Category: သမိုင်းအစအန


>

ဒေါက်တာရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ်တက္ကသိုလ် (Bucknell University) တွင် စတင်ပညာသင်ကြားခဲ့သော ပထမဆုံးသော အမေရိကန်ရောက် မြန်မာလူမျိုး ဆေးကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)သို့ ရောက်ရှိခဲ့သည်။
ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မွန်လူမျိုး ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်း ဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။

သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။ 
၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ သုံးနှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည်သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်။
၁၈၅၈ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်မည့် မြန်မာနိုင်ငံ သုံးဆယ်မြို့တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls)နှင့် တွေ့ဆုံခဲ့ပြီး ဆရာမကြီး၏ ကူညီမှုဖြင့် အမေရိကန်သို့ ပညာသင် လိုက်ပါခဲ့သည်။ ဆရာမကြီးမှာ အားလပ်ရက်တွင် အမေရိကန်သို့ ခေတ္တပြန်ခြင်းဖြစ်ရာ မောင်ရှောလူးက တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ 
၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ နယူးယောက်မှ ကုန်သည်တဦး၏ အထောက်အပံ့ဖြင့် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) လူဝီစဗတ် တက္ကသိုလ် (Lewisburg University) ၌ (၁၈၈၆မှစ၍ ဘက်နယ်လ်တက္ကသိုလ် (Bucknell University) အဖြစ် အမည်ပြောင်းလဲသည်။) ၁၈၅၉ ခုနှစ်တွင် ပညာသင်ခွင့် ရခဲ့သည်။ ပညာသင်ကြားရင်း အားလပ်ချိန်များတွင် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။ အယူအဆဆိုင်ရာ ပါမောက္ခကြီး ဒေါက်တာသောလ်မတ် အက်ဖ် ကာတစ် (Dr. Thomas F. Curtis) ၏အိမ်တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း တဖက်တလမ်းမှ ဝင်ငွေရယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် အခြားမြို့ကြီးများသို့ သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုးများအကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။မောင်ရှောလူသည် လူဝီစဗတ်မှ ဟောပြောပွဲများတွင်လည်း မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်များကို လူဝီစဗတ် ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လည်း ဟောပြောနိုင်ခဲ့သူဖြစ်သည်။

မောင်ရှောလူသည် ၁၈၆၄ ခုနှစ်တွင် လူဝီစဗတ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝိဇ္ဇာဘွဲ့အတွက် ဂရိ၊ လက်တင်ဘာသာ စကားများ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ ဖီလိုဆိုဖီ၊ စိတ်ပညာနှင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို သင်ယူခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ပြည်တွင်းစစ် ဖြစ်ပွားဆဲ ဖြစ်သည်။
ဘီအေဘွဲ့ရပြီးနောက် မောင်ရှောလူသည် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်း (Cleveland) ရှိ  ချို့တဲ့သူများဆေးကောလိပ် (Charity Hospital Medical College) ၌ ဆေးပညာ ဆက်လက် ဆည်းပူးသည်။ ကလေးဘဝက မော်လမြိုင်တွင် ဒေါက်တာ ဂျဒ်ဆင်အား ဆေးကုသပေးမည့် ဆရာဝန် မရှိ၍ အမေရိကန်သို့ သင်္ဘောဖြင့် ပြန်သွားရသည့် ဒေါက်တာ ဂျဒ်ဆင်၏ အဖြစ်ကို ကြုံတွေ့ခဲ့ရသည့် အချိန်မှစ၍ မောင်ရှောလူသည် ဆရာဝန် ဖြစ်ရန် ရည်မှန်းခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ဆေးပါရဂူ အမ်ဒီဘွဲ့ရသည်။ ဂုဏ်ထူးဆောင် အမ်အေဘွဲ့လည်း ချီးမြှင့်ခံရသည်။ ဆေးပညာ သင်ကြားမှု ပြီးဆုံးသောအခါ မောင်ရှောလူသည် အမေရိကန် သမ္မတ အင်ဒရူးဂျွန်ဆင်(President Andrew Johnson)ကို သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်။ အမေရိကန် သမ္မတ၏ မင်းတုန်းမင်းထံ ပေးအပ်သော သဝဏ်လွှာကို လက်ခံ၍ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။

လမ်းခရီး၌ လန်ဒန်တွင် တစ်လ၊ ပါရီတွင် တစ်ပတ် နားနေ လေ့လာ၍ အေအင်၊ သီဟိုဠ်၊ ကာလကတ္တားမှ တဆင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်က စူးအက်တူးမြောင်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတ၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် မန္တလေးသို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်နှင့် မန္တလေးသို့ ခရီးဆက်သည်။ မင်းတုန်းမင်းသည် ဒေါက်တာရှောလူကို ကောင်းစွာလက်ခံတွေ့ဆုံသည်။ နန်းတွင်း မြောက်ဥယျာဉ်တော်၌ အဆောင်တခုပေးကာ နန်းတွင်းစားတော်အုပ်ကို နေ့စဉ် ပို့စေသည်။ ရက် ၂ဝ ခန့်ကြာသော် အောက်မြန်မာပြည်ပြန်၍ ကျောင်းဆရာနှင့် ဆရာဝန် လုပ်ငန်းများ ဆောင်ရွက်ခွင့် တောင်းသည်။ မင်းတုန်းမင်းက ခွင့်ပြု၍ ဆုလာဘ်နှင့် ငွေဒင်္ဂါးများကိုလည်း ချီးမြှင့်ခဲ့သည်။
ဒေါက်တာရှောလူသည် ရန်ကုန်တွင် အင်္ဂလိပ်အစိုးရ၏ အားပေးကူညီမှု မရသောကြောင့် မုတ္တမ၌ ကိုယ်ပိုင်ကျောင်းဖွင့်ကာ အသက်မွေးသည်။ ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာ အခက်အခဲတွေ့ရာ ဆရာအဖြစ် ဝင်ရောက်ကူညီခဲ့သည်။ အေဘီအမ်ကျောင်းတွင် ၁ဝ နှစ်ခန့် ဆရာအဖြစ်ဆောင်ရွက်သည်။ 

ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မစ္စမာရီယာအင်ဂေါကို ကျေးဇူးတုံပြန်သော အားဖြင့် သုံးဆယ်မြို့ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မီလ်ချယ်(Dr. Ellen Mitchell)ထံတွင် လက်ထောက်ဆရာဝန်အဖြစ် ၁ဝ နှစ် ထမ်းဆောင်ပြီးနောက် မော်လမြိုင်၌ပင် ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။ ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမယူဘဲ ဆေးကုပေးသည်။ အသက်ကြီးရင့်သည့်တိုင် လူနာရှိရာသို့ ကိုယ်တိုင်လိုက်၍ ဆေးကုသသည်။ တဖက်တွင်လည်း မော်လမြိုင် အစိုးရကျောင်းနှင့် နောင်မန်ကျောင်းတို့တွင် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ 

ဒေါက်တာရှောလူသည် ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ ဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အင်္ဂလိပ် အမျိုးသမီး မစ္စလူစီပရဲယား(Lucy Pereira)နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၇ ယောက်(သား လေးယောက်၊ သမီး သုံးယောက်) ထွန်းကားခဲ့သည်။ ဇနီး ကွယ်လွန်၍ ၂ နှစ် အကြာ၌ အမေရိကန်သာသနာပြု မိန်းကလေးကျောင်းမှ ကျောင်းအုပ် ဒေါ်ရွှေနှင့် ထပ်မံ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် (သားတစ်ယောက်၊ သမီး နှစ်ယောက်)ရသည်။
ဒေါက်တာ ရှောလူသည် မော်လမြိုင်မြို့၌ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၅း၃ဝ တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင်-

In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
“All the way Saviour Leads me”
ဟု ရေးထိုးထားပေးကြပါသည်။
“မြန်မာ တိုင်းရင်းသားများ ထဲမှ အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ကလိဗ်လင်း ဆေးကောလိပ်မှ ဆရာဝန်ဘွဲ့နှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကို ပထမဆုံးရခဲ့သူ။ ထူးခြားသည်မှာ အိန္ဒိယနှင့် အမေရိကန်သို့ ကိုယ်ထူးကိုယ်ချွန် စွန့်စားကာ ပညာသင် သွားရောက်ခဲ့ပြီး ခရစ်ယာန်ကောင်း ပီသစွာ ဆရာဝန်ပညာနှင့် ကျောင်းဆရာ လုပ်ငန်းကို အခကြေးငွေ အဓိက မထားဘဲ ဆင်းရဲသားများ အကျိုး ဆောင်ရွက်ခဲ့သော ပရဟိတ ပညာရှင် တဦး ဖြစ်ခြင်းပင် ဖြစ်သည်” …
 [မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်ပါ "အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉)" အတ္ထုပ္ပတ္တိမှ]
မှီငြမ်းချက်များ
·         Bucknell University
·         Dhammyut Mon
·         ၂ဝဝ၈-ခုနှစ်၊ ဒီဇင်ဘာ(၂၄)ရက်ထုတ် Weekly Eleven ဂျာနယ်မှ ဆရာတင်နိုင်တိုး၏ ဆောင်းပါး
·         ဆရာမင်းယုဝေ၏ ပထမမြန်မာများ
·         ဆရာမောင်ဇေယျာ၏ မြန်မာလူကျော် ၁၀၀(ပထမအုပ်)   

ဆက်လက်ကြိုးစားပါဦးမည်။

                               

>

ငယ်စဉ်ကျောင်းနေအရွယ်တုန်းက သင်ခဲ့ရဖူးသည့် ကွမ်းအကြောင်းရေးစပ်ထားတဲ့ ကဗျာလေးနှစ်ပုဒ် အကြောင်းကို “ငယ်ဘဝမှာမှတ်မိသောကဗျာများ”ဆိုတဲ့ တက်ပိုဒ်လေးမှာ ထည့်ရေးခဲ့ဖူးပါတယ်။ ဒီကွမ်းယာ၊ ကွမ်းသွေးအကြောင်း အပြိုင်ရေးဖွဲ့ခဲ့ကြတဲ့ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့ကို လူတိုင်းနီးပါးလောက်က သူတို့အကြောင်းနှင့် သူတို့နှစ်ဦး အပြိုင်ရေးစပ်သီကုန်းခဲ့ကြသော အခြားသောကဗျာတွေကို သေချာမသိကြပေမယ့် လူဦးမင်းရယ်၊ ဖိုးသူတော်ဦးမင်းရယ် လို့သာဆိုလိုက်ရင်ဖြင့် အကုန်နီးပါးသိကြဖူးမှာပါ။ (ကျွန်တော်လဲ အတူတူပါပဲ။) သူတို့နှစ်ဦးဟာ မြန်မာတို့ရဲနောက်ဆုံးနန်းဆက် ကုန်းဘောင်မင်းဆက်မှာ အတော်လေးကို အမည်ကျော်ကြား ဂုဏ်သတင်းထွားခဲ့ကြတဲ့ မြန်မာ့စာဆိုတော်ကြီးတွေထဲမှာ ပါဝင်တဲ့ မြန်မာကဗျာစာဆိုနှစ်ဦးပါပဲ။
ဖိုးသူတော်ဦးမင်း
ခတ်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်-ချီ တောင်သူကြီးရုပ်ဖွဲ့ ဒုံးချင်းရေးသူ ဖိုးသူတော်ဦးမင်း၏ မွေးဌာနီမှာ မိတ္ထီလာကန်အောက် ပင်းတလဲမြို့အနီး ရေဝေရွာ ဖွားရာဇာတိဖြစ်သည်။ ငယ်အမည်မှာ “မောင်မင်း” ဖြစ်သည်။ နောက်ဖိုးသူတော်အဖြစ်နေရာ ငယ်နာမည်မပျောက်ပဲ ဖိုးသူတော်ဦးမင်းဟု အမည်ထင်ရှားလေသည်။ အမရပူရမြို့ ပုဂံမင်း၊ မင်းတုန်းမင်းတိုရဲ့ ဘကြီးတော် ရတနာပူရ စတုတ္ထမင်းတရားကြီး (စစ်ကိုင်းမင်း) လက်ထက်တွင် စာတိုတော်အဖြစ်ဖြင့် ဝင်ထွက်ခစားရသည်။ စာဆိုတော် လူဦးမင်းနှင့် အချီအချဆိုရ ရေးရသည်။ကုန်းဘောင် ရွှေဘိုမင်းတရားကြီး လက်ထက်အထိ ဖိုးသူတော်ဦးမင်းသည် တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ လေးချိုးကြီး၊ ရတု၊ ဒုံးချင်းများကို ရေးသားဖွဲ့ဆို သီကုန်းလေ့ရှိသည်။
ရေဝေရွာကို နှုတ်လွှတ် “ရဝေ”ဟု အခေါ်များကြသည်။ ရှေးက ယင်းအရပ်၌ မိုးရွာသွန်းသည့်အခါ တောရေတောင်ရေများ ပြည့်လျှံတက်လာရာ အရှေ့ဘက် မိတ္ထီလာကန်အရောက် စီးဆင်းသွားသည်။ထိုအရပ်မှနေ အရှေ့အနောက်သို့ ရေများခွဲဝေ စီးဆင်းသွားကြသဖြင့် “ရေဝေအရပ်”ဟုခေါ်ကြောင်း မှတ်သားရပေသည်။
သက္ကရာဇ် ၁၁၉၉-ခုနှစ်တွင် ကုန်းဘောင်ရွှေဘို မင်းတရားကြီး နန်းတတ်၍ ဥကင်သမင်္ဂလာ အခမ်းအနားဖွင့်သောအခါ အမတ်ကြီး ဦးပေါ်ဦးစာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား ဒုတိယ န၀ဒေးတို့နှင့်အတူ ဘုန်းတော်ဖွဲ့ ရတုများကို အပြိုင် ရေးသားဆက်သွင်းရသူဖြစ်သည်။
လူဦးမင်း
သက္ကရာဇ် ၁၁၆၂ ခုနှစ် တပေါင်းလဆန်း ၅ ရက် အင်္ဂါနေ့ဖွားမြင်သည်။ဇာတိမှာ ရွှေဘိုမြို့ မြောက်လက်အရပ်၊ ရှေးအခေါ် ငါးရာနဲ၊ ယခုအခေါ် ငရနဲဇာတိဖြစ်သည်။ငယ်မည်မှာ မောင်စံရွှင် ဖြစ်ပြီး မယားမှာ ငရနဲမြို့သူ မခက်ဖြစ်သည်။
အမရပူရ ဒုတိယမြို့တည် ကုန်ဘောင်မင်းတရားလက်ထက် နေမျိုးသီရိကျော်ထင် ဟူသောဘွဲ့အမည်ဖြင့် ကွမ်းဖိုးစား၊ ကွမ်းဖိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်ရသည်။
ပုဂံမင်းတရားလက်ထက် ယောက်ဖမင်းသား မောင်ကျောက်လုံးက ကွမ်းဖိုးထိန်း နေမျိုးသီရိကျော်ထင်ကို သနားတော်မူပါမည့်အကြောင်း သံတော်ဦးတင်ရာ ခွင့်သနားတော်မူသောကြောင့် မင်းသားမောင်ကျောက်လုံးနှင့် အတူနေရသည်။နောင် တောင်ငူ၊ ရွှေကျင်သို့ စစ်ချီရာ လိုက်ပါရ၍ ရွှေကျင်မြို့၌ ခေတ္တနေရသည်။
နောက် မင်းတုန်းမင်းတရားကြီးလက်ထက်တော်၌ အိမ်ရှေမင်းတပ်မင်းတော်တွင် ခစားရသည်အခါ နေမျိုးသင်္ခယာဘွဲ့အမည်ဖြင့် နာခံတော်ရာထူးကို သနားတော်မူ၍ ရိက္ခာတော်လစားများဖြင့် ချီးမြှောက်ခံရသည်။
စာဆိုတော် ဖိုးသူတော်ဦးမင်းဆက်သွင်းသမျှ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ ဘုန်းတော်ဘွဲ့၊ လေးချိုးကြီး၊ ဒုံးချင်း၊ ၁၂ရာသီဖွဲ့သော သီချင်း၊ ကဗျာများကို ဖတ်လျှောက်ရသည်။
မိမိကိုယ်တိုင်လည်း လေးချိုးကြီး၊ တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ ၁၂ရာသီဖွဲ့၊ ဒွေးချိုး၊ လေးချိုး၊ သီချင်းများကို ရေးသားလေ့ရှိသည်။၁၂၃၃ ခုနှစ် အသက် ၇၁နှစ်မှာ အဖျားရောဂါနှင့် အနိစ္စရောက်ရသည်။
လူဦးမင်းအနိစ္စရောက်သည့်အခါ ဝတ်လျှက်ရှိသော အင်္ကျီအိတ်ထဲမှ ထန်းရွက်စာလွှာလေးတစ်ခု တွေ့ရသည်မှာ-
“အဇ္ဇတဂ္ဂေ၊ နေ့ရေလို့ လွမ်း။
နှမမောင့်ကိုချစ်တာဖြင့် နည်းရစ်တော့ဝမ်း။”
ထိုစာလွှာလေးကို ကျန်ရစ်သူဆွေးမျိုးတို့က လူဦးမင်းဇနီးကိုပေး၍ လူဦးမင်း၏ နောက်ဆုံးအချိုး သဖြန်းလေးကို သူဇနီးသည်က ကောင်းစွာသိမ်းဆည်းထားလေတော့၏။
လူဦးမင်း၏အကြောင်းကို စစ်ကိုင်းမြို့ ညောင်ပင်သာဆရာကြီး သူတော်ဦးပုည မိန့်ချက်မှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီးလက်ထက်တော်တွင် မုံရွေးဆရာတော်မေတ္တာစာကို သက္ကရာဇ် ၁၁၈၉ ခုနှစ် နယုန်လဆန်း ၃ ရက် တနင်္လာနေ့တွင် ရေးစီ၍ပြီးသည်။ နောက်တနေ့ နယုန်လဆန်း ၄ ရက်တွင် ဘကြီးတော်မင်းဆီသို့ ဆက်သွင်းရာ ဖောင်တော်ဦး စနုဆောင်တွင် စံတော်မူနေစဉ် ညီလာခံမူးမတ်အပေါင်းတို့ရှေ့တွင် ရွှေတိုက်အတွင်းဝန်မင်းကြီး မဟာသက်တော်ရှည် ဆက်သသည်။ သံတော်ဆင့် မင်းကျော်သီရိ ၊ ငယ်မည် မောင်ရွှင်ဟု ဖတ်လျှောက်ရသည်ဟု မိန့်သည်။ ထိုမောင်ရွှင်ဆိုသူမှာ မောင်စံရွှင် ခေါ် လူဦးမင်းဖြစ်ပေသည်။
ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ ကျော်စောသောအခါသည်ကား ဘကြီးတော်မင်းတရား နန်းမတော်မယ်နုတို့ လက်ထက်က စလာပေသည်။
ထိုလက်ထက်တော်က ဖိုးသူတော်ဦးမင်းနှင့်အတူ စာဆိုတော်အမှုကို ထမ်းရွက်ရသောကြောင့် လူမောင်မင်း ဟုခေါ်တွင်စေရန် အမိန့်တော်မှတ်တော်မူသဖြင့် လူမောင်မင်း ဟု ထင်ရှားခြင်းဖြစ်သည်။
ရတနာပူရအင်းဝမြို့ နန်းမတော်မယ်နု တောင်လေသာ၌ ညအခါလသာတွင် စံတော်မူနေစဉ် ဦးမင်းနှစ်ပါးအား “မောင်မင်းတို့ စာဆိုရမည်။ သူတော်ဦးမင်း စာခံတာကို လူဥိးမင်းက စာ အုပ်ရမည်”ဟု မိန်တော်မူသဖြင့်-
သူတော်ဦးမင်းက – ကုဏ္ဍလာ ဒုမ္မာကပေါ။
လူဦးမင်းက – ဂုမ္ဘောဂုမ္ဘီနှင့် တပသီဇာဓိုရ်ဝိတ်ကယ်တို့ ဆေးကြိတ်တဲ့တော။
နောက်တနေ့ နန်းမတော်ကြီးက ပဲဖြူပြုတ်ကလေး ပွဲတော်တည်နေရင်း
“ဆရာကြီးတို့ ပဲဖြူကလေးသည် ငါတို့နိုင်ငံကသာထွက်လို့သာ။ တစ်ပါးနိုင်ငံကထွက်ရင် ပဲတစ်ပြည် ရွှေတစ်ကြက်ဥတန်တယ်။ အလွန်မှ စားလို့အရသာရှိပေတယ်။ လူမောင်မင်းက စာခံ၊ သူတော်ဦးမင်းက စာအုပ် စာဆိုရမည်။ ”
လူဦးမင်း- ပဲကလေးက စိမ့်လိုက်တာ၊ ပြောစရာ ရဘူး။
သူတော်ဦးမင်း- ညအခါ လသာကို တော်သုံးတယ်၊ လေပုန်းကမြူး။
နန်းမတော်ကြီးလဲ ရယ်တော်မူ၍ ဆုတော်များပေးတော်မူသည်။
ထားဝယ်မြို့ဝန်က မယ်ကယ်နှစ်ကို လှပစွာပြုလုပ်၍ နားပန်တော် ဆက်သရာ ထိုနားပန်းတော်ကို စာဆိုတော် လေးဦး စာဆိုတော်မူပြီးမှ ပန်တော်မူမည် ဟု မိဖုရားကြီးမိန့်တော်မူချက်အရ ပထမအပိုဒ်ကို လူဦးမင်း၊ ဒုတိယအပိုဒ်ကို ဖိုးသူတော်ဦးမင်း၊ တတိယအပိုဒ်ကို ရကန်ဆရာကြီး ဦးတိုး၊စတုတ္ထအပိုဒ်ကို ရကန်ဖျက်ဆရာ ဦးလန်း စာဆိုတော် လေးဦးက အလှည့်ကျ နှုတ်ဖြင့်လျှောက်တင်ကြသည်မှာ -
လူဦးမင်း။ ။ ဆင်တော်ရန် ပန်နားကပ်၊ ကျောက်မြတ်ကတဲ့ မခြယ်၊
ဖိုးသူတော်ဦးမင်း ။ ။ သင်္ဘောပါ မယ်ကယ်နှစ်မှာ၊ နတ်ယစ်သည့်နှယ်၊
ရကန်ဦးတိုး။ ။ သီလကုတ် ကြောင်ကြိုးသွယ်၊ စံပယ်တင်ခြယ်သန်း၊
ရကန်ဖျက်ဦးလန်း။ ။ ရွှေဥဘာ ရောင်ခြည်ဝှေ့တယ်၊ နန်းမေ့ဆင်ပန်း။
ရုတ်ခြည်းပေါ်၍ ဆီလျော်အောင် မဆိုင်းမတွ လျှောက်ဆိုကြလျှင် မိဖုရားခေါင်ကြီး အလွန်ဝမ်းမြောက်တော် မူပါသဖြင့် နားပန်းတော် ဆင်မြန်းတော်မူပြီးလျှင် စာဆိုတော် လေးယောက်တို့ကို ဝတ်စုံတစ်စုံစီနှင့် တစ်ပိဿာရှိ ဒိုင်ခွက်တစ်ခွက်စီ ချီးမြှောက်တော်မူလေသည်။

ဆက်ရန်……

ဆက်လက်ကြိုးစားပါဦးမည်။

>

မြန်မာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ မြန်မာသွေး (ရိုးရိုးသွေးတောင်မဟုတ်ဘူး၊ ဗမာ့တော်ဝင်သွေး) တစ်ဝက်ပါတဲ့ သူမအလှဟာ ဘယ်လောက်လှပ ကျက်သရေရှိလိုက်သလဲဗျာ။
ဘိုကပြား အင်္ဂလိုဗားမားတစ်ယောက်ဖြစ်တဲ့ သူမဟာ လွန်ခဲ့သော သုံးဆယ်ငါးနှစ်ကျော်လောက်တုန်းက မြန့်မာသမိုင်းမှာ ဟိုးလေးတစ်ကျော် နာမည်ကျော်ကြားဖူးသူ တစ်ယောက်ပါ။ ကျွန်တော်တောင် ကျွန်တော့် အဖေပြောပြလို့ သူမနာမည်ကို ကြားခဲ့ဖူးတယ်ဆိုယုံ လောက်ပါပဲ။ သူမနာမည်ကြားခါစကဆို အတော်လေးလှတဲ့ နာမည်ပဲလို မှတ်ယူခဲ့ဖူးတယ်။ နာမည်လေးတင်လှတာမဟုတ်ပဲ သူမဓာတ်ပုံ မြင်တော့လဲ တခေတ်တခါက အတော့်ကို နာမည်ကြီးခဲ့တာပဲဆိုတာ နဖူးတွေ့ဒူးတွေ့ယုံသွားတော့တယ်ဗျာ။သူမ အမည်ကတော့ “ရတနာနတ်မယ်” ဆိုတာပါပဲ။

ရတနာနတ်မယ်သည် နိုင်ငံတော်သမ္မတကြီးဟောင်း ဦးနေဝင်း၏ တတိယ အိမ်ထောင်ဘက် ဖြစ်ခဲ့ပါသည်။ မြန်မာပြည်ရဲ့ First Lady တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ရတနာနတ်မယ်သည် သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ပြင်ဦးလွင်၊ မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နှင့် လင်းပင်ထိပ်တင်မလတ်၏ သမီးဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့၍ အဖိုးအဖွား ဖြစ်သော လင်းပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသော ကလေးဟုဆိုကာ လင်းပင်ထိပ်တင်မလတ်၏ သမီးကို ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ ကနောင်မင်းသား၏ မြစ်တော်တယောက် ဖြစ်သည်။

၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း

လင်းပင် မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်က အသက် ၃၆ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးသည်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ ၁၉၂၁ခု အောက်တိုဘာလမှာ လက်ထပ်ခဲ့ပါသည်။ သားလေး ၂ယောက် ရသည်။သူမကို အချို့က သစ်ခွစုဆောင်းသူလို့ ပြောခဲ့ကြပါတယ်။ သေချာတာကတော့ သူမဟာ မြန်မာပြည်မှာ အတော်ကြာကြာ နေထိုင်သွားခဲ့ပါတယ်။

လင်းပင်မင်းသားကြီး နှင့် ရေနံသာခင်ခင်ကြီးတို့နှစ်ဦးစလုံးက ချောမောခန့်ညားကြသလို သူတို့ရဲ့သမီးတော် ထိပ်တင်မလတ်ကလည်း ချောမောပြီး အင်္ဂလိပ်အသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။။ သူနဲ့ Mr Herbert Bellamy ကမွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဖိုးအဖွားရဲ့ အလှအပေတွေ စုပြီး မြန်မာသွေးနဲ့ အနောက်သွေးနှောတဲ့သူမို့လို့ အင်မတန်လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းထဲ ကြီးပြင်လာခဲ့သူမို့ ရတနာနတ်မယ်ဟာ လူဂုဏ်တန်နဲ့ အင်္ဂလိပ်အသိုင်းအဝိုင်းထဲမှာ ထင်ရှားခဲ့ပါတယ်။

ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄)မှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါသည်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါသည်။

ယခုအခါမှာတော့ အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။

Ms June Rose Bellamy

ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။

Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်းညွန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမ္ဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။

လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။ နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။

နောက်ပြီး ရတနာနတ်မယ်ရဲ့ အကြောင်းတွေ ထပ်သိချင်ရင်တော့ ဒီနေရာလေးတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။
Griffith Review
ဝီကီမြန်မာ
ညီလင်းဆက်
Studio June Bellamy
LIFE Images (ရတနာနတ်မယ်၏ ငယ်ရွယ်စဉ်ပုံရိပ်များ)

Follow

Get every new post delivered to your Inbox.