့
တရုပ်ပြည်က နွားနီကိုကူရတယ်
သူ့မရဲ့အစ။
ခြောက်လသာ ကျော်လို့ရယ်လာ
တိုးတက်မှု ရိပ်အခြေက
သာမရိုးကျ ကလေးတစ်ယောက်လိုပ
ဇီရိုးသာ ထူးမခြားတော့တယ်
သူ့မရဲ့ ကြမ္မာ။
အရှေ့တိုင်း အနောက်တိုင်း
ဗိန္ဓော ရိုးရာ ဆေးမှီးတိုပါမကျန်
ယတြာပါမလစ် အကြံပေးသမျှ
ကျောက်ပတောင်းတောင်
ချောင်းပေါက်အောင် သွားကုသတယ်
သူမ ဝေဒနာ။
သူ့အရွယ် လူမမယ်နဲ့မမျှ
ဆိုးလိုက်တဲ့ ချွဲသလိပ်ရယ်
ခန္ဓာကိုယ် သေးသေးရယ်မှ
များလိုက်တဲ့ အပ်စိုက်ရာတွေ
နာကျင်တာ ပြန်ကာမပြောနိုင်ပေတော့
ကလယ်ကလယ် မျက်လုံးငယ်ငယ်နဲ့
မျက်ရေစို့ ဝဲကာကြည့်လိုက်တယ်
သူ့မိဘ မျက်နှာ။
ဘယ်ကြမ္မာ ဘယ်ဝဋ်ကျွေးရယ်ကြောင့်
လူ့ပြည်ရွာ ခဏတာလူလာဖြစ်ရတယ်
အချိန်တို တစ်ဘဝလေးတောင်မှ
ညီမလေးရယ်……. ဆိုးရလေခြင်း။
(ချမ်းဧအိမ်)

 
ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ

>

“ဒိုင်း
ဆိုသော သေနတ်သံသည် အရှေ့ဘက်တောင်တန်း တစ်လျှောက်သို့ ဝေါကနဲ ပဲ့တင်ရိုက်ခတ်သွားလေ၏။ အိမ်သားတို့မှာ တစ်ပြိုင်နက် လက်ဝါးဖြင့် မျက်နှာကိုအုပ်ထားလိုက် ကြသည်။ ပြန်၍မရဲတရဲဖွင့်ကြည့်လိုက်ကြသောအခါတွင် အဖေသည် သူ၏ လက်ထဲမှသေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှစိုက်ကြည့်ကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး တပွက်ပွက် ယိုစီးထွက်ကျ လျက်ရှိသောသွေးအိုင်ထဲတွင် တုံးလုံးကလေး လဲနေရှာသည့် “တာတီး” ကို ယူကျုံးမရ နှမြောတသစွာ ငေးစိုက်ကြည့်ရင်း မရှူနိုင် မကယ်နိုင်ဖြစ်နေဟန်တူ၏။ ထို့နောက် တာတီးလဲနေရာသို့ ပြေးသွားပြီး အနီးတွင် ဒူးထောက်၍ ထိုင် ကာတာတီး၏ ပူပူနွေးနွေးပျော့ခွေ လျက် ရှိသော ကိုယ်ကလေးကို တအားပွေ့ယူလျက်မျက်နှာချင်း အပ်ထားလိုက်ကြသည်။
ထိုစဉ်က အဖေ ငိုသည် မငိုသည်ကို သေချာမသိခဲ့သော်လည်း ဖားဖိုကြီးလို ပိန်ချည်ဖောင်းချည် ဖြစ်နေသော အဖေ့ကျောပြင်ကြီးကိုတော့ နောက်ဘက်မှ အတိုင်းသား မြင်ခဲ့ရသည်။ လူတိုင်းပင် ကျောက်ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီးရပ်ကာ ကြောင်တောင်ငေးနေကြသည်။ အကျိုးအကြောင်း စုံစမ်းမေးမြန်းရန် အပြေးအလွှား ရောက်လာကြသည့် အိမ်နီးချင်းများပင်လျှင် အဖေနှင့် တာတီးတို့ အဖြစ်ကို မြင်ကြသောအခါ အံ့သြမိန်းမော ကုန်ကြ၏။
ဤသို့ အားလုံး ငြိမ်သက်တိတ်ဆိတ်လျက်ရှိရာမှ အတန်ကြာသော် အဖေသည် တာတီး၏ သွေးများဖြင့် ပေကျံလျက်ရှိသော မျက်နှာကြီးကို မော့ကာ နားထင်ကြောများ ပြိုင်းပြိုင်းထအောင် အံကိုခဲထားရာမှ ရင်ဝတွင် ဆို့တက်နေသည့် အပူလုံးကို
“ဂလု”
ကနဲ မျိုချရင်း အမေ့အား……
“မရီ…… သူ့ကို ငါဟိုတစ်နေ့က ဝယ်ခဲ့တဲ့ သက္ကလပ်စောင်နဲ့ ထွေးပြီး ခေါင်းရင်းက ယုဇနပင်အောက်မှာ ကျကျနနမြုပ်ပစ်လိုက်၊ သူနဲ့ဆိုင်တဲ့ပစ္စည်းမှန်သမျှ အကုန်ထည့်၊ သူစားနေကျ ထမင်းဇလုံလေးကိုတော့ သူ့မြေပုံပေါ်မှာ မှောက်ထား၊ ငါမပြန်လာခင် အစအန မကျန်အောင်လုပ်ထားနှင့်…..၊ ကြားရဲ့လား”
အမေက မျက်ရည်များကြားမှ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားသောအဖေ့ကို ကရုဏာသက်စွာ ငေးကြည့်ရင်း ခေါင်းကို ဖြေးလေးစွာ ခါလိုက်လေ၏။
အင်္ဂလိပ် အုပ်စိုးစဉ်က အမေရိကန် သာသနာပြုကျောင်းတွင် ကျောင်းအုပ်အဖြစ် တစ်လ သုံးရာမျှသော လခကိုစားရသည့် အဖေ့မှာ သားမယားကို လူတန်းစေ့ တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည်။ သားသမီးများကို ချစ်သည် မှန်သော်လည်း ဘယ်သောအခါမှ လက်ပွန်းတတီး ရင်းရင်းနှီးနှီးမနေ၊ တည်တည်ပင် ဆက်ဆံ၍ ကျွေးစရာရှိ ကျွေး၊ ဆော်စရာရှိ ဆော်ခဲ့သည်ဖြစ်ရာ အဖေ့ကို ချစ်ကြောက်ရိုသေခဲ့ကြသည်။
ကျောင်းသား တပည့်များကလည်း ထိုနည်းတူစွာပင်…….
သို့သော် တာတီးနှင့်ကျတော့ အဖေ့မှာ ဈန်လျှောရလေ၏။ မိမိသိက္ခာကို ပင်မဆည်နိုင်အောင် တာတီးကိုချော့ရ မြူရ ယုယပိုက်ထွေး ခဲ့ရလေသည်။ တစ်ခါတရံ အမေက အဖေ့အား ကိုယ်သားသမီးများထက် တာတီင်္းကိုပို၍ ချစ်သည်ဟု ရန်တွေ့ပြီး စွဲချက်တင်သောအခါ အဖေက နှစ်ခြိုက်စွာပြုံး၍
“မင်းမလဲကွာ….. တိုစရာမရှိတိုရန်ကော ဒို့ကလေးတွေမှာက ချစ်ခင်ယုယမယ့် ဆွေမျိုးသားချင်း အပြည့်အစုံနဲ့ကွ တာတီးမှာတော့ ဒီလို မေတ္တာရိပ် ခိုလှုံစရာရှိတာမဟုတ်တော့ ပိုပြီး သနားရတယ် ကြင်နာရတယ်ကွ…… မှတ်ထား”
အဖေ့၌ မည်သူကမှ တားမြစ်ဆုံးမလို့ မရသော ဝါသနာဆိုး တစ်ခုရှိသည်။ ၎င်းမှာ အချိန်အားရှိတိုင်း တောတက် အမဲလိုက်နေခြင်းပေတည်း။ နွေရာသီကျောင်း ရက်ရှည်ပိတ်သောအခါ အဖေသည် အိမ်၌ အေးအေးလူလူ နားနေသည်ဟူ၍မရှိ။ သူ့အပေါင်းအဖော်များနှင့် တစ်တောဝင် တစ်တောထွက် အမဲလိုက်ရင်း အချိန်ကုန်ခဲ့သည်ချည်းပင်။ အိမ်သို့ ပြန်ရောက်သောအခါ ရလာသမျှ ဂျီင်္သား၊ ဆတ်သား အခြောက်များ၊ တိရိစ္ဆာန် သားရေများ၊ ဦးချိုများကို တစ်ခုစီ ထုတ်ပြရင်း ဘယ်ဥစ္စာကဖြင့် ဘယ်လို ရခဲ့တာပဲ …စသည့်ဖြင့် သူလက်ရာကို ဝင့်ကြွားစွာ မြိန်ရေရှက်ရေ ပြန်လည် ပြောပြ တက်ပေသည်။ တစ်ခါတစ်ရံ ယုန်၊ ကြက်တူရွေး၊ ဇီးကွက်စသော အကောင်ကလေးများကို အရှင်ဖမ်းခဲ့ပြီး သားသမီး ကစားရန်အလိုငှာ ယူဆောင်ခဲ့တက်သေးသည်။ မှတ်မိပါသေးသည်။ တောမှပြန်ရောက်စ တစ်ခါက သားသမီးများ စုရုံးစေပြီး အိတ်တစ်ခုကို မလျက် အတွင်းမှ လှုပ်နေသော သဏ္ဍန်ကို ပြကာ…..
“အထဲမှာ ဘာကောင် ရှိသလဲ ပြောကြစမ်း”
မချိုမချဉ် မျက်နှာပေးဖြင့်မေးရာ မည်သူမျှမှန်အောင် မဖြေနိုင်သောအခါမှ အထုတ်ကိုဖြေပြရာ ဆောင့်ကြောင့်ထိုင်လျက်ရှိသော မျောက်မကလေး တစ်ကောင်ကို ဘွားကနဲ တွေ့ကြရလေ၏။ ထို့နောက် ၎င်းမျောက်မကလေးကို ဘယ်ပုံရခဲ့ကြောင်း ရာဇဝင်ခင်းပြရာ မောင်နှမတစ်တွေမှာ တသောသောရယ်ရင်း မျောက်နှင့် လူအသွင်ချင်းတူ၍ နီးစပ်ပုံကို ရင်သပ်အံ့သြ ခဲ့ကြရသည်။ မဲတူ(မျောက်မကလေးကို ပေးထားသော နာမည်) ရခဲ့ပုံကို အလျဉ်းသင့်၍ အနည်းငယ်ဖော်ပြပါရစေ။
အဖေတို့ လူသိုက်မှာ ထိုနေ့က ကျားပစ်ရန်ထွက်ခဲ့ကြရာ နေပြောက်ထိုးမဝင်အောင် အုံ့ဆိုင်းညှို့မှိုင်းနေသော တောစပ်သို့ရောက်၍ ခေတ္တ အပန်းဖြေကြစဉ် သစ်ကိုင်းများပေါ်တွင် မရေတွက်နိုင်အောင် များပြားသော မျောက်တစ်အုပ်ကို တွေ့ရသည်ဆို၏။ သို့သော် ကျားနှင့် မတွေ့မှီ သေနတ်သံ မပေးလို၍ မျောက်များကို ပစ်ခတ်ခြင်း မပြုကြပေ။ အဖေတို့ ရှေ့တူရှုး သစ်ကိုင်းကြီးတစ်ခုပေါ်၌ မျောက်ထီး၊ မျောက်မနှင့် မျောက်ကလေးသုံးကောင်မှာ တစ်ဘက်အပင်မှ သစ်ကိုင်းကို ခုန်ကူးရန်စီစဉ်နေကြ၏။ မိခင်လုပ်သူက မျောက်ငယ်ကို ကျောပိုးထားလိုက်ပြီး မျောက်ထီးကြီးကအရင် လွှဲ၍ကူးသွားသည်။ ထို့နောက် ဟိုဘက်ကိုင်းမှ လှမ်း၍ မျောက်မအား ကူးခဲ့ရန်
“ကွိကွိ ကွကွ”
နှင့်ခေါ်ငင်လေရာ မျောက်မသည် ကျောပေါ်မှ သားငယ်ကို မြဲမမြဲစမ်းသက်ပြီး ကိုယ်ကိုလွှဲ၍ ကူးလိုက်ရာ “ဟယ်” ဆိုသော အဖေတို့၏ အသံတွေနှင့်“ဖုတ်”ကနဲ မျောက်ငယ်မှာ မြေပေါ်သို့ ကျလာလေတော့သည်။ ထိုအချင်းအရာကိုမြင်သော မျောက်ထီးကြီးမှာ ဒေါသ ကြီးစွာဖြစ်၍ သစ်ခက်တစ်ခုကို ချိုးတဲ့ကာ မျောက်မအား သားလွတ်ကျရပါ့မလားဟု တဖုန်းဖုန်းရိုက်တော့သည်။ အဖေတို့လည်း ငိုအားထက် ရယ်အားသန်ကြကာ မိမိတို့ ရှိနေလျှင် ၎င်းတို့သားငယ်ကို ဆင်း၍ မကောက်ဝံ့ဘဲ နေမည်စိုး၍ ထိုနေရာမှ ဖဲခွာခဲ့ကြသည်ဆို၏။
သို့ရာတွင် အဖေတို့မှာထိုနေ့အဖို့ ကျားမတွေ့ရဘဲ ညနေစောင်းပြန်ခဲ့ကြသော် ထိုသစ်ပင်အောက်တွင် တကျီကျီအော်ဟစ်နေသည့် မျောက်ငယ်ကို ထီးထီးတွေ့ရ၏။ (လက်မမြဲ၍ မြေသို့ကျရသော မျောက်ကို ညံ့ရကောင်းလား၊ မျောက်မပီသဟု မျောက်အုပ်က ထပ်မံလက်မခံတော့ဘဲ ဝိုင်းပယ်လေ့ရှိသည်ဟု ကြားဖူးသည်။)
ထိုနောက်တော့ အဖေက အနှီဒုက္ခိတ မျောက်မငယ်လေးအား သနားဂရုဏာသက်၍ အိမ်သို့ ထုပ်ပိုးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မဲတူသည် အမည်နှင့်လိုက်အောင် အကျည်းတန်သည်။ သို့သော် သူ့တွင် ချစ်စရာ ကောင်းသော အပြုအမူများစွာရှိ၏။ သူသည် တက်သိစ အရွယ်ကပင် လူနှင့်အတူ ကြီးပြင်းခဲ့ရသည်ဖြစ်ရာ လူကလေး တစ်ယောက်နှင့်ပင် တူသေးသည်။ မောင်နှမတွေ ထမင်းဝိုင်းတွင် သူပါဝင် စားရသည်ဖြစ်ရာ သူ့ကိုယ်နှိုက်က ဟင်းမစားဘဲ သက်သက်လွတ် ငှက်ပျောသီး၊ သင်္ဘောသီးတို့နှင့်သာ စားသည်ဖြစ်သော်လည်း အလစ်တွင် အခြားပန်ကန်ထဲမှ ဟင်းတုံးကိုယူ၍ သူ၏ထမင်းအောက်တွင် ဝှက်ထားတက်သည်။ မောင်နှမတစ်တွေမှာ ဟင်းကို အတိုင်းအစနှင့် ဝေပုံကျဖြစ်၍ နောက်ထပ်မရသဖြင့် ပထမဦးဆုံး မဲတူ၏ ဓာတ်မသိခင်က တစ်ယောက်ဟာ တစ်ယောက်ဘုံးသည်ဟု ရန်ဖြစ်လိုက်ရသည်မှာ အမော၊ မဲတူကပြန်ပေးမှ ရယ်အားသန် ကြရသည်။
မဲတူသည် အင်မတန်လူပါးဝ၏။ အဖေကျောင်းသွားခါနီးတိုင်း ကိုင်နေကျ တုတ်ကောက်ကို ယူပေးကာ လောကဝတ်ပြုတက်သေးသည်။ မောင်နှမတစ်တွေ၏ခေါင်းကို သန်းရှာပေးရန် ဝါသနာပြင်းထန်လှပြီး ငြိမ်ငြိမ်မခဲလျှင် လူကြီးမိဘသဖွယ် ခေါင်းခေါက်တက်သေး၏။ အဖေက စိတ်ဆိုး၍ ကြိမ်းမောင်းဆူပူသောအခါ တံခါးကြား ထဲတွင် ဖင်ဘူးတောင်း ထောင်၍ ပုန်းအောင်းလေ့ရှိ၏။ နောင်အသက်အရွယ် ကြီးရင့်လာသောအခါတွင် မဲတူသည် ပန်းနာရောဂါဖြင့် ကွယ်လွန်ရှာ၏။ သူ့ပန်းနာမှာ ဝမ်းတွင်းပါဖြစ်၍ သူ့မိခင်ကျောပေါ်က ပြုတ်ကျဟန်တူပါသည်။ ယင်းသို့ဖြင့် ကျွန်မတို့ အိမ်တွင် မဲတူ၏ ဇာတ်လမ်း ဆုံးခဲ့ပါ၏။
နောက်တစ်ကြိမ်တွင်မူ အဖေတို့သည် သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်သွားသော စိုင်ကြီးတစ်ကောင်နောက် အတင်းထိုးလိုက်ကြရာ မွန်းတည့်အချိန်ခန့်ရောက်လျှင် ကိုင်းတောအစပ်သို့ ရောက်၍ အဖေနှင့် အဖော်သုံးယောက်မှာ ချုံကြီးတစ်ခုအနီးမှဖြတ်၍ ကိုင်းတောထဲသို့ ဝင်မည်ပြုစဉ် ကျားဟိန်းသံကို ချုံထဲမှမမျှော်လင့်ဘဲ ရုတ်တရက်ကြားလိုက်ရသည်။ လူတိုင်းပင် ကြက်သေသေကာ မလှုပ်နိုင် မရှားနိုင်ဘဲ ဤတစ်ချီတော့ ကျားစာဖြစ်ကုန်တော့မည်ဟု တစ်ထစ်ကျမှတ်ယူကြလေ၏။ အခါတိုင်းဆိုလျှင် ဤမျှလောက် နီးကပ်နေသော သားကောင်ကို ကျားက တစ်မဟုတ်ချင်း ခုန်အုပ်လေ့ ရှိသော်လည်း ယခုတော့ ချုံထဲမှ ကျားဟိန်းသံကိုသာ ကြားရ၍ လှုပ်ရှားမှုကိုတော့ မတွေ့ကြရပေ။ ကျားက မလှုပ်ရှား၍ လူက အနည်းငယ် လှုပ်မည်ဟန်ပြင်လျှင် ချုံထဲက ကျားက မာန်ဖီပြန်လေသည်။ ဤသို့ဖြင့် အထဲမလှုပ် အပြင်မလှုပ်ဖြင့် မိနစ် နှစ်ဆယ်မျှကြာလျှင် အဖေတို့က အထဲကရန်သူသည် မလှုပ်ရှားနိုင် လောက်အောင် ဒဏ်ရာရနေသော ကျားနာဖြစ်ရမည်ဟု တွတ်ချက်လာတော့သည်။
ထို့ကြောင့် ၎င်းတို့အချင်းချင်း လက်ဟန်ခြေဟန်ဖြင့် ချုံကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝိုင်းမိအောင် တဖြည်းဖြည်း ရွှေ့သွားကြလေ၏။ မကြာမီ တောင်ဘက်သို့ရောက်နေသော ကရင်မုဆိုးထံမှ ‘ရွှီး ရွှီး ရွှီး’ ဟူသော လေချွန်အချက်ပေးသံကြားရပြီး ကလစ်ကနဲ သေနတ်မောင်းတင်သံနှင့်အတူ `ဒိုင်း´`ဝေါ´`ဝုန်း´ ဟူသည့် သေနတ်ပစ်သံ၊ ကျားအော်သံ၊ လဲပြိုသံကို တစ်ပြိုင်နက်တည်းလိုလို ကြားလိုက်ရသော ကျန်လူများမှာ လျင်မြန်စွာ တောင်ဘက် မုဆိုးရှိရာသို့ ပြေးသွားကြလျှင် မိမိတို့ထင်သလို ကျားကလူကိုခုန်အုပ်သည် မဟုတ်ဘဲ ချုံနှင့်တစ်လျားခုန်ခန့်တွင် နဖူးတည့်တည့် ကျည်ဆန်ပေါက်နှင့် သေရှာပြီဖြစ်သော ကျားမကြီးတစ်ကောင်နှင့် ၎င်းအနီးတွင် အချင်းတန်းလန်းနှင့် ထွေးလုံးရစ်ပတ်နေသော မွေးကာစ ကျားပေါက်ကလေး တစ်ကောင်ကိုတွေ့ရလေ၏။ ထိုအခါမှ ချုံထဲမှ ကျားမှာမွေးလုမွေးဆဲ ကမ္မဇလ လှုပ်ရှားနာကျင်နေ၍ မိမိတို့ကို ရန်မမူနိုင်သည့် အဖြစ်ကို တွေ့ရလေ၏။ အဖေသည် ကျားမကြီးနှင့် ကျားငယ်ကလေးကို တစ်လှည့်စီကြည့်ရင်း မည်သူချွတ်၍မျှ မကျွတ်ခဲ့သော အထုံဝါသနာကို စွန့်လွှတ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည့်အထိ နောင်တကြီးစွာ ဖြစ်ခဲ့ရလေ၏။ သူတို့ပယောဂကြောင့် အမိမဲ့ရှာသော ကျားငယ်ကို အဖေက သနားခြင်းဂရုဏာပြင်းပြစွာဖြစ်၍ ရင်ခွင်ဝယ် ပွေ့ပိုက်ပြီး အိမ်သို့ ယူဆောင်ခဲ့သည်။
ထို့ပြင် ချစ်စနိုး `တာတီး´ ဟုလည်း အမည်ကင်ပွန်းတပ်လိုက်သေး၏။ တာတီးကို ဂလက်ဇို နို့မှုန့်နှင့် တယုတယ ပိုက်ထွေးမွေးမြူခဲ့ရသည်။ နို့ကို နေ့သုံးကြိမ် ညသုံးကြိမ် တိုက်ရာ ညအချိန်တွင် မည်သူမျှ ဤဒုက္ခကို မခံယူလို၍ အဖေကိုယ်တိုင် ဂရုတစိုက် နို့ဖျော်တိုက်လေ၏။ ခါတိုင်းဆိုလျှင် ညစာစားလျှင် အရက်ကို အဝသောက် အစားကို ကျကျနနစားပြီး အိပ်လိုက်ရာ မိုးလင်းမှ တရေးနိုးလေ့ရှိသော အဖေ့မှာ တာတီးကြောင့် အသောက်အစား လျှော့ပေါ့ဆင်ခြင်ရလေ၏။
အဖေ့၏ အလေ့ဆိုးများကို ချွတ်ပေးခဲ့သော တာတီးကို အမေက အလွန်ကျေးဇူးတင်သော်လည်း တစ်ခါတစ်ရံ သူမ၏ သားသမီးများကို မပြုခဲ့သော ယုယခြင်းမျိုးကို အဖေက တာတီးအပေါ်တွင် အစွန်းကုန်ပေးလျက် ရှိသည်ဟု ယူဆလျက် မသက်မသာငြူစူလိုစိတ် ဖြစ်ပေါ်တက်သေးသည်။ ဤသို့ဖြင့် တာတီးကလေးသည် အဖေ့၏ မေတ္တာ ဂရုဏာရိပ်အောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့လေရာ တစ်နေ့ထက်တစ်နေ့ အဖေ့အချစ်မှာလည်းပိုသထက်ပိုခဲ့လေ၏။ အဖေအိမ်သာ တက်လျှင်တောင် လှေကားထစ်ပေါ် ဆောင့်ကြောင့်ထိုင်လျက် တော်တော်နှင့် ထွက်မလာလျင် တံခါးကို လက်သည်းနှင့် ကုတ်ခြစ်၍ “ညူညူ” ဟုခေါ်တက်သည်။ အဖေ ပန်းခြံထဲ လမ်းလျှောက်လျှင် သူက နောက်မှ ခုန်ပေါက် မြူးထူး၍ ပါစမြဲ။ အဖေကျောင်းသွားလျှင် သူ့ကို မည်သူမှ မထိန်းကျောင်းနိုင်၍ သံကြိုးချည်ထားပစ်ခဲ့ရာ ရှေ့လက်နှစ်ဘက်ပေါ် မေးတင်လျှက် မျက်စိကို ပေကလပ် ပေကလပ် လုပ်ပြီး လူလာတိုင်း ညည်းပြနေလေ့ ရှိ၏။ တစ်ခါတစ်ရံ သူ့ရှေ့တွင် မှန်တစ်ချပ် ထောင်ပြလိုက်လျှင် မှန်ထဲတွင်မြင်ရသော သူ့အရိပ်ကို ရုတ်တရက် လန့်ဖျပ်ကာ နောက်ဆုတ်ပြေး၍ ခဏကြာမှ သူ့အရိပ်ကို ကြည့်လျက် ဒေါသတကြီး ညီးကနဲ မာန်ဖီတက်လေ၏။
ထိုမျှသာမကသေး၊ အဖေနှင့် လမ်းလျှောက်ပြီဆိုလျှင် တစ်လံလောက်မှနေ၍ အဖေက လက်ဖျစ်တီး၍ “တီးတီးရေ သားရေ မတ်တက်ရပ်စမ်း၊ ရှေ့တိုး” ဟုခိုင်းလိုက်လျှင်သူ၏ နောက်ခြေနှစ်ချောင်းဖြင့် ပတက်ရပ်ကာ ရှေ့သို့ ယိုင်တိယိုင်တိုင် အနိုင်နိုင် လျှောက်လာရင်း တစ်ခါတစ်ရံ ကိုယ်ကိုမဟန်နိုင်၍ ဖုတ်ကနဲ လိမ့်ကျသောအခါ အဖေက ဟက်ဟက်ပက်ပက် ရယ်မော၏။ တာတီး၏ ဝမ်းဗိုက်ကျားကျားလေးကို နှာခေါင်းနှင့် ကလိနေတက်သည်။ ထိုအခါ တာတီးက သူ၏လက်ဝဝကလေးဖြင့် အဖေ၏မျက်နှာကို တွန်း၍ ထုတ်တက်ပေသည်။ ဤသို့ အဖြစ်သည်းနေကြသည်ကို မြင်ပြင်းကပ်လာသော အမေက မကြားတကြား ရေရွတ်သောအခါ အဖေက အမေ့ထံသို့ အပြေးကလေးသွား၍
“ဟေ့……မရီရဲ့ မင်းကလဲ ငါတို့ကိုသာ အပြစ်ပြောနေတာပဲကွာ …ဒို့တိုင်း ဒို့ချစ်ကြတာများ ဘယ့်သူထိခိုက်နေလို့လဲ၊ ဒို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ ချစ်ခြင်းကိုမနာလိုမဖြစ်ပါနဲ့ကွာ……”
ထိုအခါ အမေက နှုတ်ခမ်းစူ ပါးစူနှင့်.
“အမယ်လေး …. တော်စမ်းပါ၊ တိရိစ္ဆာန်တစ်ကောင်များ သန့်ရှင်းမွန်မြတ်တဲ့ အချစ်လေးဘာလေးနဲ့၊ ကြီးကျယ်လိုက်တာတော်…. ကြီးကျယ်လိုက်တာ”
“ဟ… ဒါကို မင်းနားမလည်သေးပါဘူး၊ ဒီမယ် မရီ… သန့်ရှင်းမွန်မြတ် တယ်ဆိုတာ လူချင်းလူချင်း ချစ်တဲ့ အဓိပ္ပာယ်နဲ့ တွက်လို့မရဘူးကွ၊ လူချင်း ချစ်ကြတာက ကိုယ်ကောင်းဖို့၊ ကိုယ့်ဖို့ဆိုတဲ့ အခြေခံက စကြတာ။ ဟော…. ငါနဲ့ တာတီး ချစ်တဲ့နေရာမှာ တာတီးဆီက ငါဘာမှ မမျှော်လင့်ဘူး။ ငါ့ဆီက ဘာမှ တာတီး မျှော်လင့်ရကောင်းမှန်းမသိဘူး။ ဘာပယောဂမှမပါတဲ့ ချစ်ခြင်းမျိုးမို့ သန့်ရှင်းတယ်လို့ ဆိုတာကွ၊ နားလည်ပလား”
ဤသို့ဖြင့် အဖေနှင့် တာတီးတို့သည် ချစ်ခင်ပျော်ရွှင်စွာ နေခဲ့ကြရာမှ ဂြိုဟ်ဆိုးဝင်၍ ကြမ္မာဆိုးငင်လေပြီ။ တစ်နေ့ နံနက်တွင် အဖေနှင့် တာတီးသည် ထုံးစံအတိုင်း ပန်းခြံထဲဝယ် ပြေးလွှားဆော့ကစားနေခိုက် အဖေ၏ အမဲလိုက်မိတ်ဆွေ နှစ်ဦးက အလည်အပတ် ရောက်လာကြသည်။ သူတို့နှင့် အတူ မျက်နှာဖြူ ရဲဝန်ထောက် တစ်ယောက်လည်း ပါလာသေးသည်။ သူတို့အား အဖေက ပန်းခြံထဲ၌ပင် ဧည့်ခံ၏။ တာတီးကမူ အဖေ့ကုလားထိုင်ဘေး၌ စင်းစင်းကြီးဝပ်လျက် ရှိ၏။ ထိုစဉ်က တာတီး၏ အရပ်အမောင်းမှာ ကျောတစ်တောင်လောက်ရှည်၍ တောကြောင်ကြီးခန့် ရှိသည်။
ကာဖီသောက်နေရင်း ရဲဝန်ထောက်က တာတီးကို အခုမှသေချာစွာ ကြည့်မိသည်ဖြစ်သောကြောင့် အံ့ဩဟန် မျက်ခုံးနှစ်ဖက်ကိုပင့်လျက်.
“အိုးခင်ဗျားရဲ့ (pet) အချစ်တော်က ကျားကလေးတစ်ကောင် ပါလားဗျ… ကျုပ်က ရုတ်တရက်ဆိုတော့ ကြောင်ကြီးတစ်ကောင်လို့ အောက်မေ့တာ”
အမေကပြုံးနေစဉ် အဖေ့မိတ်ဆွေ ဤကျားငယ်ကို ဘယ်ကဲ့သို့ ရခဲ့ကြောင်း၊ အဖေက မည်မျှ ယုယချစ်ခင်ကြောင်း၊ ပြောပြလျှင်မျက်နှာဖြူက နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ပြုံးလိုက်ပြီး….
“ကောင်းတော့ ကောင်းပါရဲ့….. ဒါပေမယ့် ဒီ့ထက်ကြီးလာရင် လူတွေကို ရန်မူမှာစိုးရတော့ အစိုးရက ခွင့်ပြုမယ်မထင်ဘူး၊ တိရိစ္ဆာန်ရုံပို့ရမှာပဲ..”
အဖေ ကမျက်နှာပျက်ပျက်ဖြင့်
“ကျွန်တော်ကောင်ကလေးက ငယ်ငယ်ကတည်းက လူနဲ့နေလာတော့ ဒီလောက်ရိုင်းမယ် မဟုတ်ပါဘူးဗျာ၊ နောက်ပြီး ကျွန်တော်က သူနဲ့မခွဲနိုင်ဘူး။ အင်းလေ..မတော်တဆ အစိုးရက မညှာမတာလို့ တိရိစ္ဆာန်ရုံ ပို့မယ်ဆိုရင်တော့ ကျွန်တော်ပါ လိုက်နေမှ ဖြစ်လိမ့်မယ်ဗျ….. ဟိုကကော ကျုပ်ကို လက်သင့်ခံပါ့မလား”
အဖေ့ အပြောကို ကျန်လူများက သဘောကျစွာ ရယ်မောကြ၏။ ရဲဝန်ထောက်ကလည်း ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်ပြီး …
“ဒါပေမယ့် ခင်ဗျားတစ်ခုတော့ ကောင်းကောင်း သတိထားရလိမ့်မယ်။ ခင်ဗျား ကျားကလေးဟာ ခင်ဗျားကိုဖြစ်စေ၊ ခင်ဗျားကလေးတွေကို ဖြစ်စေ မတော်တဆ သွေးထွက်သံယိုဖြစ်အောင် မကိုက်မိပါစေနဲ့၊ တကယ်လို့ ဖြစ်ခဲ့ရင်လည်း ကျုပ်ကို ချက်ချင်း အကြောင်းကြားစေလိုပါတယ်”
သူသည် မရယ်ချင့် ရယ်ချင် ရယ်လိုက်ပြီး ဆက်လက်၍
“ဘာပြုလို့လည်းဆိုတော့…. ကျုပ်တို့က ဥပဒေလေးစားကြရမယ် မဟုတ်လားဗျ….. ကျုပ်တို့လို၊ ခင်ဗျားတို့လို လူမျိုးတွေက အမိန့်တော်ရ ပြင်ဆင် ပြုလုပ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်မယ်ဆိုရင် ဘယ်ကောင်းမလဲ၊ ကျုပ်ပြောတာ သဘောတူရဲ့လား”
အဖေက အောင့်သက်သက်နှင့် ………
“ကောင်းပါပြီဗျာ ကျုပ်ကောင်လေးကလည်း ဒီလို ဘယ်တော့မှ နာကျည်းအောင် လုပ်မယ်မဟုတ်ပါဘူး။ ဒါထက် ခင်ဗျား စကားအရဆိုတော့ ကျုပ်ကောင်က ဒီလိုမလုပ်မချင်း သူ့ကို ကျုပ်အိမ်မှာ မွေးထားနိုင်ခွင့် ရှိတာပေါ့ မဟုတ်လား”
ရဲဝန်ထောက်မှာ သူ့စကားနှင့် သူမိနေ၍ မချိသွားဖြဲ ဟဲ.. ဟဲ..” လိုက်ရလေ၏။
ထို့နောက် သူတို့သည် ထွေရာလေးပါး ပြောနေကြသည်။ ထိုအခိုက် အဖေ့ ဘေးဝယ် ဝပ်စင်းနေသော တာတီးမှာ ပျင်းလာပြီ ဖြစ်ရကား အဖေ့ကလည်း သူ့ကို ဂရုမစိုက်နိုင်သေးသဖြင့် အဖေ့ လက်ကို လျှာနှင့်လျက်ကာ လျက်ကာ ချော့မြူနေ၏။ အဖေ့မှာ စကားထဲတွင် စိတ်ဝင်စားနေသဖြင့် သူ့ကို သတိမပြုနိုင်လေ တာတီးက လျှာဖြင့်လျက်၍ သတိပေးခေါ်လေသည်
ကျားလျှာဆိုသည်မှာ အလွန်ကြမ်းတမ်း၍ ဆူးတောင်ကလေးများသဖွယ် ဖြစ်နေသောကြောင့် ကျားမများသည် သားငယ်ကို နို့မတိုက်နိုင်ဘဲ သစ်ရွက်ပေါ်သို့ နို့ကိုသက်စေ၍ ကျားငယ်များက လျှာနှင့် လျက်စားရသည်။ သွေးကလေးများပင် စို့စပြုလာသည်။ တာတီးသည် သူ၏နှာခေါင်းကို ရှုံချည် ပွချည်ဖြင့် လက်ကိုနမ်းကြည့်လိုက်၊ လျက်လိုက်လုပ်နေရာ မည်မျှကြာသည်အသိ၊ အဖေသည် စကားပြောနေရာက လက်ဖဝါးဆီမှ မြက်ကနဲ မြက်ကနဲ နာလာတော့မှ ငုံ့၍ကြည့်လိုက်ရာ အားလုံးကလည်း အဖေ့ဆီသို့ အာရုံစိုက်နေခိုက်ဖြစ်သဖြင့် အဖေ့လက်မှ သွေးများ တစိမ့်စိမ့်ယိုစီးလျက် ထိုသွေးများကို တာတီးက မြိန်ရေ ရှက်ရေ လျက်နေသည်ကို မြင်လျှင် အဖေနှင့်တစ်ကွ အားလုံးပင်`ဟာကနဲ ပြိုင်တူ ရပ်လိုက်ကြ၏။ အဖေသည် ဘယ်တုန်းကမှ မဖြစ်ပေါ်ဘူးသော ထိတ်လန့် ကြောက်ရွံ့ခြင်းဖြင့် ရဲဝန်ထောက်ကို ကြည့်လိုက်သည်။
ရဲဝန်ထောက်က မျက်မှောင်ကြုတ်၍ တာတီးကို စိုက်ကြည့်နေ၏။ ထို့နောက် အလုပ်ခွင်ဝယ်ဝတ္တရားကို ဆောင်ရွက်ဆဲ လေသံဖြင့် အဖေ့အား
“ဝမ်းနည်းပါတယ် လူကြီးမင်းခင်ဗျား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ခုလိုလာပြီးဖြစ်ရတာ ကျွန်တော်စိတ်မကောင်းပါဘူး။ သို့သော် ဘုရင်မင်းမြတ်ရဲ့အခကို စားနေတဲ့ ကျွန်တော်ဟာ ကိုယ်တာဝန်ဝတ္တရားကို ကျေပွန်ပါမှ သစ္စာတော်ကို စောင့်သိရိုသေရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်ပြန်သွားပြီး မကြာမီပင် ခင်ဗျားရဲ့ ကျားငယ်ကို အယူလွှတ်လိုက်ပါရစေ။ တကယ်ဆိုတော့ လူသွေး မြည်းဘူးတဲ့ ကျားဟာ နောက်နောင် လူသွေးကိုချည်း တောင့်တမြဲဖြစ်ကြောင်း ခင်ဗျားတို့လဲ သိမှာပေါ့။ ဥပဒေ အရဆိုရင် လူကိုက်ဘူးတဲ့ကျားကို တိရိစ္ဆာန်ရုံကတောင် လက်မခံပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ကျားကလေးအတွက်တော့ ကျုပ်အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
အဖေ့ဇက်မှာ ကျိုး၍ကျနေလေပြီ၊ ဘေးမှ အဖော်နှစ်ယောက်က ဝိုင်း၍ နှစ်သိမ့်ကြသည်။
“ဆရာရယ် တိရိစ္ဆာန်ရုံမှာဆိုရင်လည်း ဒီမှာနေရတာလိုပဲ ကောင်းပါ တယ်၊ စိတ်လဲချရပါတယ်၊ နောက်ပြီး ကိုယ်တွေ့ချင်တဲ့အခါ သွားတွေ့နိုင်သားပဲ”
အဖေက ငိုသံပါကြီးနှင့်
“ခင်ဗျားတို့ မသိပါဘူးဗျာ ဟိုမျောက်ဖြူကောင်က ကျုပ်ကလေးကို ရန်ရှာနေချင်တာပါ။ ကျုပ်လက်ထဲက လွတ်ရင် သူ့တို့နှိပ်စက်ပစ်တာနဲ့ သေမှာဗျ။ တိရိစ္ဆာန်ရုံရောက်အောင် ခံမယ်မထင်ဘူး”
ဟု ဗမာလိုပြောသည်။ မျက်နှာဖြူမှာ ဗမာစကား နားမလည်ပါ။ ပြောရင်း အဖေသည် မျက်ရည်မကျသော်လည်း ရှိုက်၍လာသည်။ နောက်မှ သူ့ကိုယ်သူ အားတင်း၍ ရဲဝန်ထောက်အား
“ခင်ဗျား ဘယ်လိုမှ မသက်ညှာနိုင်တော့ဘူးလားဗျာ”
“ဝမ်းနည်းပါတယ် မိတ်ဆွေ”
အဖေသည် အံကို ကြိတ်ထားရာမှ တက်တစ်ချက်ခေါက်လိုက်ပြီး အိမ်ဘက်သို့ လှမ်း၍ အမေ့ကိုခေါ်ကာ
“ဟေ့ မရီ၊ ငါ့ရိုင်ဖယ်နဲ့ အံဆွဲထဲက ကျည်ဆံနှစ်ခု ယူခဲ့စမ်း”
အဖေ့မိတ်ဆွေနှစ်ယောက်က အံ့ဩဟန်ဖြင့် ကပျာကယာ
ဟာ….. ဆရာ ဘာလုပ်မလို့လဲ ဆရာရယ်တိရိစ္ဆာန်ရုံသာပို့လိုက်ပါဗျာ၊ ဝန်ထောက်ကလည်း ကြိုးစားပေးပါ့မယ် ဆိုထားတာပဲ”
အဖေက သူ့မိတ်ဆွေနှစ်ယောက်ဘက်လှည့်၍
“ကြိုးစားပါ့မယ် ဆိုတာ အာမခံတာနဲ့ တခြားစီဘဲဗျာ၊ နောက်ပြီး သူ့လိုလူမျိုးတွေက စကားအလှ သုံးတာဗျ၊ ကျုပ် တစ်သက်လုံး အရိပ်တကြည့်ကြည့် လက်ဖျားနဲ့ မထိရက်ဘဲနဲ့ မွေးလာရတဲ့ ကျုပ်ကလေးကို ဘာကြောင့် သူ့ကိုနှိပ်စက်မယ့် လူတွေ လက်ထဲ အပ်ရမှာတုန်း
နောက်ပြီး သူနဲ့ကျုပ် ရှင်ကွဲ ကွဲရတာက သေကွဲ ကွဲရတာထက် ပိုဆိုးလိမ့်မယ်၊ ဒီတော့ သူ့အတွက် ကျုပ်စိတ်ဒုန်းဒုန်းချရအောင်…..”
ထိုအခိုက် ဘုမသိဘမသိနှင့် သေနတ်ယူလာသော အမေ့နောက်မှ အိမ်သားတွေကလည်း ကပ်ပါလာကြသည်။ အမေ ကမ်းပေးသော သေနတ်ကို လှမ်းယူလိုက်စဉ် အဖေ့ မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေလျှံလျက်ရှိသည်။ သူသည် ရှေ့လက်နှစ်ဖက်ကိုထုတ်၊ ခြေထောက်ကို နောက်သို့ဆန့်ပြီး ကိုယ်ကလေးကိုဖြန့်လျက် အညောင်းဆန့်နေသော တာတီးကိုတစ်ချက်မျှ စိုက်ကြည့်၍ တစ်လံကွာခန့် ပြေးထွက်သွားသည်။ ထို့နောက် အဝေးမှ လက်ဖျစ်တစ်ချက် တီးလျက် ကြေကွဲ တုန်ရီသောအသံနှင့်
တီးတီးရေ..သားလေး မတ်တက်ရပ် ရှေ့တိုးခဲ့”
ဟုခေါ်လိုက်ရာ တာတီးသည် အညောင်းဆန့်နေရာမှ ကပျာကယာ နောက်ခြေပေါ်ရပ်လျက် ယိုင်တိယိုင်တိုင် တစ်လှမ်းချင်း လှမ်းသွားလေတော့သည်။
“ဒိုင်း”
ဟူသည့် သေနတ်သံက တောင်တစ်ကြောဝယ် မျောကာမျောကာ ပဲ့တင်ရိုက်ရင်း တဖြေးဖြေး ဝေး၍ ဝေး၍ သွားလေ၏။ ၎င်းပဲ့တင်သံနှင့် အတူ တာတီး၏ ဝိဥာဉ်နှင့် အဖေ၏ အသဲနှလုံးတို့မှာ ထွေးလုံးရစ်ပတ်၍ ပါသွားကောင်း ပါသွားမည်တည်း။
သော်တာဆွေ


>
စနေချစ်သူ – သုမောင်

စနေနေ့
မန္တလေးဆောင်
အခန်း – M ၁၀၄

“နာမည်ကလေး သိပါရစေ”
“………………….”
“အဖြူသက်သက် ထင်ပါရဲ့”
“အဖြူရောင်ဆိုတာ ဘာရောင်တင်တင် အရာထင်တယ်၊ ခေါ်ချင်သလို ခေါ်ရမလား”
“မနှောင့်ယှက်ပါနဲ့….”
“နာမည်မေးတာ နှောင့်ယှက်တာတဲ့လား”
“ဆရာနဲ့ တိုင်လိုက်မယ်….”
“ပဲ့ပါသွားတာကျနေတာပဲ…”
“နာမည်သိတော့ ဘာလုပ်မှာတုံး…”
“သိချင်လို့ပေါ့”
“သိပြီးတော့ကော ဘာလုပ်မှာတုံး…”
“ခေါ်ချင်လို့ပေါ့”
“ခေါ်ပြီးတော့ ဘာလုပ်မှာတုံး…”
“ `ဒီကကို´စကားပြောချင်လို့ပေါ့”
“ဒီကလို့ မပြောပါနဲ့ နာမည်ရှိတယ်…”
“ဘယ်သူကလေးတဲ့တုံးကွယ်”
“သိဘူး…”
“ဟယ်…. ဆန်းတယ်နော်၊ နာမည်က သိဘူးတဲ့၊
ဒီတစ်ခါပဲ ကြားဖူးသေးတယ်”

တနင်္ဂနွေနေ့
လှည်းတန်းဈေး

“ဟေ့- သိဘူး”
“အို- ဘယ်လိုလဲ”
“ `သိဘူး…´ဆိုလို့၊ `သိဘူး´ခေါ်တာပဲ”
“ဘယ်သူက ပြောလို့လဲ”
“မနေ့က နာမည်မေးတော့`သိဘူး´ဆို”
“ကြောင်လိုက်တာ”
“ဒါဖြင့်… မဟုတ်ဘူးပေါ့”
“ဘယ်လိုလဲ ဒါဈေးလယ်ကောင်ရှင့်…”
“သူများတွေလည်း ဒီလိုပါပဲ”
“တခြားစီပဲ”
“အတူတူပါပဲ…”
“သွားစမ်းပါ”
“ဘယ်ကိုလဲ”
“ငရဲပြည်…”
“အတူလိုက်မှာလား ”
“၀ိုင်းကြည့်နေကြတယ်”
“သူတို့ကတော့ ထင်ကြမှာပဲ”
“ရှက်စရာကောင်းတယ်။ ပြန်တော့မယ်”
“ဘယ်ကိုလဲ”
“အဆောင်ကိုပေါ့”
“လိုက်ပို့မယ်လေ”
“လိုပါဘူး”
“အဲဒါဖြင့် အဲ့ဟိုစာအုပ်ကြားထဲ ညှပ်ထားတဲ့ ဒေါနခက်ကလေး
အမှတ်တရပေးခဲ့ပါလား”
“ဟီဟိ…”
“ဘာရယ်တာလဲ”
“ယူချင် ယူထားလေ၊ အဲ့ဒါ ဒေါနခက် ဟုတ်ဘူး…၊ တို့စားဖို့ ၀ယ်လာတာ၊ နံနံပင် တွေရှင့်…”
“မထူးပါဘူး။ အဲဒီနံနံပင်တွေပဲ ပေးခဲ့ပါတော့”

တနင်္လာနေ့
မန္တလေးဆောင်
အခန်း – M ၁၀၄

“မအေးမယ်”
“ဟဲ့-ပလုတ်တုတ်”
“လန့်သွားသလား”
“တို့နာမည် သူဘယ်လိုလုပ်သိလဲ”
“ဒီလိုဒီလိုပေါ့”
“မကျေနပ်ပါဘူး”
“ဘာလို့လဲ”
“မသိစေချင်ဘဲ ဘာလို့သိရတာလဲ…”
“မြားနတ်မောင်က ပြောပြလို့”
“အော့… အော်…”
မြားနတ်မောင်ရှိတာ သူလည်းသိသားပဲ၊ လတ်စသတ်တော့”
“အကျအနကောက်လိုက်တာ…၊ ကဲပါ ပြော… တို့နာမည်ဘယ်လိုလုပ်သိလဲ…”
“မနေ့က ဒေါနခက်ညှပ်ထားတဲ့”
“နံနံပင်တွေပါ ဟီဟိ”
“ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီနံနံပင်တွေ ညှပ်ထားတဲ့ စာအုပ်မှာ ရေးထားတာ တွေ့လို့ပေါ့”
“မျက်စိကလည်း ကျီးကန်းလိုပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်က… အရုပ်ဆိုးတယ်နော်”
“မဆိုးပါဘူး။ ခပ်လှမ်းလှမ်းက ကြည့်ရင် ဇော်ဝမ်းလိုလို ဘာလိုလိုနဲ့”
“ဟုတ်လား၊ ကိုယ်က ဇော်ဝမ်းလိုပဲ အသံကောင်းလား”
“ဒါပေမဲ့ အဝေးက နားထောင်ရင် ပိုကောင်းတယ်”
“နောက်ကို သီချင်းမဆိုတော့ဘူး”
“ဘာလို့လဲ”
“အဝေးကြီးမှ မသွားချင်ဘဲ”
“အလဲ့”

အင်္ဂါနေ့
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

“မအေးမယ်က စာဖတ်ဝါသနာပါသလား”
“…………..”
“စိတ်ဝင်စားနေလိုက်တာ ဘာစာအုပ်လဲ”
“စံရွှေမြင့်ပါ”
“အပြင်က ငှားလာတာထင်တယ်”
“အကြောင်းမရှိ အကြောင်းရှာပြီး လိုက်လာတာ မသိဘူး မှတ်သလား”
“အကြောင်းရှိတာပေါ့”
“ဘာလဲ”
“သိသားနဲ့”
“သိပါဘူး”
“မအေးမယ်ဟာ…. လူတော်ပဲ၊ အပွေးမြင် ဒီအပင် ဘာအသုံးကျတယ်ဆိုတာ သိရမှာပေါ့”
“သူ့ကို မေးစရာတစ်ခုရှိတယ်…”
“အဲဒါသိလို့ လိုက်လာတာပေါ့”
“ဖောက်ပြီ အကောင်းပြောမလို့ဟာ”
“ဘာကိုလဲ”
“သူ့နာမည်လည်း သိထားချင်လို့ပါ…”
“နက်ဖြန်မှ ပြောမယ်”
“ဘာဖြစ်လို့…”
“ရှက်လို့”
“သူကများ…”
နာမည်သိချင်ရင် နက်ဖြန် ယုဒသာန် လမ်းထိပ်က အုတ်ခုံလေးမှာစောင့်”
“ဟေ့ တို့လည်း အဖြေမပေးဘဲ အနိုင်နဲ့ မပိုင်းနဲ့။ ဟေ့… အို…သိပ်ဆိုးတဲ့ ကောင်လေး …”

ဗုဒ္ဓဟူးနေ့
မန္တလေးဆောင်
အခန်း- M ၁၀၂

“ဒီမယ် မင်း မအေးမယ်ရဲ့ သူငယ်ချင်း မဟုတ်လား”
“ဘာကိစ္စရှိလို့လဲ”
“မအေးမယ် ကျောင်းမတက်ဘူးလား”
“တက်သားပဲ”
“မတွေ့လို့ပါ”
“ကျွန်မနဲ့ အမြဲတမ်းတွဲလျက်ပဲ”
“ကျွန်တော်နဲ့ ချိန်းထားတာက တစ်နေရာပဲ”
“ချိန်းထားတဲ့နေရာမှ ကျွန်မ မသိဘဲ”
“ခင်ဗျားကို ချိန်းတာမှ မဟုတ်တာ”
“ရှင်နဲ့ သူနဲ့သိလို့လား”
“မသိဘဲ ချိန်းပါ့မလား”
“သူ ရှင်နဲ့ မတွေ့ချင်လို့ နေမှာပေါ့….”
“မဖြစ်နိုင်တာပဲ”
“ကိစ္စရှိလား…..”
“ကျွန်တော့်နာမည်ကို သူသိချင်တယ် ဆိုလို့ပါ၊ ခု….သူဘယ်သွားလဲ”
“အဆောင်ပြန်သွားပြီ။ ယူ့နာမည် ပြောခဲ့လေ…..”
“မောင် လို့ ပြောပေးပါ”
“ဘာရယ်”
“သြော် “မောင်” လို့ပါ”

ကြာသပတေးနေ့
ဘွဲ့နှင်းသဘင်ရှေ့

“ဟေ့ ဟေ့….”
“ကိုယ့်ကို ခေါ်တာလား”
“သူ့ကိုပေါ့…”
“ဆန်းတယ်နော်”
“ဘာကိုလဲ”
“ချိန်းမထားလည်းပဲ တွေ့တတ်လို့ပါ”
“မခနဲ့ပါနဲ့ …. မနေ့က တို့နေမကောင်းလို့ မလာတာပါ….”
“ကိုယ်နဲ့တွေ့ရင် ပိုနေမကောင်းမှာ စိုးလို့လား”
“အင်း… ဟုတ်တယ်”
ကိုယ်ကတော့ မအေးမယ်ကို မတွေ့လို့ ရင်ပူလိုက်တာ”
“လွန်တယ်ကွာ- တကယ်ပဲ”
“ခုကော တွေ့ချင်စိတ်ရှိရဲ့လား”
“သူကကော”
“မအေးမယ်က … အတွေ့မခံမှာ စိုးနေတာ”
“မနေ့က သူ့ကိုသတိရနေပါတယ်”
“ဘာဖြစ်လို့”
“ချိန်းထားတဲ့နေရာမှာ သူစောင့်နေမှာကို သနားလို့ပေါ့”
“သူ သူလို့ မခေါ်ပါနဲ့၊ နာမည် ပြောခဲ့သားပဲ”
“သူပေးတဲ့နာမည်လား”
“အင်းပေါ့”
“ခု ဘယ်ခေါ်လို့ ဖြစ်ပါမလဲ”
“မနက်ဖြန်မှ ခေါ်မယ်လေ”
“ဒီတစ်ခါ `မအေးမယ်´က စချိန်းတာနော်”
“ဘာလဲ၊ သူက ကလဲ့စား ချေမလို့လား ရှောင်နေမှာလား…”
“မအေးမယ်နဲ့ဆို ဘယ်ကို သွားရသွားရပါ”
“နက်ဖြန်လာခေါ်လေ”
“ဘယ်ကိုလဲ”
“တို့အဆောင်ကိုပေါ့”
“ပြီးတော့ ဘယ်သွားကြမလဲ”
“ဗိုလ်ချုပ်ဈေးကိုပေါ့လို့”

သောကြာနေ့
ဗိုလ်ချုပ်ဈေး

“ရေခဲရေ သောက်ချင်သေးတယ်…”
“ဟင်… ကျောက်ကျောဆိုင်မှာလည်း သောက်ခဲ့သေးတယ် မဟုတ်လား..”
“သူ့ကိုတောင် လက်တို့ရသေး၊ ရေတွေက မသန့်လို့…”
“ဟုတ်လား”
“ဒီမှာက အ၀သောက် ငါးပြား၊ ရောင်းတဲ့ ကောင်ကလေးကလည်း သနားစရာ..”
“ဘဝဆိုတာ ဒီလိုပေါ့၊ ဟိုဥစ္စာ အင်း”
“လွန်တယ်ကွာ.. တကယ်ပဲ..”
“ဘယ်သွားချင်သေးလဲ”
“ပေါင်ချိန်ကြည့်ချင်သေးတယ်..”
“ရော့ ဆယ်ပြားစေ့ အလေးစေ့”
“ဟော့တော့…”
“ဘာဖြစ်လို့လဲ”
“ကိုးဆယ်ငါးပေါင်တဲ့ နှစ်ပေါင်တောင်မှ တိုးလာတယ်…”
“ဗေဒင် ကတ်ပြားလည်း ရတယ် မဟုတ်လား၊ ဘာတဲ့လဲ”
“ဟီဟိ”
“ရှက်ရပြန်ပြီ၊ ကဲ တိုးတိုးလေးပြော”
“မျက်စိမှိတ်ထားမှ”
“ကဲပါဗျာ… မှိတ်ပါပြီ”
“အင်း… အဟမ်း ဘာတဲ့ မိမိအား တစ်ဖက်သတ် ပိုးပန်းနေသူအား မချစ်လိုက်ပါနှင့်တဲ့”
“အလကား ဗေဒင်ကို ကိုယ်မယုံဘူး”
“တို့တော့ ယုံပါတယ်..”
“ကဲ.. ဘယ်သွားချင်သေးလဲ”
“သိဘူးလေ ခုဘယ်နှနာရီလဲ..”
“သုံးနာရီခွဲတော့မယ်..”
“သူကော ဘယ်သွားချင်လဲ”
“သုံးနာရီခွဲဆိုတော့ … ဟေ့… သုံးဘီး ဟေ့…”
“ကားဆရာ ဝိဇယရုံကို မြန်မြန်မောင်းပါ နော်…”
“ဝိဇယရုံမှာ (Show Down) ပြနေတာ သေချာတယ်နော်”

စနေနေ့
အင်းလျားကန်စောင်း

“ငိုပါနဲ့ မအေးမယ်ရယ်”
“…………………….”
“မအေးမယ်ကို မောင်ချစ်ပါတယ်”
“တို့ ကြိုးစားပါတယ်ကွယ်.. ဒါပေမဲ့ ငိုချင်တယ်”
“မောင့်ကို မအေးမယ် ချစ်တယ်မဟုတ်လား”
“မောင်ဟာလေ”
“တိတ်ပါ အေးရယ်”
“အမြတ်တနိုးထားအပ်တဲ့ ဘဝတစ်ခု ဆုံးရပြီမောင်”
“မောင့်မှာ…. အပြစ်မကင်းပါဘူး….၊ မောင် တောင်းပန်ပါတယ်”
“တို့ကိုယ်တိုင်ကလည်း မစောင့်စည်းတာပါ”
“အေးလေးရယ်”
“အို.. မောင်ရယ် …”

တနင်္ဂနွေနေ့
အင်းလျားကန်စောင်း

“မောင်ရေ”
“ဗျာရေ”
“နက်ဖြန်ကျရင်လေ”
“လက်မှတ်ဝယ်ထားပြီးပါပြီဗျာ”
“ဟယ် မောင်ရယ် လိမ္မာလိုက်တာကွယ်”
“ချစ်တော့ အလိုက်သိရတာပေါ့”
“လွန်ပြီဟေ့… အို..”
“ရှေးလူကြီးတွေ သိပ်တော်တာပဲ၊ ပင်လယ်ရေသောက်ရသလိုပဲ”
“ဟေး.. သနပ်ခါးတွေ ပျက်ကုန်ပြီကွာ ..”
“ပျက်လက်စနဲ့ မလှဘူး။ အကုန်ဖျက်ပစ်မှပေါ့……”
“မရဘူး…မရဘူး၊ ဖယ်ကွာ… မွန်းတယ် …”
“အို… သိပ်စကားများတဲ့ ပါးစပ်ကလေး”
“………………………”

တနင်္လာနေ့
သမ္မတရုပ်ရှင်ရုံ

“မင်းသားက ချောလည်း မချောဘူး”
“အမူအရာ ကောင်းသားပဲ ”
“နက်ဖြန်ကျရင်လေ”
“လှမှတို့က ကြိုက်တာ”
“မောင်ကျတော့ကော”
“မောင်က ချောပါတယ်”
“ဟေ့…တော်တော့… ကဲ ဘယ်သွားချင်သေးလဲ…”
“သိဘူးလေ…ဘယ်နှနာရီလဲ”
“သုံးနာရီခွဲတော့မယ်..”
“မောင်ကော.. ဘယ်သွားချင်လဲ..”
“ဟေ့…သုံးဘီး၊ ဟိုး..ဟိုး…”
“ဗိုလ်ချုပ်ဈေးမှာ ခေါက်ဆွဲ ဝင်ဝယ်ရအောင်”
“ဒီမှာ… ကားဆရာ၊ မကြာပါဘူးဗျာ၊ ဗိုလ်ချုပ်ဈေးကို အရင်သွားရအောင်”
“ပိုပေးပါ့မယ်ရှင်”
“ပြီးတော့ အင်းလျားဂျူးဘန်းကို သွားမယ်လေ”

အင်္ဂါနေ့
တိုက်ခန်းတစ်ခု (ဝင်ဒါမီယာ)

“ဒါနဲ့ ချစ်တယ်ဆို…”
“ဒီနေ့တော့ တောင်းပန်ပါတယ်….”
“မရဘူး မရဘူး….”
“ဟင်း… မောင်နော်…
ဘို့တစ်ဘို့တည်း မကြည့်နဲ့နော်ကွာ-”
“ချစ်လို့ပေါ့”
“နက်ဖြန်ကျမှကွယ်…”
“ခုမှပဲ… ခုမှပဲ…”
“တော်ပြီမောင်… မောင့်ကိုမုန်းတယ်..”
“တကယ်လား…”
“တကယ်..”
“ကောင်းပါပြီ အေးရယ်..”
“ဟင်း … သူ့စိတ်ကြီးပဲ…”
“မောင် ဝမ်းနည်းတယ်…”
“ဟယ် မောင်မျက်ရည်တွေနဲ့..”
“……………………….”
“မောင်ရယ် ခက်ပါလားကွယ်…”
“……………………….”
“မငိုပါနဲ့ကွယ်… တို့ပါငိုမိလိမ့်မယ်…”
“………………..”
“ကဲ… တိတ်တော့နော်”
“အေးကို ချစ်လို့ပါ”
“မောင့်ကို ချစ်လို့သာပေါ့”

ဗုဒ္ဓဟူးနေ့
အနုပညာအသင်းရှေ့

“ဒီမယ်”
“ဆိုလေ”
“မအေးမယ်နဲ့ မတွေ့ဘူးလား..”
“သူ ကျောင်းမတက်တာ ကြာပြီ…”
“ကျေးဇူးပါပဲ…”

ကြာသပတေးနေ့
မန္တလေးဆောင်
အခန်း – M ၁၀၄

“ဒီမယ်… မအေးမယ်ရဲ့ သူငယ်ချင်း”
“အေးအကြောင်း မေးမလို့လား…”
“ဒါပေါ့”
“ညနေကျရင်၊ အရင်နေရာကို လာခဲ့ပါတဲ့ …”
“ကျေးဇူးပါပဲ..”
“လိုပါဘူး”

သောကြာနေ့
ဗဟိုစာကြည့်တိုက်

ဒီမယ်… အေးရဲ့သူငယ်ချင်း”
“မနေ့က အေးနဲ့မတွေ့လို့ မဟုတ်လား”
“ခင်ဗျား.. နောက်လိုက်တာလား”
“အို့ ရာရာစစ ”
“ဒါဖြင့် ဘာလို့ အေးက စောင့်ခိုင်းတာလို့ ပြောသေးလဲ…”
“မနေ့က သူဒီအတိုင်းမှာသွားလို့ပေါ့”
“ဒီနေ့ကော – ဘာမှာလိုက်သေးလဲ”
“နောက်ကို မတွေ့ကြပါစို့နဲ့တဲ့၊ သူ့ကို မေ့လိုက်ပါတဲ့၊ သူကလည်း မေ့လိုက်တော့ မယ်တဲ့..”
“သူ စိတ်ပြောင်းပြီပေါ့..”
“စိတ်တစ်ခု… ရုပ်ကိုးဆယ်တဲ့….ရှင်”
“ခုလိုကူညီတာ ကျေးဇူးများစွာပါပဲ…”
“လိုပါဖူး”

စနေနေ့
မန္တလေးဆောင်
အခန်း- M ၁၀၄

“ဒီမယ်…အေးရဲ့သူငယ်ချင်း”
“ဘာလဲ.. အေးအကြောင်း မေးဦးမလို့ လား…”
“ဟုတ်ပါဘူး”
“ဒါ့အပြင် ဘာကိစ္စမှ မရှိပါလား”
“ရှိတာပေါ့”
“ဘာကိုလဲ”
“မေးစရာ ရှိသေးလို့ပေါ့”
“ဘာကိုလဲ”
“သြော်… နာမည်လေးသိပါရစေ”
“………………..”
“ပြောလေ… နာမည်လေးက ဘာတဲ့လဲ ကွယ်…”
“သိဘူး”
“ဟယ်.ဆန်းလိုက်တာနော်၊ ဒီနာမည်မျိုး ဒီတစ်ခါပဲ …ကြားဖူးတယ်`သိဘူး´ တဲ့”……………………….။

`စနေချစ်သူ’ဝတ္ထုတိုကိုတော့ ရည်းစားများတဲ့ လူငယ်တွေ အကြောင်းဖွဲ့တာပါ။ ကိုယ်တွေ့ မဟုတ်ပါဘူး။ သူငယ်ချင်း ကဗျာဆရာ မောင်သင်းအောင် (မုံရွာ) (ယခု မြင့်ဆောင်)ရေးတဲ့ ဝတ္ထုတိုလေးကို ရေးဟန်ပုံစံသဘောကျတာနဲ့ သူ့ဆီက ခွင့်တောင်းပြီး ပြန်ရေးခဲ့တာပါ။

သုမောင်

မှတ်ချက်။
ဒီဝတ္ထုတိုကလေးကို Perfect မဂ္ဂဇင်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ သိမ်းထားတာလည်း အတော်ကြာပြီ ဖြစ်သောကြောင့် မူလတင်ထားတဲ့ ပိုင်ရှင်အား ခွင့်မတောင်းပဲ တဆင့်ပြန်လည်တင်ပြခြင်းကို နားလည်မည်ဟု ထင်ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။

>









လိုင်းကားတွေပေါ်မှာ တို့လို့တွဲလောင်းနဲ့ လိုက်ပါသွားတဲ့ သူတွေကိုတွေ့တိုင်း ဒီလူတွေ ဘာလို့ ဒီလောက်ထိ အလျင်လိုနေပါလိမ့်လို့ ကျွန်တော် အမြဲတွေးမိတယ်..။ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ သူတို့ရဲ့ လိုရာပန်းတိုင်ကို ရောက်နိုင်ပြီလို့ ယုံကြည်လို့ရင်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီလိုဆိုရင်… အဲဒီလိုလူတွေရဲ့ ဘဝပန်းတိုင်တွေ ဆိုတာကရော… အဲလိုပဲ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ ရောက်နိုင်ပြီလား…

စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာချည်းပဲ….

တွေးမယ်ဆိုရင်လည်း တွေးစရာချည်းပဲ…

ပြောမယ်ဆိုရင်လည်း ပြောစရာချည်းပဲ…

မေ့ပစ်မယ်ဆိုလည်း မေ့ပစ်စရာချည်းပဲ…

မနေ့ညက တာမွေအဝိုင်းကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို သွားဖြစ်တယ်…၊ စီးသွားဖြစ်တဲ့ လိုင်းကားက ဘီအမ်လေးပါ။ ကားက လူချောင်တယ်…၊ ခုံအလွတ်တွေချည်း တော်တော်များများရှိနေလို့ ကျွန်တော်လည်း ထိုင်ခုံရတယ်ပေါ့ဗျာ…။ ကျွန်တော့်ဘေးမှာလည်း အသက် (၂၇)နှစ်လောက်ရှိတဲ့ အစ်ကိုတစ်ယောက် ထိုင်တယ် ဗျ..။ ထမင်းချိုင့်နဲ့ ဘာနဲ့ဆိုတော့ အလုပ်ကနေ ပြန်လာတာဖြစ်မယ်။ ဒီလိုနဲ့ ကားခပေးကြတယ်၊ ကားခက နှစ်ရာ တဲ့…။ ကျွန်တော်ပေးလိုက်တယ်၊ ကျွန်တော့်ဘေးက အစ်ကိုကတော့ တစ်ရာတန်တစ်ရွက်ပဲ ထုတ်ပေးတယ်ဗျ။ ကားစပယ်ရာက “မရဘူး၊..နှစ်ရာ လို့ ပြန်ပြောတယ်။ အဲဒီ အစ်ကိုက မပါတော့ဘူးလို့ ပြောလိုက်ပုံရတယ်…။ ကားစပယ်ရာက မထင်မှတ်တဲ့ စကားတစ်ခွန်းကို ပြန်ပြောလိုက်တယ်ဗျ…

“တစ်ရာဆို မတ်တပ်ထစီး….”

အဲဒီလိုပြောလိုက်ပေမယ့် ဟိုအစ်ကိုက မျက်နှာ တစ်ချက်ပျက်မသွားဘူး၊ အေးအေးဆေးဆေးပဲ မတ်တပ်ရပ် စီးရှာတယ်၊ ကျွန်တော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာနဲ့ သူ့ပုံစံအရ ကျွန်တော်က ထပြီး စိုက်ပေးလိုက်မယ်ဆိုရင်လည်း သူ့ကို စော်ကားရာရောက်မယ့် အခြေအနေမျိုး ဖြစ်နေ တယ်။ သူ့မျက်နှာမှာ သိမ်ငယ်မှု မရှိဘူး၊ ဘာပဲပြောပြော ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့် အဲဒီအစ်ကိုရဲ့ ပုံစံကို သဘောကျလေးစားသွားတယ်။ နောက် တစ်ဆက်တည်း ဒါ ယောကျာ်းတစ်ယောက်ရဲ့ အတ္တနဲ့ မာန ပဲ…လို့လည်း တွေးလိုက်မိတယ်။

ဒါပေမယ့် ဒါ သိပ်တော့ သဘာဝမကျလှဘူး၊ ကားထဲမှာ ထိုင်ခုံအလွတ်တွေရှိနေပါရဲ့နဲ့ လူတစ်ယောက် မတ်တပ် ရပ်စီးနေရတယ်…။ ကားစပယ်ယာရဲ့ အတွေးအခေါ်နဲ့ လုပ်ပုံကပဲ ကျွန်တော် စဉ်းစားမရနိုင်လောက်အောင် လက်တွေ့ ကျနေတာလား၊ ဒီကနေ ဟိုကိုသွားမယ့်ခရီးမှာ…ကားပေါ် လူတစ်ယောက် ထိုင်နေလို့ ကားပိုလေး သွားမှာလား…။ ထိုင်စီးရင်လည်း ဒီခရီး၊ ထစီးရင်လည်း ဒီခရီး…အတူတူ။ ထိုင်ခုံအလွတ်တွေကို ဒီအတိုင်းထား ပြီး ငွေတရာမရှိလို့ ဆိုပြီး လူတစ်ယောက်ကို ညှဉ်းပန်းတာမျိုးလား….။

အဲဒီအဖြစ်လေးကိုကြည့်ပြီး ကျွန်တော် ဆက်တွေးမိတယ်…၊ ပိုက်ဆံတစ်ရာ မပေးနိုင်လို့ ထစီးနေတဲ့ အစ်ကိုဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကိုရုန်းကန်နေရတဲ့ ခေတ်လူငယ်တွေကိုများ ကိုယ်စားပြုနေသလား…၊ ဘာဖြစ်လို့လဲ ဆိုတော့ ငွေအားကိုး၊ လူကပ်အားကိုးနဲ့ ဘလိုင်းကြီး ကျော်တက်ခံရတဲ့အပြင် တစ်ခါတစ်ခါ မတ်တပ်ရပ်စီးဖို့ပါ အမိန်ပေးခံရတာတွေ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်များများ ကြုံတွေ့ခဲ့ရပြီးပြီလဲ…

ဒါပေမယ့်လည်း… ကိုယ့် ရည်ရွယ်ရာပန်းတိုင်လေးတွေဆီ ရောက်ဖို့အတွက်တော့…လက်တစ်ဖက်ကိုင်စာရရင် လက်တစ်ဖက်စာနဲ့၊ ခြေတစ်ဖက်ရပ်စာရုံလေးရရင် ခြေတစ်ဖက်စာနဲ့ ဘဝကို တို့လို့တွဲလောင်း လိုက်ပါဖြတ်သန်း ရင်း ခရီးဆက်နေကြရဦးမှာပါပဲလေ….

>

ဟောင်းနွမ်းသွားတဲ့ ရက်စွဲလေးတွေထဲမှာ နတ်သမီးလေးတစ်ပါး ကြယ်ကြွေတွေနဲ့အတူ လောကမျက်နှာပြင်ပေါ်ကို ကြွေလွင့်သက်ဆင်းလာတယ်။ အနက်ရောင် မိုးသားဇာဝတ်ရုံအောက်မှာ ကြီးစိုးချယ်လှယ် ခံနေရတဲ့ ကမ္ဘာကြီးအတွက်တော့ တဒင်္ဂလေးအတွင်းမှာ ကြယ်ကြွေအလင်းရောင် မှုန်ပြပြလေး ဖြာထွက်သွားတာတောင် ရုတ်တရက် အငိုက်မဲ့ လွတ်လပ်သွားသလိုပါပဲ။ လက်ခနဲဖြာလို့။

✰✰✰✰✰

ကျွန်တော့်ဘဝထဲမှာ စွဲလန်းတမ်းတ အမိဆုံးကတော့ ကျွန်တော်မေမေနဲ့ နေခဲ့ရတဲ့ နေ့ရက်တွေပါပဲ။ အတိတ်တွေ လွင့်ထွက်မသွားခင်အထိတော့ ထိုအချိန်လေးတွေကို နှမြောရမှန်းကို မသိခဲ့ဖူး။ဘဝကို လွယ်လွယ်ဖြတ်သန်းနိုင်အောင် ပေါင်းကူးထိုးပေးခဲ့တဲ့ မေမေ့ကျေးဇူးတွေဟာ ကျွန်တော်အတွက်တော့ ထိုအချိန်က အမှတ်တမဲ့တွေပါပဲ။ အချိန်တိုင်း မေမေရဲ့တွေးပူမှုတွေအောက် ကြီးပြင်းလာရတဲ့ ကျွန်တော့်အတွက်တော့ ငြီးငွေ့မှုတွေ ပြည့်နှက်နေလျှက်ပေါ့။အမေ့ရဲ့ဆန္ဒ တသားထဲကျအောင် နေရမှုကို ခါးသီးနေမိတဲ့ ကျွန်တော်ပေါ့။ ကန့်လန့်တိုက်ခြင်းများစွာနဲ့ အကျွမ်းတဝင် နေခဲ့မိတယ်လေ။ အမေ့ရင်ခွင်ထဲ စိတ်ခပ်တိုတိုနဲ့ ကိုယ်လွတ်မြောက်ရာ ဖွေရှာလိုနေတဲ့ အမေ့ပက်ကြားအက်ကလေး တစ်ခုပေါ့။

အမေကတော့ အပြုံးမပျက်ပါဘူး။အမေရဲ့ အရိပ်စစ်တွေ အေးမြတယ်ဆိုတာ အနေနီးနေတော့လဲ သာမာန်ရောင်းကုန်တစ်ခုလိုပဲ ဈေးနှုန်းမကြီးပါဘူး။ဈေးနှုန်းလဲ မသိပါဘူး။အမေ့ရဲ့ဖြူစင်မှုကြားထဲ ကိုယ့်အတ္တနဲ့ ကိုယ် စွန်းထင်းညစ်ပေရင်းကနေ လူဖြစ်ရက်နဲ့ လူလားမမြောက်ပဲ လုံးလည်ချာလည်ရိုက်လို့ ဗျာများနေတယ်လေ။ ပုခက်လွှဲတဲ့ အမေရဲ့လက်တွေကနေ ထုဆစ်လိုက်တဲ့ အမေ့လက်ရာက ကမ္ဘာကြီးကိုတော့ မကိုင်လှုပ်နိုင်ပေမယ့် နေရာတစ်ထောင့်ကနေ အစွမ်းကုန် ပွင့်အာနေပြီအမေ။

အမေက ချောတယ်။အမေမှာ နှစ်လိုဖွယ် သွားတက်တစ်စုံရှိတယ်။ ကျွန်တော်အမွေမရတဲ့ ပါးချိုင့်လေးလဲရှိတယ်။အဖေနဲ့တူတဲ့ ကျွန်တော်ကို ဘာလိုများအမေရယ်၊ အမေလို အသားဖြူအောင် မမွေးတာလဲလို့လဲ မကြာခဏ အပြစ်တင်မိတယ်။ ကျွန်တော်ဂုဏ်ယူမိတာကတော့ အမေရဲ့ နူးညံ့ပျော့ဆင်းပြီး ပိတုန်းရောင် ဆံနွယ်ရှည်ရှည်တွေလေ။ ဆံပင်လျှော်ပြီးတိုင်း ခြေဖျားအထိ ဖျာဆင်းကြနေလိုက်တာ အမေဖဝါးနုနုတွေပေါ်ကို သက်ဆင်းနေလေရဲ့။အမေက နူးညံသိမ်မွေ့ပေမယ့် အားမာန်ပြည့်တဲ့ အရောင်လက်နေတဲ့ မျက်ဝန်းနက်နက်တစ်စုံကိုလဲ ပိုင်ဆိုင်တယ်။

အမေက ရိုးသားတယ်။သူက ပီကာဆိုကို မသိဘူး။ဒါပေမယ့် အိမ်ကို ဘယ်လိုလှအောင် ဖွဲ့တည်ရမယ်ဆိုတာသိတယ်။ အမေ လေးဖြူရဲ့ ကန္တာရလမင်းကိုလဲ မသိဘူး။သူသိတာ မနက်မနက်ဖွင့်နေကြ တောင်တန်းသာသနာပြု ဆရာတော် ပရိတ်ခွေ။အမေက ဂီတကိုမသိဘူး။ ဒါပေမယ့် ကျွန်တော်အတွက်တော့ ဆိုနီကက်ဆက်လေး ဝယ်ပေးတယ်။ သီချင်းနားထောင်ဖို့တဲ့။အမေက ကဗျာတွေ၊ ကာရံတွေ မသိဘူး။ ကျွန်တော့်ကဗျာတွေ ဖတ်ပြီးတိုင်း ငတ်ချင်နေတဲ့အကောင်တဲ့။ သူသိတာ ကျွန်တော်ပညာရှိကြီး ဖြစ်ရေးကိုး။ အမေက ကမ္ဘာ့ဈေးကွက် ဆိုတာမသိဘူး။ သူသိတာ မနက်ဖြန် ကုန်ဈေးနှုန်းမတက်ဖို့ပဲ။ အမေက ဟမ်ဘာဂါတွေ၊ ပီဇာတွေ မလုပ်တတ်ဘူး။အမေ့လက်ရာ ချည်ရည်ဟင်း တခွက်ကတော့ ကျွန်တော့်အတွက် နတ်သုဒ္ဒါပဲ။

အမေက သဘောကောင်းတယ်။အမေ့ကို ကျောင်းမှာ လောကတ်သန်ကျကွဲတယ်ဆိုပြီး မုန့်ဖိုးလိမ်တောင်ဖူးတယ်။ အမေက ဟက်ဟက်ပက်ပက်ကို ရီပြီး မုန့်ဖိုးတွေ ကုန်သွားပြီလား ဆိုပြီး ပိုက်ဆံထုတ်ပေးတယ်။သားက လောကတ်သန်ကြီးကိုများ ဘယ်လိုချခွဲလိုက်တာများလဲသားရယ်တဲ့။ကျွန်တော် မုန်ဖိုးရဖို့သာ သိတာ အမေက ဘီအီးဒီဆရာမ ဆိုတာ ကျွန်တော်မေ့သွားတယ်။အဘွားက ပြောတယ်။နင့်ကိုယ်ဝန်နဲ့ ကျောင်းအုပ်ဆရာမအဖြစ်နဲ့ ပူတာအိုကို ရွှေ့ရမှာ သူ့ကလေးလေး ဗိုက်ထဲမှာ ရှိနေတာ ဝေးလံခေါင်ဖျားတဲ့နေရာမှာ မွေးရင် ဒုက္ခရောက်မယ်ဆိုပြီး အလုပ်က ထွက်လိုက်တယ်တဲ့။ ကျွန်တော် မှတ်မိတဲ့ အရွယ်ထဲက မေမေက အိမ်မှာနေပြီး ကျွန်တော်တို့ ညီအကို နှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်ပြန်မပေးနိုင်တဲ့ အရာအားလုံး အမေက ကျွန်တော်အတွက် စွန့်လွှတ်ခဲ့လေရဲ့။

အမေက မိုးငွေ့တွေဝေနေတဲ့ စက်တင်ဘာထဲမှာ ကျွန်တော်ကို ထားခဲ့တယ်။ထိုနေ့က အမြဲမက်တဲ့အိမ်မက်ရှည် တစ်ခုပါပဲ။အခုထိတောင် အေးခဲစွာ အမှတ်ရမိနေတုန်းပဲ။ အဲဒီနေ့က ကျွန်တော်ကျောင်းမှာ ကိုးတန်း အတန်းတင် မြန်မာစာဖြေရတဲ့နေ့။ မိုးလေးတဖွဲဖွဲနဲ့ ကျောင်းသားတွေ အကြိုက် အေးအေးလူလူ စာမေးပွဲဖြေကြရတယ်။ ဖြေပြီးလို့ ကျောင်းကဆင်းတော့ ကျောင်းအုပ်ကြီး ရုံးခန်းက ကျွန်တော်ကို လာခေါ်တယ်။ ရုံးခန်းထဲမှာ အဖေရယ်၊ အမေ့မောင် ဦးလေးရယ် စောင့်နေကြတယ်။သူတို့မျက်နှာတွေက အပြင်မှာ ရွာနေတဲ့မိုးတိမ်တွေလို ပြိုဆင်းညိုမှောင်နေတယ်။အဖေကတော့ ကျွန်တော့်လက်ကို ခပ်တင်းတင်းကိုင်ရင်း သား စာမေးပွဲဖြေနိုင်လား။ ကြိုးစားနော်။ သူအသံတွေက တိမ်ဝင်လာတယ်။အဖေနဲ့ အိမ်ပြန်တော့ ကျွန်တော်တို့နေတဲ့ အိမ်ကိုမဟုတ်ဘူး။အမေ့အမေ အဖွားအိမ်ကို။

ကျွန်တော် အဖွားအိမ်ရှေ့လဲရောက်ရော ဆီမြင်ရတာက အနက်ရောင်ဘုတ်ကြီးပေါ်က အဖြူရောင်စာသားတွေ။အပေါ်ဆုံးက အမေ့နာမည်နဲ့ အသက်လေ။ကျွန်တော်မျက်စိတွေ ဘာမှမမြင်စွမ်းနိုင်တော့ဘူး။ မျက်ရည်တွေက ပိတ်ကားတားဆီးလိုက်ပြီလေ။ဒါဆိုရင် အမေက ကျွန်တော်ဆီက ထွက်သွားပြီပေါ့။ချန်ရစ်သူနဲ့ ကျန်ရစ်လေသူ ကြားမှာ သေခြင်းတရားကြီးက သွင်သွင်ကြီး စီးခြားနေပြီလေ။လွတ်ကျသွားတဲ့ အသံက အခုမှ ပဲတင်ရိုက်နေတယ်။ဆရာဦးသုခတို့လို အမေဆိုပြီး တမ်းတမ်းတတ ရွတ်ဆိုရင်း အမေကဗျာတွေ ဖွဲ့ဆိုရတော့မယ်လေ။ငါသေရင်မငိုရဘူးနော် အမေရဲ့မှာတမ်းထဲကနေ မျက်ရည်တွေ သွင်သွင်စီးထွက်ခွင့်ပြုပါအမေ။ သားငိုချင်နေတယ်။တုန်ရီတဲ့ လက်တွေနဲ့ အမေကိုဖွဲ့ဆိုတဲ့ ကဗျာတွေ စပ်ဆိုခွင့်ပြုပါအမေ။

မဆုံးခင် ခြောက်လလောက်ကတည်းက အမေက ကျွန်တော်တို့နဲ့ မနေတော့ဘူး။ အဖေဆီခွင့်တောင်းပြီး အဖွားဆီပြန်နေတယ်။နောက်ပြီး အရင်ထဲက တရားထိုင်နေတဲ့ အမေ အဲနောက်ပိုင်း ပိုပြီး စိတ်လာတယ်။အကြာကြီး ထိုင်နေတယ်။ တရားဓမ္မသံတွေကြားထဲမှာပဲ အမေပျော်မွေ့တော့တယ်။ အသိတရားနဲ့ သူ့သားတွေကို ဥပက္ခာပြုနိုင်အောင် ကြိုးစားခဲ့တယ်။သူဖြေနေတဲ့ အဘိဓမ္မာ ပထမပိုင်းကိုလဲ ဝေဒနာတိုက်ပွဲတွေကြားကနေ ခဲရာခဲဆစ် အောင်မြင်အောင် တိုက်သွားနိုင်ခဲ့တယ်။ သားယုံကြည်ပါတယ်အမေ အမေ ကောင်းရာဘုံဘဝရောက်နေတယ်ဆိုတာကို။

အမေက ကျွန်တော့်ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်တစင်းပါ။ ကြွေသာကျသွားပေမယ့်လဲ အလင်းရောင်တန်းအဖြစ်နဲ့ ဆက်လက်လင်းနေဆဲပါလေ။


✽✽✽✽✽✽✽✽✽✽✽✽


ဝသုန်တည်တဲ့သစ္စာ


အမေ…..
နားရှိတဲ့နေရာကနေ ဒီအသံတွေ ကြားပါစေ။

ဝေးခဲ့တဲ့ရက်လက်ချိုးရေတွက်ကြည့်ရင်လေ တစ်ဆယ့်လေးနှစ်၊
လနဲ့ကြည့် တစ်ရာခြောက်ဆယ့်ရှစ်လ၊
ရက်နဲ့ဆို ငါးထောင်တစ်ရာ့တစ်ဆယ်ပါအမေ။
သက္ကရာဇ်တွေသာခြစားသွားပေမယ့်
အမေ့သားကတော့ မာကြောတဲ့ကျောက်သားတွေလိုပေါ့
ဒီဝသုန်ပေါ် မားမားရပ်လို့ ငေးနေတယ်အမေ။
အမေပေးခဲ့တဲ့ ဂမ္ဘီရအတတ်တွေနဲ့ပဲ
မှော်ဆန်တဲ့ဘဝတွေကို မျက်လှည့်ပြနေရတာပေါ့။
ဂမူးရှူးထိုးအသားကျနေတာ အခုတော့
လေနှင်ရာလွှင့်လို့မျောခဲ့ ကြိုးမဲ့တဲ့စွန်ဖြစ်နေပြီလေ။
အမေ့ရင်ငွေလှုံရင်း ကိုယ်သင်းနံလေးကိုပြန်ရှိုက်ချင်တဲ့
စိတ်ခမ်းကောင်လေ အခွံမဲ့နောင်တတွေနဲ့
အတိတ်တံဆွေးခွက်ထဲ ပလက်မျောနေလိုက်တာများ ဆုံချည်ဆန်ချည်ပေါ့။
အဖန်တရာမက ရင်နာလှတဲ့ လောကဒဏ်ဟာ
ဇာခြင်ထောင်ချသလို ရင်ခွင်ထဲ သွတ်သွင်းဖို့ ချော့မြူနေတယ်။
မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။
ဇာတာမှာ အကျိုးပေးကောင်းပေမယ့်
ရာဇဝင်မှာ အလောင်းလှဖို့တောင် အတော်ကြိုးစားရဦးမယ် အမေ။
အချင်းတွေများခဲ့ပေမယ့် အခုတော့
ထပ်တရာပလာတာလို ကျောခြင်းကပ်လို့သွားတာ
အမေ့ရဲ့ ရင်ခွင်မဲ့သားနှစ်ကောင်ပါအမေ။
အမိမဲ့သားရေဝေးငါးလို့ အားမငယ်တော့ပါလို့
ကိုယ့်ဘာသာအားတွေပေးနေတဲ့ ကိုယ့်ငါးချဉ်လိုချဉ်တဲ့အကောင်ပါအမေ။
ဘဝစာမျက်နှာတွေပေါ် သုညတွေကုဋေစီနေဖို့
တစ်ဆိုတဲ့အစအက္ခရာရှာရင်း မောပန်းလို့နေပေမယ့်
ဟန်ဆောင်လို့ ပြုံးရယ်နိုင်အောင် ကြိုးစားနေဆဲပါအမေ။
လောကကြီးဆိုတာ လုံးဝန်းနေတဲ့ သံသရာဆိုပေမယ့်
ဒေါင်ကျကျပြားကျကျ နေနိုင်အောင်တော့ခင်းကျင်းရမှာပဲလေ။
ငါ့စေတနာငါမရှိမှသိဆိုတဲ့ မေ့ဝမ်းတွင်းစကား
နံရံတွေကြားကလွှင်စင်လာတဲ့ ပဲ့တင်သံလိုအခုထိတောင်နာကြားဆဲပါ။
ပြုံး၍လည်းကန်တော့ခံတော်မူပါအမေ။
ရယ်၍လည်းကန်တော့်ခံတော်မူပါအမေ။
ဆိုးမိုက်တဲ့အမေ့ရဲ့သားဆန္ဒကို အခွင့်ရေးလေးပေးတောင့်တခွင့်ပြုပါ။
အုတ်ချင်းတူပေမယ့် ဘုရားတည်သောအုတ်လို့
မြင့်မြတ်တဲ့အမိဂုဏ်အင်ဟာ မိန်းမသားတွေကြားရေပန်းစားဆဲပါအမေ။
စကြာဝဠာကကောင်းချီးပေးတယ့် အမေ့အဘိဓမ္မာဟာ
ရှစ်သောင်းလေးထောင်အကျယ်ဆောင်လို့ ဖတ်မကုန်နိုင်ပါပဲလေ။
မှန်ကန်သောတရားတွေသာ တည်မြဲနေမယ်ဆို
ဖြူစင်တဲ့အမေ့မေတ္တာ ဘယ်လောက်ကောင်းကြောင်း
သားဥဒါန်းချီရွတ်ဆိုပြနေမယ် အမေ။
ငါသည်ဤသို့ အမေ့၏ဂုဏ်၊အမေ့မေတ္တာ၊အမေ့စေတနာ
ပြန်မှန်းမျှော်ရင်း အဖန်ငါးရာငါးကမ္ဘာဝယ်
ပြန်ကာတလဲတွေ့ချင်သေးတယ်
အမေ့အတွက်သားသစ္စာလေ
ကမ္ဘာမြေပံသု သိလာထုလဲ သက်သေအထူးရှိဆဲပါ။

ဒီပိုစ်လေးနဲ့ပဲ ၂၀၀၉ ခုနှစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။လာမည့် ၂၀၁၀ မှာ သူငယ်ချင်းမိတ်ဆွေအပေါင်း ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေဗျာ။

ဓာတ်ပုံကို အမေဘလောခ့်မှ ကူးယူဖော်ပြပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။

Follow

Get every new post delivered to your Inbox.