Category: ဆောင်းပါး


>

မိဘတိုင်းရဲ့ စိတ်မှာ သားသမီးတွေအပေါ် လိမ္မာတဲ့ သားသမီးလေးတွေဖြစ်ဖို့သာ ရည်သန်ကြမှာပါ။ ဆိုးပါတယ်ဆိုတဲ့ သားသမီးတွေ ဘယ်လိုချင်ကြမတုန်း။ မိဘဆိုတာကတော့ လိမ္မာတာ၊ မိုက်တာရယ်လို့ ခွဲခြားပြီး မမြင်နိုင်ကြပါဘူး။ သားသမီးတိုင်းကို သာတူညီမျှ တသားထဲသော မေတ္တာစစ်စစ်တွေနဲ့ မိဘတိုင်းက ချစ်ကြတာချည်းပါ။

ဒီလိုပါပဲ သားသမီးတွေ၊ ကလေးတွေကလည်း မိုက်ချင်တိုင်းမိုက်နေကြတာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အသိလေးတွေမှာ သူတို့မိဘတွေက သူတို့ကို မေ့နေတယ်လို့ထင်ပြီး အမြင်အယူအဆတွေ ကွဲပြားနေကြတာပါ။ ဒီလို ဒွိဟစွာ ကွဲပြားနေ လွဲမှားနေတဲ့ အယူအဆတွေကို ရင်ခြားစေ့အောင်က အုပ်ထိန်းသူ မိဘတွေကလည်း မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဝေဖန်ကြည့်စေချင်ပါတယ်။

အခုခေတ်မှာ မိဘတစ်ချို့တွေဟာ ငွေတွေ၊ စည်းစိမ်တွေ၊ပကာသနတွေနောက် အရမ်းကာရော လိုက်နေကြတော့ ကလေးတွေ အမြင်မှာ ငါ့မိဘက ငါ့ကို မချစ်ဘူးလို့ မြင်လာကြရော။ မိဘတွေကလည်း ကလေးတွေအကြိုက် လိုက်ရောလိုက်ရင်ပြီးရော ဒါမိဘမေတ္တာပဲ ဆိုရင်တော့မှားပြီ။
အခုခေတ် အခြေအနေကလည်း နေရာတကာ ငွေဆိုမှငွေ၊ ကျန်တာ ဘာမှအရေးမကြီးဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ခေတ်ဗျ။ အဲဒီတော့ မိဘအများစုကလည်း ငွေနောက်ကို သဲကြီးမဲကြီး လိုက်နေကြရတယ်။ ကလေးတွေ အတွက်ပေးဖို့ အချိန်ဆိုတာ မရှိဘူးဖြစ်နေတယ်။ ကလေးတွေကို နာနီတွေနဲ့ထား၊ အမျိုးတွေနဲထားခဲ့ကြရတယ်။
အချိန်တန် အိမ်ပြန်လာရတော့လည်း မိုးချုပ်တော့ ကလေးနားနေဖို့ အချိန်လဲမပေးနိုင်ဘူး။ ရောက်တာနဲ့ ပင်ပန်းလို့ အိပ်ရော။ ဒီလိုနဲ့ပဲ ကလေးတွေနဲ့ မိဘတွေကြားမှာ ဝေးကွာသထက် ဝေးကွာလာပါတယ်။

ကလေးတွေရဲ့ဘဝကိုလည်း စဉ်းစားကြည့်ပါဦး။ ကိုယ့်မိဘနဲ့ တနေ့နှစ်ခါလောက်ပဲ တွေ့ရတာ။ သူတို့မိဘတွေနဲ့ နီးနီးကပ်ကပ် နေဖို့ကြပြန်တော့လည်း မိဘတွေကလည်း အလုပ်ကိစ္စတွေများလို့ ပင်ပန်းပြီးနားချင် ကလေးတွေကလည်း ဟိုဟာပူစာ၊ ဒီဟာပူစာဆိုတော့ စိတ်ရှုပ်ရှုပ်နဲ့ ရော့… အင့်ဆိုပြီး ငွေပေးရောဗျာ။
တဘက်က ကလေးတွေရဲ့ဆန္ဒကြတော့ တကယ်တမ်းကြတော့ ဒီငွေတွေ သူတို့မလိုချင်ဘူး။ သူတို့ရဲ့ရင်တွင်းခံစားချက်၊ သူတို့ရဲ့ ဘဝအကြောင်း၊ ကျောင်းအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ဒါတွေကို မိဘတွေ သိအောင်ပြောပြချင်တယ်။ ဒါပေမယ့် သူတို့တွေက ဒါတွေကို ဘယ်လိုပြောရမှန်းမသိဘူး။ မိဘတွေကလဲ အချိန်ပေးပြီး သေချာမမေးဘူး ဆိုတော့ကာ အခက်တွေ့နေကြတာပေါ့။
ဒီလို သားသမီးနဲ မိဘတွေကြား တစ်ယောက်နဲ တစ်ယောက် နီးနီးကပ်ကပ် နေကြပေမယ့် နှလုံးသားတွေ တစနဲတစ ဝေးလာကြတာ သူတို့ကို သူတို့တောင် မသိလိုက်ကြပါဘူး။ ဒီလိုအခြေအနေက ကလေးတွေ ငယ်တုန်းဆို သိပ်ပြီး ပြဿနာမရှိ၊ သိပ်မသိသာဘူးပေါ့။ ဟော… သူတို့လဲ အရွယ်ရောက်လာရော အဲဒီမှာ ပြဿနာစတော့တာပါပဲ။
သူတို့အသိစိတ်ကလေးတွေမှာ ငါ့မိဘက ငါတို့ကို ချစ်မှမချစ်တာ၊ ငါတို့လိုသလောက် တောင်းသလောက် ငါတို့မိဘတွေက ပေးနေတာပဲ ဆိုတဲ့အသိတွေ ဝင်လာပြီး ငါတို့လုပ်ချင်တာ လုပ်ပစ်မယ်ဆိုပြီး သူတို့တွေရဲ့စိတ် ရောက်ရာပေါက်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြပါတယ်။
တကယ်တော့ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမှန်တယ်ဆိုတဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည် ဒီအရွယ်တွေမှာ အလွန်နည်းပါသေးတယ်။ တချို့မိဘတွေက ဒီလိုအဆိုးအကောင်း ပိုင်းခြားတတ်အောင် ငါတို့ကလေးတွေကို ငါတို့ ကျောင်းထားပေးထားတာပဲ။ ဟုတ်ပါတယ်။ တစ်ချို့တစ်ဝက်တော့ မှန်ပါတယ်။
တကယ်တမ်း ကလေးတွေရဲ့ စိတ်ထဲမှာ ကျောင်းက သင်ပေးတဲ့ စာတွေကို (ကျွန်တော်တို့ရဲ ကျောင်းတွေမှာပါ) သူတို့တွေရဲ့ ဘဝအတွက် နောင်အသုံးဝင်လာမယ်လို့ မထင်ကြပါဘူး။ ဒီစာတွေကို မိဘက သင်ခိုင်းလို့ သာသင်ရတယ်။ စိတ်ထဲတော့ မရှိလှဘူးပေါ့။ ဒီစာတွေတတ်ရင် ဘွဲ့လေးတစ်ခုတော့ရမယ်။ ဘဝအာမခံချက်တော့ မရှိလှဘူး စသဖြင့် ဒီလိုအယူစွဲလေးတွေ ရှိနေကြတာပါ။
ဘယ်နည်းဘယ်လမ်းက ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို ကလေးတွေက ပြင်ပဗဟုသုတစာတွေဖတ်မှ သိနားလည်ကြမှာပါ။

စာဖတ်ဖို့ ဆိုတာကလည်း အကျင့်ဗျ။ လုပ်ယူမှရတာ။ မလုပ်ယူပဲ ဘယ်ကလေးမှ အလိုလျှောက် စာဖတ်ဝါသနာမပါကြပါဘူး။ (ကျွန်တော်ဆိုလိုတာ မိဘရဲ့ဗီဇအရ ပင်ကို စာဖတ်ချင်နေတဲ့ ကလေးတွေမပါပါဘူး။)

တကယ်တမ်း စဉ်းစားကြည့်ရင် စာဖတ်တာ ဝါသနာပါဖို့ ဆိုတာအတော်ခက်တာဗျ။ ကလေးတိုင်း ကာတွန်းစာအုပ်ကို ငယ်စဉ်က ဖတ်ဖူးကြမှာပါ။ အဲဒါက ကလေးတွေ စာဖတ်တတ်လာဖို့ စတာပါပဲ။ ဒါပေမယ့် အဲဒါဟာ စာဖတ်ဝါသနာရဲ့ အစမဟုတ်ဘူး။ စာဖတ်ဝါသနာ ပါလာဖို့ဆိုတာ မိဘတွေရဲ့ နည်းပေးလမ်းပြ လိုအပ်ပါတယ်။
မိဘကိုယ်တိုင်က စာဖတ်ဝါသနာမပါဘူး ဆိုရင်တော့ သူတို့ကလေးတွေလဲ စာဖတ်ဝါသနာရှင်လေးတွေ ဖြစ်လာအောင် ဘယ်လိုမှ အကြံပေးနိုင်မှာ မဟုတ်တော့ဘူး။ မိဘတွေကလဲ ကလေးတွေ စာအတော်အတန် ဖတ်နိုင်လာပြီဆိုရင် ဘယ်စာအုပ်ကို ဖတ်သင့်တယ်၊ ဘယ်စာအုပ်က ကောင်းတယ်ဆိုတာကို အကြံပြုသင့်တယ်။ မဟုတ်လို့ကတော့ ကလေးတွေက အပျော်ဖတ်စာတွေကိုပဲ ဖတ်ချင်သွားရော။
စာပေကို စော်ကားတာ မဟုတ်ပါဘူး။ ခေတ်အခြေအနေအရ စာပေလောကကြီးထဲမှာ အသားဖြူးဆေးကြော်ငြာတွေနဲ့ ဟိုလောက ဒီလောက အတင်းသတင်းတွေ ချည်းရေးသားထားတဲ့ စာပေတွေများပြားလာတာ တွေ့နေရလို့ပါ။ ကလေးတွေရဲ့ ဥာဏ်ရည်အဖွံဖြိုးဆုံးအရွယ်၊ မှတ်သားအား အကောင်းဆုံး အရွယ်တွေမှာ သူတို့ ဖတ်သင့် မှတ်သင့်တဲ့ စာပေတွေကို မိဘတွေက ရှာဖွေလမ်းကြောင်းဖို့ ပြောတာပါ။
ကလေးဆိုတဲ့ သဘာဝကလည်း အတုခိုးအရမ်းမြန်တယ်ဗျ။ သူတို့မှာ ဝေဖန်စဉ်းစားဖို့ဆိုတာ မသိသေးတော့ လူကြီးမိဘတွေ ဘာလုပ်လဲဆိုတာပဲ ကြည့်နေကြတာ။ မိဘက ရွှေစကား၊ ငွေစကားပြောရင် သူတို့လဲ ရွှေစကား ငွေစကားပြောမှာပဲ၊ မိဘက စာစကား ပေစကား ပြောတယ်ဆို သူတို့လဲ စာစကား၊ ပေစကားပြောမှာပါ။
ဆိုးပါတယ်ဆိုတဲ့ ကလေးတွေကိုကြည့်ရင် ရာခိုင်နှုန်းအများစုက သူတို့လေးတွေရဲ့ မိဘ(ဝါ) အုပ်ထိန်းသူ၊ သူတို့ရဲ့ ပတ်ဝန်းကျင်တွေကြောင့် ဆိုးတာပါ။ တစ်ချို့ကြတော့ ပင်ကိုဗီဇဗျ။ အဲဒီလို ကလေးကျ ခက်ရောဗျို့။ အဲဒီ့ဆိုးတဲ့ ဗီဇတွေကို သူတို့ငယ်ရွယ်စဉ်မှာ ထိန်းကြောင်းပြုပြင် လိုက်နိုင်ရင်တော့ ရေရှည်မှာကောင်းရော။
မိဘတွေကလည်း မွေးပြီးပြီးရောဆိုပြီး ကလေးတွေကို ဒီအတိုင်း ပြစ်မထားကြပါနဲ့။ ကိုယ့်ရင်သွေးမှာ ဘယ်သူက ဆိုးလာနိုင်တယ်၊ ဘယ်သူက ကောင်းလာနိုင်တယ်ဆိုတာ မိဘတွေ ကောင်းကောင်းသိကြပါတယ်။ သားသမီးဆိုတာ ကိုယ့်သွေးကိုယ့်သားက ဖြစ်တာဆိုတော့ အနဲနဲ့အများ သူတို့ဆီမှာလည်း ကိုယ့်ရဲကောင်းမွေ ၊ ဆိုးမွေလေးတွေတော့ ပါလာကြမယ်ဆိုတာ မိဘတိုင်းသိကြပါတယ်။
ဒီတော့ကာ ကိုယ့်သားသမီးတွေ မဆိုးလာဖို့ဆိုတာ မိဘတွေဆီမှာ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်နိုင်ဖို့အသိတွေ လိုအပ်လာပါပြီ။ ကိုယ့်ကလေးတွေ လိမ္မာစေရန် သွန်သင်ဖို့ နည်းလမ်းဆိုတာ မိမိရဲ့ကိုယ်မှာ၊ မိမိပတ်ဝန်းကျင်မှာ အမြဲတစေရှိတတ်ပါတယ်။
ကလေးတွေရဲ့ရှေ့မှာ သူတိုလေးတွေဆိုးတာ၊ ညံ့တာတွေကို ခဏခဏ မပြောမိကြပါစေနဲ့။ သူတိုတွေရဲ့ နားကနေတဆင့် ဦးနှောက်ထဲမှာ ခဏခဏကြားပြီး သူတို့ဘဝ ဆိုးလှပါတယ်ဆိုပြီး လုပ်ချင်ရာလျှောက်လုပ်ရော။ အဲဒီလိုအဆိုးတွေကို ပြောမယ့်အစား သူတို့လေးတွေ မေ့နေတဲ့ သူတို့ရဲ့ပင်ကိုကောင်းတဲ့ အချက်ကလေးတွေကို ရှာပြီးပြောပေးပါ။
ပြောဆိုဆုံးမတဲ့အခါမှာလဲ ပျားသကာကဲ့သို့ နားဝင်ချိုသော အသုံးအနှုန်းများကိုသုံးပေးပါ။ တတ်နိုင်သ၍ အခြားလိမ္မာတဲ့ မိမိရဲ့သားသမီးတွေထက် ဆိုးမယ်ထင်တဲ့ မိမိတို့ရဲ့ ကလေးစိတ်ကို ပိုလေ့လာပါ။ ပိုအချိန်ပေးပါ။
မိဘတွေဆိုတာ တချိန်က သားသမီးတွေပါပဲ။ တချို့မိဘတွေက ကိုယ်သားသမီးဘဝမှာ ချုပ်နှောင်မှုများခဲ့တော့ ကိုယ်သားသမီးတွေကြတော့ သူတို့လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး အရမ်းကာရော လွှတ်ထားလို့ မရပါဘူး။ သူတို့တွေရဲ့အမြင်မှာ မိဘဆိုတာထက် မိတ်ဆွေအမြင်ရှိလာအောင် ပေါင်းရပါမယ်။
ငါအမိငါအဖပဲဆိုပြီး ကိုယ်သြဇာပေးတဲ့အတိုင်း နာခံရမယ်ဆိုတဲ့ အုတ်ထိန်းမှုဟာ အခုဆိုမရှိသလောက် ဖြစ်လာပါပြီ။ ခေတ်စနစ်တွေ ပြောင်းလဲမှုကြောင့် မိဘတွေဟာလဲ ကလေးတွေအပေါ် ကိုယ်လိုသလိုပုံသွင်းယူတဲ့ အချိန်မဟုတ်တော့ပါဘူး။ မတတ်နိုင်လဲ တတ်နိုင်သလောက် အချိန်ပေးပြီး ကလေးတွေနဲ့ အပြန်အလှန်မေးခွန်းလေးတွေ မေးပြီးဆွေးနွေးပါ။ သူတို့အမြင်မှာ မိဘဆိုတာ ကြောက်စရာ စိတ်ပျက်စရာကောင်းတဲ့ အမြင်ထက် သူတို့အတွေးအခေါ်လေးတွေကို ညိုနှိုင်းသုံးသပ်ပေးတဲ့ မိတ်ဆွေအမြင်မျိုး ဖြစ်လာအောင်ကျင့်ပေးကြပါ။
တခါတလေ ကိုယ်ပေးတဲ့ သံယောဇဉ်က သူတို့တွေကို ပိုပြီးဆိုးသွမ်းရန် တွန်းပို့နေသလို မဖြစ်အောင်တော့ သတိရှိဖို့ လိုအပ်ပါတယ်။ မယုတ်မလွန်တဲ့ ဆက်ဆံရေးကို ရှာပြီး ဆက်ဆံပေးစေလိုပါတယ်။ ကျွန်တော်တွေ့ကြုံဖူး၊ လေ့လာဖူးတဲ့ ဆိုးသွမ်းတဲ့ကလေး အတော်များများရဲ့ ဆိုးသွမ်းရခြင်း အဓိကအချက်တချက်ကတော့ သူတို့ မိဘတွေရဲ့အိမ်ထောင်ရေး ဖောက်လွှဲဖောက်ပြန်လုပ်မှုကြောင့်ပါ။
အဲဒီအချက်ကြောင့်ပဲ သူတို့လေးတွေရဲ့ အနာဂတ်ဟာ စမ်းတဝါးဝါးနဲ့လမ်းမှား ရောက်သွားတတ်ကြပါတယ်။ ခေါင်ကမှမလုံတာ မိုးယိုတာဘာဆန်းလဲ။ အမိုးအကာလုံလုံနဲ့ အိမ်တလုံးမှာ ပြင်ပလေဒဏ်မိုးဒဏ်ကို ကြံကြံခံနိုင်မှာမလွဲဘူးလေ။ ဒါကြောင့် သားသမီးလေးတွေ မဆိုးသွမ်းလာစေဖို့ ခေါင်တိုင်ဖြစ်တဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး သစ္စာရှိမှုကလဲမလွဲမသေ လိုအပ်လာပါတယ်။
ပျော်ရွှင်သာယာဖွယ်ဖြစ်သော မိသားစုအသိုက်အမြုံလေး ဖြစ်အောင်ဖန်တီးနိုင်ကြပါစေ။
အခု ကျွန်တော် ရေးသားတဲ့ အကြောင်းအရာတွေထဲမှာ စာဖတ်သူတို့ မနှစ်သက်မဲ့ အကြောင်းအရာတွေ၊ အရေးအသား မပြေပြစ်တာတွေပါနေရင် ခွင့်လွှတ်ပြီးတော့ ဖတ်ပေးကြပါလို့ အနူးအညွတ်တောင်းပန်ပါတယ်။ ခေါင်းစဉ်နဲ့ပတ်သက်လို့ ကျွန်တော်သိသလောက်၊ အတွေအကြုံ အမြင်တွေကို ရေးသားထားတာပါ။ ဆွေးနွေးတဲ့ သဘောလေးပါ။ ဆရာလုပ်တာမဟုတ်ပါဘူး။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

>

နံနက်မိုးသောက်
အလင်းရောက်တဲ့အခါ
ဂုဏ်တော်တရားနဲ့
မေတ္တာပွားပြီး
တောင်းဆုချွေပြု
ပတ္တိဒါန ဝေစုချလိုက်မယ်
ဆိုရင်…….
နံနက်ခင်းကို လှစေခြင်းပါပဲ။

ကောင်းသော နံနက်ခင်းပါခင်ဗျာ။ မင်္ဂလာနံနက်ခင်းပါ။ Good Morning ဆိုတဲ့ စကားလုံးလှလှ စကားလေးတစ်ခွန်းဟာ ကြီးငယ်အလတ် လူသားတို့နှုတ်ဖျားဝယ် ရေပန်းစားအသုံးများ၍ ခေတ်စားနေသော စကားတစ်ခွန်းဖြစ်နေပါသည်။

ကောင်းသောနံနက်ခင်းဆိုသည်မှာ “အဘယ်နည်း” ဟုမေးခွန်းတစ်ခု မှတ်တမ်းပြုစရာရှိပေသည်။ ထိုမေးခွန်းကို စာဖတ်သူတို့ ကိုယ်တိုင်ဆုံးဖြတ် သုံးသပ်ကြရန် စာရေးသူက တင်ပြလိုပါသည်။

စာရေးသူတို့ သာသနာ့အလုပ် အားထုတ်ကြရာ ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒစရိယ ကမ္ဘာ့ သာသနာပြု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး သီတင်းသုံးစံပျော် သာသနာပြုတော်မူခဲ့သည့် “မဟာစည်သာသနာ့ ရိပ်သာဋ္ဌာနချုပ်”၌ ရဟန်းအမျိုးသား၊ အမျိုးသမီး သီလရှင် ယောဂီအားလုံး တို့သည် နံနက်သုံးနာရီတိတိ အိပ်ရာမှ ထကြရသည်။လေးနာရီအရောက် မိမိတို့ဆိုင်ရာ ဓမ္မာရုံကို သွားကြရသည်။

ရဟန်းယောဂီနှင့် အမျိုးသားယောဂီများသည် စံကျောင်းတော်အောက်ထပ်၊သီလရှင်နှင့် အမျိုးသမီးယောဂီများက ဖလ်ယဉ်ဓမ္မာရုံသို့ အရောက်သွား၍ လေးနာရီမှ ငါးနာရီအထိ တရားရှုမှတ်ကြရပေသည်။အရုဏ်ဦးမို့ တိတ်ဆိတ်ငြိမ်သက်ပြီး သာယာကြည်နူးဖွယ် အချိန်ကလေးဝယ် နှစ်ရာကျော်မျှသော ယောဂီသူတော်စဉ်တို့၏ တရားထိုင်အပြီးမှာ ကြားရသူတို့ စိတ်နှလုံးကို ကြည်နူးရွှင်ပြုံးစေနိုင်သည့် အသံသာသာတစ်ခု ညီညီညာညာ ပေါ်ထွက်ခဲ့လေပြီ။ ထိုအသံသည် ကိလေသာကင်း ကောင်းသောရနံသင်းသည့် ဓမ္မသံ ဖြစ်ပါသည်။

နံနက်ခင်းကာလမို့ အေးမြလှတဲ့ လေပြေလေညှင်းလေတွေကို ရှုရှိုက်ရတာဟာလည်း စိတ်ရောကိုယ်ပါ လန်းဆန်းမှုကိုရရှိနေပါသည်။တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်ရာကျော်သော ယောဂီတို့ရဲ့ ဓမ္မသံစဉ်တို့က မဟာစည်သာသနာ့ရိပ်သာကြီးမှသည် သတ္တလောကကြီးဆီသို့ အရုဏ်ဦးမှသည် နံနက်ခင်းဆီသို့ အလှတရားများဖြင့် ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလို့
လှပစေပါသည်။ရှေးဦးစွာထွက်ပေါ်လာသော ဓမ္မသံစဉ်သည်ကား မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံမှာပုံဖော်၍ ရှိခိုးခြင်းဟူသော မဟာစည်ဆရာတော်ဘုရားစီစဉ်သည့် ရည်ရွယ်ချက်ပြည့်စုံသော

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်းကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး၊ ဆရာသမားတို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား

ဆိုသည့်ဘုရားရှိခိုး ပူဇော်သံဖြစ်ပေသည်။ညီညီညာညာ နှင့် ဖြေးဖြေးမှန်မှန် ဘုရားရှိခိုးသဖြင့် နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။မဟာစည်ဆရာတော်ဘုရား စီစဉ်သည့် ဘုရားရှိခိုးသည် ရွတ်ဖတ်ပူဇော်သူ၊ နာယူသူတို့အတွက် ရွတ်ဆိုလို့ ကောင်းသည့်အပြင် အဓိပ္ပါယ်ကလဲ စုံလင်ပြည့်ဝလှပါသည်။

ဖောင်းပိန်အစရှိတဲ့ ထင်ရှားပေါ်ရာ ပေါ်လာသမျှတွေကို အမြဲမပြတ်သတိကပ်လျှက် တစ်နာရီကြာ ထိုင်ပြီး ရှုမှတ်ရသည့် သတိပဋ္ဌာန် ဝိပဿနာတရားတို့ဖြင့် ရတနာသုံးစုံ အမြတ်ဂုဏ်ကို ယုံကြည်မြတ်နိုး လက်ဆုံမိုး၍ ပူဇော်ကြပါသည်။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ – မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ဟု ဆိုအပ်သော ဤလောကုတ္တရာ တရားကိုးပါးအား လျော်သောကျင့်ဝတ် ပဋိပတ်ဖြင့် ဗုဒ္ဓံ – မြတ်စွာဘုရားကို။ ဓမ္မံ – မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန် ဟုဆိုအပ်သော တရားတော်မြတ်ကို။ သံဃံ – မဂ္ဂဠာန်လေးယောက်၊ ဖလဠာန်လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်နှင့်တကွ ယခုရှိတော်မူကြသော သမ္မုတိ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား” ဟု ညီညီညာညာ ရိုသေစွာ ပူဇော်ကြလျှက်

ဣဒံမေ ပုညံမဂ္ဂမလဥာဏဿပစ္စယောဟောတု။

ဘန္တေ၊ အရှင်ဘုရား။မေ၊ တပည့်တော်တို့၏။ ဣဒံပုညံ၊ ဤသို့ ယနေ့ပြုအပ်သော ဒါနကုသိုလ်၊ ဆောက်တည်အပ်သော သီလကုသိုလ်၊ ပွားများအပ်သော ဘာဝနာကုသိုလ်၊ တရားနာရသော ဓမ္မဿဝနကုသိုလ်သည်။ မဂ္ဂဖလဥာဏဿ၊ တပည့်တော် တောင့်တအပ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်၏။ ပစ္စယော၊ ရကြောင်းရောက်ကြောင်း ကျေးဇူးပြုသော အကူအညီ အထောက်အပံသည်။ ဟောတု၊ဖြစ်ပါစေသတည်း။” ဟုသော ကောင်းမှုဖြင့် တောင်းဆု ချွေကြပြန်သည်။

တဆက်တည်းမှာပင်-
ဣမံနော ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ။

ဣမံပုညဘာဂံ၊ ဤသို့ ယနေ့ယခု တပည့်တော်တို့ တစ်စု၏ ပြုစုပွားများ နာကြားရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂကို။ သဗ္ဗသတ္တာနံ၊တရားနာဖော်နာဖက်၊ တရားအားထုတ်ဖော်၊ တရားအားထုတ်ဖက် ဖြစ်ကြကုန်သော ယောဂီအပေါင်း သူတော်ကောင်းများနှင့်တကွ မိခင်ဖခင် ကျေးဇူးရှင်တို့ကို အစထား၍ သုံးဆယ်တစ်ဘုံ လုံးစုံများစွာ သတ္တဝါမှန်သမျှ အနန္တတို့အား။ ဒေမ၊ ရစေယူစေ အမျှပေးဝေပါကုန်၏။” ဟူ၍ နတ်ဗြဟ္မာ လူတစ်ဖော် မြတ်သာဓု ခေါ်ကြစေရန် အမျှပေးဝေ ကြပြန်ပါသည်။

တစ်နာရီကြာထိုင်ပြီး ရှုမှတ်လို့ရတဲ့ သမာဓိအရှိန်တို့ဖြင့် မနောကံနှင့်ရင်း၍ ဝစီကံမြောက် မေတ္တာဓာတ်တွေ ပို့လွှတ်လို့ နေကြပြန်သည်။

အမျှရကြ၍ချမ်းသာကြပါစေသော်။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း
ပဋိပတ်တို့ကို ကျင့်ကြံကြိုးစာ ပွားများအားထုတ်နိုင်ကြပါစေသော်
ဟူ၍ မေတ္တာဓာတ်တွေ ဖြန့်ဝေလိုက်ကြပါသည်။

နောက်ဆုံးမှာတော့
ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ခြောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရစေသော်။
ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်စ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များတွေ သာဓုခေါ်စေသော်……. အမျှ…..အမျှ…..အမျှ…….ယူတော်မူကြပါကုန်လော့။
သာဓု…သာဓု….သာဓု
ဆိုတဲ့ စကားသုံးလုံးက နေရာယူလိုက်ပါသည်။

ဤသို့ဖြင့် Good Morning ဖြစ်ကြစေရန် မဟာစည်သာသနာ့ရိပ်သာမှ နှစ်ရာကျော်သော ယောဂီ သူတော်စင်တို့က နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။ရတနာသုံးတန် ကံနှင့်အကျိုး အားကိုးယုံကြည် သူတော်စင်တို့၏ နံနက်ခင်းကို လှစေသော ဓမ္မသံစဉ်သည် သာယာချမ်းမြေ့
လှတာမို့ တစ်သက်မမေ့နိုင်စရာ ကြည်နူးဖွယ် တစ်ခုပါပဲ။ အသံအားလုံးတွင် နှိုင်းယှဉ်စရာ ထပ်တူပြုစရာ ဓမ္မသံစဉ်လောက် ကောင်းတာ ဘယ်အခါ ဘယ်နေရာမှ မရှိပါဘူး။ နံနက်ခင်းကို ဓမ္မသံစဉ်ဖြင့် လှပစေ၍ ငြိမ်းချမ်းရေးတရားရိပ်ဝယ် ပျော်ပိုက်နိုင်ကြပါစေကြောင်း စာစီပေါင်းလို့
တင်ပြလိုက်ရပါသည်။

တက္ကသိုလ်မောင်ချစ်

(ခွင့်တလအပြန် အချိန်လေးရလို့ မဟာစည်သာသနာ့ရိပ်သာခွဲ သဓ္ဓမ္မရံသီရိပ်သာ၌ ရဟန်းခံ တရားအားထုတ်ရင်းမှ တရားဓမ္မသင်ပြပေးသော ဆရာတော် အရှင်ဝိစိတ္တာနန္ဒ (ဓမ္မာစရိယ၊ B.A, B.Sc, Dip in English) အားရှိခိုးပူဇော်ဂုဏ်ပြုရင်း တရားအလှုတော်မြတ်ကိုကုသိုလ်ပြုအပ်ပါသည်။
ချမ်းလင်းနေ)

ဆက်လက်ကြိုးစားပါဦးမည်။

>

လူတိုင်းလူတိုင်းစိတ်ရှုပ်လာရင်၊ စိတ်ညစ်လာရင် ဘာတွေလုပ်ကြလဲ။ တချို့တချို့က သီချင်းတွေ အော်ဆိုပစ်တယ်။တချို့ကျ အိပ်ဆေးသောက်အိပ်ပစ်တယ်။ တချို.ကအရက်သောက်တယ်။တချို့က အပင်စိုက်တယ်။တချို့ကအော်ငိုတယ်။ လူတွေအားလုံးဟာ စိတ်ပြေစေဖို့တခုအတွက်နဲ့ ကိုယ့်စိတ်ထင်ရာ၊ ကိုယ်စိတ်ပြေရာလုပ်တတ်ကြတယ်။

ခင်ဗျားရော စိတ်ညစ်ရင်ဘာတွေလုပ်လဲ။ကျွန်တော်လား။အင်းငယ်ငယ်ကတော့ အိမ်မှာရေထဲတဲ့ ရာဝင်အိုးထဲခေါင်းစိုက်ပြီး စိတ်ရှိလက်ရှိ အော်ပြစ်တယ်။အခုတော့ အဲဒီအိုးတွေလဲ ကွဲသွားပါပြီ။အသံပြာကြီးရဲ့အော်သံတွေ မခံနိုင်လို့။ အတော်ကြီးတော့ အရက်သောက်ကြည့်တယ်။အတော်အတန်လဲ သောက်ခဲ့ပါတယ်။ကိုယ့်စိတ်ကြောင့် လဲပါတယ်။ ကောင်းတယ်လို့ စိတ်မှာထင်မိလို့ပါ။စိတ်ပြေမယ်ထင်တဲ့ အယူကြောင့်လဲပါပါတယ်။အခုတော့ အလိုနေရင်းပြတ်သွားတယ်။ သောက်ချင်စိတ်သိပ်လဲ မရှိတော့လို့ပါ။မယုံဘူးဆိုလဲ စာဆက်ဖတ်ရအောင် လောလောဆယ် ယုံပေးထားပါ။

ကျွန်တော်ရဲ့ညီအစ်ကိုလို အရမ်းရင်းရတဲ့ သူငယ်ချင်းကတော့ သူစိတ်ညစ်လာရင် ဘုရားစင်ရှေထိုင်ပြီး တရားထိုင်တယ်။သူက စိတ်ညစ်ရင်မှ မဟုတ်ပါဘူး။နေ့စဉ်တရား ထိုင်တာပါ။ကျွန်တော်အနေနဲ့ သူရဲ့အခြေအနေကို အမြဲလေ့လာကြည်တယ်။ကျွန်တော် သူနဲ့စသိထဲက သူဆီမှာ ဒေါသထွက်တယ်ဆိုတာ မမြင်သလောက်ပဲ။ သူမိသားစုတွေလဲ ဒီလိုပဲ။သူတို့စိတ်ငြိမ်းချမ်းပြီး စိတ်ညစ်ဖူးတာမတွေ့သလောက်ပါပဲ။ သူက ကျွန်တော်ကိုတွေ့တိုင်း တရားထိုင်ဖို့ပဲ အမြဲတိုက်တွန်းပါတယ်။အခုအချိန်ထိပါ။ ကျွန်တော်ငယ်ငယ်က တရားထိုင်ဖိုဆိုတာဝေလာဝေး။ ဘာသာရေးဆိုတာ ဘုရားရှိခိုးတာကလွဲရင် ဘာမှမသိ။

ငယ်ငယ်က အိမ်မှာတော့ ကျွန်တော်မေမေက တရားအမြဲထိုင်တယ်။ ကျွန်တော်တို့ညီအစ်ကိုကိုလည်း တရားထိုင်ခိုင်းပါတယ်။အဲဒီတုန်းက မေမေက တရားထိုင်ခြင်းအကျိုး၊ ဘာကြောင့်တရားထိုင်ရတယ် ဆိုတာတွေကိုပြောပြဘူးတယ်။မေမေက အဘိဓမ္မာအောင် ထားတယ်လေ။ ကျွန်တော်က အဲဒီတုန်းက ကလေးအရွယ် စထိုင်ကာစဆိုတော့ တရားထိုင်တယ်ဆိုပေမယ့် မှတ်တဲ့အသိကြာကြာ မထိန်းနိုင်ပါဘူး။ စိတ်တွေက ဟိုရောက်ဒီရောက် လျှောက်ပြန့်လွှင့်နေတာပဲ။တရားထိုင်ဖို့မပြောနဲ့ ထိုင်ချင်တဲ့စိတ်ကလေးဖြစ်အောင်ကို အတော်အားယူရပါတယ်။ဆော့မယ်၊ကစားမယ် ဆိုတဲ့စိတ်ကပဲသန်နေတာ။

ဒါပေမယ့်ဗျ အဲဒီတုန်းက ငယ်တဲ့အရွယ်လဲဖြစ်၊ အကုသိုလ်တွေကလဲ နည်းဆိုတော့ကာ ဝေဒနာဆိုတာ သိပ်မဖြစ်ပေါ်ဘူး။တခါတလေ စိတ်ဝင်တစား မှတ်အားကောင်းတယ်ဆိုရင် အကြာကြီးကိုထိုင်နိုင်တယ်ဗျ။ အခုတော့ လူလောကရဲ့အမှောင်နောက် ကောက်ကောက်ပါနေတာကြောင့်ရယ်၊ လောဘတွေ၊ ဒေါသတွေ၊ စိတ်ညစ်တာတွေ ကြောင့် တရားမှတ်ရင် ဝေဒနာတွေပိုပေါ်ပါတယ်။

ကျွန်တော်ရဲ့တရားပြဆရာတစ်ဦးကို ဒီအကြောင်းလျှောက်တော့ ဆရာက လူလောကကြီးရဲ့ အတွင်းဘက်ရောက်ရောက်လာလေ၊ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေများလာလေလေပဲ။ ဒါကြောင့် တရားထိုင်တဲ့အခါ ဝေဒနာတွေကတိုးတိုးလာတာတဲ့။ဒါတွေကိုပဲ ဆက်ရှုတဲ့။ဒါကတရားထိုင်တုန်း ခဏဗျ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တရားထိုင်ခြင်းဖြင့် အရင်ကဒေါသ အရမ်းကြီးခဲ့တဲ့ ကျွန်တော်ဟာ အတော်အတန်ကို ထိန်းနိုင်လာပါတယ်။အလုပ်ဆိုရင်လည်း အတော်အတန်ကိုချောမွေ့ပါတယ်။အတိုက်အခံလဲ နည်းလာပါတယ်။ စိတ်ညစ်တယ်ဆိုတာ မရှိသလောက်ပါ။ စိတ်ညစ်တာမရှိတော့ဘူးလို့ ဆိုတာမဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ့လည်း သိပ်တုန်လှုပ်မှုမရှိတာပါ။

စိတ်ညစ်လာတယ်၊ စိတ်ရှုပ်စရာ ကြုံလာပြီဆိုရင် ဘုရားကိုစိတ်ဝယ်မှန်းပြီး ရသမျှ ဘုရားစာထိုင်ရွတ်ပါတယ်။ တရားထိုင်ချင်တဲ့စိတ် လက်တလောမရှိသေးဘူး ဆိုရင်တောင် ဒီလို ဘုရားစာရွတ်ဖတ်တာဟာ လောလောဆယ်ဖြစ်ပေါ်နေတဲ့ စိတ်ဝေဒနာတွေ သက်သာဖို့ ကုစားလိုက်သလိုပါပဲ။ စိတ်ငြိမ်လောက်ပြီလို့ထင်တော့မှ တရားထိုင်ပါတယ်။ဘာဖြစ်လို့ စိတ်ညစ်နေတုန်း စစခြင်းတရားမထိုင်တာလဲဆိုရင် တရားထိုင်နေစဉ် ရှုမှတ်တဲ့စိတ်အပေါ်အာရုဏ်မရောက်ပဲ စိတ်တွေက မူလညစ်နေတဲ့အကြောင်းအရာတွေဆီကိုပဲ ထပ်တဝဲဝဲရောက်သွားလို့ပါ။ကျွန်တော့်ရဲ စိတ်တည်မှုအာရုဏ်နုသေးလို့လဲဖြစ်ပါတယ်။ကြာရှည်စွာ တရားထိုင်ဖူးတဲ့သူတွေ ဆိုရင်တော့ ဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။

အဲဒီလို တရားထိုင်ရှုမှတ်လိုက်တော့ ညစ်နေတဲ့စိတ်တွေပြေပြောက်ပြီး ပင်ကိုမူလစိတ်အဆင်လေးဟာ အမြဲတစေကြည်လင်လာပါတယ်။ တရားထိုင်လိုက်ခြင်းဖြင့် ကျွန်တော်ဆိုရင် ယခင်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် မိရိုးဖလာကိုးကွယ်သလိုပဲရှိခဲ့တာ (နက်နဲမှုမရှိခဲ့သလိုပါ။ အခုကျွန်တော်ဆိုရင် ဗုဒ္ဓဘုရားဟာ အတုမရှိသောဘုရားရှင်ဖြစ်ပြီး မိမိကိုယ်တိုင် ဗုဒ္ဓဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်လာပါတယ်။ အရာရာစဉ်းစားချင့်ချိန်လာနိုင်တယ်လို့ ကိုယ်ကိုယ်ယုံကြည်လာတယ်။

ကျွန်တော်လေ့လာဖူးသလောက်ဆို တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာတစ်ခုထဲရှိတာမဟုတ်ပါဘူး။ ခရစ်ယာန်သာသနာမှာရော(အထူးကဖြင့် ရိုမန်ကတ်သလစ်မှာပါ)၊ မူစလင်ဘာသာရော(ဒူဘိုင်းနိုင်ငံသား မူစလင်ဘာသာရေးဆရာတစ်ယောက်ဆီက သိတာပါ။သူက ဗုဒ္ဓဘာသာတရားထိုင်နည်းနဲ. ယောဂအကြောင်းလာဆွေးနွေးလိုပါ။) သူ့နည်းသူဟန်နဲ့ရှိကြပါတယ်။

တကယ်တမ်း တရားထိုင်တယ်ဆိုတာ စိတ်ကို လေ့ကျင့်ပေးတာပါ။ဘုရားစတင်ကျင့်ကြံခဲ့တာ အာနာပါနပေါ့။ တကယ်ဆိုအာနာပါနဆိုတာ ဟိန္ဒူယောဂကျင့်စဉ်တစ်မျိုးပါ။ ကျွန်တော်ဆိုလိုချင်တာက တရားထိုင်တယ်ဆိုတာ အရမ်းကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ စပြီးထိုင်မယ်ဆိုရင်တော့ (အကြံပေးတာပါ။မိမိသင့်တော်သလို ထိုင်လို့ရပါတယ်။) ဝင်လေထွက်လေဆိုတဲ့ အာနာပါနက စရင်ကောင်းမယ်လို့ထင်ပါတယ်။ ထင်တယ်လို့ဆိုရခြင်းကတရားထိုင်သက်နုတဲ့ကျွန်တော့်အနေနဲ့ကောင်းမယ်လို့ထင်တယ့် နည်းတွေအများကြီးထဲက ကျွန်တော်စထိုင်တဲ့နည်းလေးမို့ အကြံပေးတာပါ။ မိမိသန်ရာသန်ရာကိုရှုပါ။ နောက်မှတ်အားကောင်းလာပြီဆိုမှ ဝိပဿနာနည်းလမ်းကိုရှုပါ။ တဆင့်ခြင်း တက်လှမ်းတဲ့သဘောပါ။

တရားထိုင်ခြင်းရဲ့နောက်ဆုံးပန်းတိုင် ကတော့ မဂ်ဖိုလ်နိဗ္ဗာန်ပါ။ကျွန်တော်ကတော့ အခုလောလောဆည် စိတ်ညစ်တာတွေပြေအောင် ဆွေးနွေးအကြံပေးတာမို့လို့ တရားထိုင်ဖို့ သက်သက်သာရည်ရွယ်ပြီး ရေးရတာပါ။ကျွန်တော်တို့က ဗုဒ္ဓသာသနာမြေနဲ့ ဝေးရာတွေမှာ အလုပ်လုပ်နေရသူတွေဆိုတော့ ဘာသာရေးနှိုးဆော်မှုလေးတွေရှိမှ ဘုရားရှိခိုး၊ တရားထိုင်တာလေးတွေလုပ်ဖြစ်ကြမှာမို့ပါ။

ကိုယ့်အရပ်ကိုယ့်ဒေသမှာဆိုရင် ဘုရားသွားကျောင်းတက်ရင်း ဆရာတော်တွေ ဟောကြားတဲ့တရားတော်တွေကို နာကြားရင်း ဘာသာရေးနဲ့ အဆက်မပြတ်သိပ် မရှိလှပါဘူး။ ဒီလိုနိုင်ငံရပ်ခြားမှာဆိုရင် တခါတလေ တရားခွေလေး ဘာလေးနာချင်ရင်တောင်မှ ကိုယ်အနီးနားက အခြားဘာသာခြားတွေကို အားနာနေရသေးတယ်။ နားကြပ်တပ်ပြီးနာရ၊ MP3စက်ကလေးတွေထဲ ထည့်နာရနဲ့အဆင်ပြေသလို ဘာသာရေးတွေ လုပ်နေကြရတာပါ။ဘုရားစာရွတ်ရင်၊ ဘုရားရှိခိုးရင်လဲ ပတ်ဝန်းကျင်အခြေအနေကောင်းမှ ရွတ်ရ၊ရှိခိုးရတာ။ ဒီလိုရေးတာ အဆင်မပြေသူတဲ့တွေ သိကြမှာပါ။ဗုဒ္ဓဘာသာဝင် အချင်းချင်းနေတယ်ဆိုရင်တော့ တမျိုးပေါ့။ဒါတောင် ဘာသာရေးလုပ်သူတွေပါဦးမှ။

ဘယ်လိုပင် အဆင်မပြေမှုတွေရှိပါစေလေ ကိုယ်ရဲ့စိတ်က ဘာသာရေးကိုဖြစ်အောင်လုပ်မယ်လို့ ရည်သန်ထားရင် ဘယ်အခြေအနေမျိုးမဆိုဖြစ်ပါတယ်။ ဘုရားတောင် အနောင့်အယှက်တွေကြားက ဘုရားဖြစ်ရန်ရည်သန်လို့ ဘုရားပွင့်ခဲ့ပြီးပြီပဲ။ကျွန်တော်တို့လဲ ဘာသာရေးလုပ်မယ်၊ လုပ်ချင်တယ်ဆိုတဲ့ဆန္ဒက တကယ်လုပ်ရင်အဟုတ်ဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်မှာ တရားစခန်းရိပ်သာတွေ အတော်များများဖွင့်လှစ်နေပြီဆိုတာ လူအတော်များများသိနေကြပါပြီ။

ကျွန်တော်ပြောချင်တာက တရားထိုင်တာကို သိပြီး တရားထိုင်ဖို့မေ့နေတဲ့ မိတ်ဆွေတွေအတွက်ရော၊ မသိသေးတဲ့သူတွေအတွက်ရော “အသိ၊ သတိ” ရစေချင်ပါတယ်။ စိတ်ညစ်ရုံနဲ့ တရားထိုင်ဖို့သာမက ရတဲ့အချိန်တိုင်း၊ ရသမျှအခွင့်အရေးတိုင်း တရားထိုင်ပေးကြပါ။အခုဆို ဆရာတော်အတော်များများကလည်း တရားထိုင်ဖို့ စာတွေရေး၊ တရားတွေဟောပြီး လှုံဆော်ထားကြပါတယ်။ကျွန်တော်ကလည်း ကုသိုလ်တရပ်အနေနဲ့ ဆွေးနွေးတာပါ။မိတ်ဆွေအပေါင်း တရားထိုင်ဖို့ သတိရသွားသူတွေရော၊ အသိရသွားသူတွေ ဖြစ်လာအောင် ကုသိုလ်ပြု တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား။

ဆက်လက်ကြိုးစားပါဦးမည်။

>

အမိမြန်မာပြည်မှ အကြောင်းအသီးသီးဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာခဲ့ကြရပေမယ့် နိုင်ငံရပ်ခြားလဲရောက်ရော ဘာသာမတူတာတွေရော၊ တိုင်းရင်းသား ညီအကိုသွေးချင်းတွေရော၊ တစ်ဦးနှင့်တစ်ဦး တစ်ခါမျှ မတွေ့မြင်သေးစေကာမူ ဗမာစကားဟူသော ဘာသာစကား တစ်ခုတူညီစွာ ပြောဆိုတတ်ကြရုံနဲ့ပင် ငါတို့လူမျိုး၊ ငါတို့စကားဆိုတဲ့ “ရွှေ”ဟူသော မျိုးချစ်စိတ်ကလေးနဲ့ပင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြ၊ စကားပြောဆိုကြနဲ့ ရင်နှီးကျွမ်းဝင်လာကြပါတယ်။

ကျွန်တော်ဆိုလဲ ဒူဘိုင်းကိုရောက်ခါစကဆို အမြဲပဲကြားကြားနေရတာက ကုလားစကား၊ အင်္ဂလိပ်စကား ကိုယ်မိခင်ဘာသာစကားဆို နေစဉ်ကြားရဖို့ နေနေသာသာ ဝေလာဝေး။တခါတလေ ရွှေရွှေချင်း တမူးသာသူတွေက ဘူးယိုချင်ကြသေးတာ။ယိုသာယိုကြပါ ဒီစကားတွေတတ်မှလဲ ဒီနေရာတွေမှာ အလုပ်လုပ်နိုင်ရမှာ မဟုတ်လား။ရွှေရွှေချင်းကြတော့ ကိုယ်စကားကိုယ်ပြောမှ အရသာရှိမှာလေ။နောက်ပြီး အလုပ်ထဲလဲ ဒီကုလားစကား၊ အင်္ဂလိပ်စကား၊ အဆောင်မှာလဲ ဒီစကားတွေ၊ အပြင်သွားလဲ ဒီစကားတွေ ဘယ်နေရာရောက်ရောက် ဒီအသံတွေပဲ ကြားနေရတာ။တခါတလေ ဗမာသူငယ်ချင်းတွေ အခန်းတွေ၊အဆောင်တွေ သွားလည်မှ ဗမာစကားလေး ပြောကြရတာဗျာ။ လျာအရသာရှိလိုက်တာ။ရွှေဆိုလို့ ဒီစကားဘယ်သူစထွင်လဲမသိဘူး။ထွင်သွားတဲ့ နောင်တော်၊ အမတော်တွေကို လေးစားပါတယ်။

တခါကလဲ အလုပ်ထဲက ကုလားတစ်ယောက် သူက ဗမာတွေကို ခင်တယ်ဗျ။ သိတယ်မှတ်လား ရွှေတွေလေ မခိုဘူး၊ မကပ်ဘူး၊ မပျင်းဘူး၊ အလုပ်ဆို သေသေကြေကြေ ပြီးအောင်တော့ လုပ်တယ်ဆိုတော့။နောက် ဒီကောင်က စကားအားကြီးများပြီး ဘာအလုပ်မှ သေချာမလုပ်ချင်တဲ့ ငပျင်းဗျာ့။အလုပ်ထဲမှာ ကျွန်တော်ထက် နဲနဲကြီးတယ်ဗျ(အရင်ဆုံးရောက်တဲ့ စီနီယာလေ)။ရွှေဆိုအသေကြိုက်တယ်လေ ကျွန်တော်က အလုပ်တွေလုပ်နေရင် ဒီကောင်က လေဖမ်းပြီး ဝေလေလေလုပ်တယ်၊ မန်နေဂျာလာရင် စာရွက်လေးကိုင်ပြီး မရောင်ရာဆီလူး အလုပ်တွေများပြနေသေး။ကျွန်တော်ကလဲ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရော ဒီကောင်က အခြားကုလားတွေ ထက်စာရင် လေသာများတာ စိတ်ဓာတ်က အောက်တန်းမကျဘူးလေ။

တနေ့ ဒီကောင် ကျွန်တော်ဆီလာပြီး ကျွန်တော်တို့ရွှေစကား သူကိုသင်ပေးပါဆိုပြီး ပြောလာတယ်။ဗမာအချင်းချင်း တစ်ဦးကိုတစ်ဦး ဘယ်လိုခေါ်လဲ ဥပမာ သူငယ်ချင်းဆိုရင် ဘယ်လိုလဲ မေးတော့ ကျွန်တော်က “ရွှေ” လိုပြောလိုက်တယ်။ဒါကိုသူက သူတွေ့သမျှ ဗမာတွေကို “ဟောင်းအာယူ…ရွှေ၊ ဟောင်းအာရူး..ရွှေ” ဆိုပြီး လိုက်ခေါ်တော့တာပဲ။သူရဲ့အသံကြားရတဲ့ ဗမာအားလုံးက ပြုံးစိစိနဲ့ လုပ်ပြတော့ ဒီကောင်က ကျွန်တော်ကို ဒီရွှေဆိုတဲ့ အဓိပ္ပါယ်လာပြန်မေးတယ်။ ဘာလဲပေါ့။ ကျွန်တော်ကလဲ အင်္ဂလိပ်လို ဂိုး(Gold)လို့ ရှင်းပြလိုက်တော့ ဘာလို့ဒီလို ရွှေလိုခေါ်တာလဲမေးတော့ ကျွန်တော်လဲ ဘယ်ရမလဲ အာရှလူလည်သား မဟုတ်လား။လက်ကိုင်ဖုံးထဲမှာ သိမ်းထားတဲ့ ရွှေတိဂုံဘုရားပုံတော်ပြပြီး ဒါက ငါတို့တိုင်းပြည်က ရွှေတိဂုံဘုရား။ ရွှေတွေ အများကြီးလှုထားတာတွေ့လား။အေးဒါကြောင့် ငါတို့က ဘုရားတောင် ရွှေနဲ့လှုထားနိုင်လို့ ငါတို့လူမျိုးကိုငါတို့ “ရွှေ”လို့ခေါ်ရတာလို့ ပြောလိုက်တော့မှ ဘသာချောလဲ ခေါင်းတညိမ်ညိမ့်နဲ့ ပါးစပ်ကနေ “ရွှေ…ရွှေ” လိုဆိုပြီး ထွက်သွားပါတော့တယ်။

ဒီကုလားတွေက ဒီလိုတွေပြောထားမှ မဟုတ်ရင် ဒီကောင်တွေက ကျွန်တော်အလုပ်ဝင်စကဆို မင်းဘယ်ကလဲ ဆိုတာအရမ်းမေးတယ်။”ဘာမား”လိုပြောရင် မသိသလိုလ၊ို မကြားဘူးသလိုလို ပုံစံလုပ်ပြပြီး ဒီကောင်တွေက ဘယ်နေရာလဲ၊ဘယ်မှာလဲ စသဖြင့် မေးခွန်းတွေလာပြန်ရော။ဒီတော့ ကျွန်တော်က “မင်းတို့ ကျောင်းတုန်းက ဂျီအိုဂရပ်ဖီ(Geography)မသင်ဘူးလား။မသင်ဘူးရင်လဲ မှတ်ထား မင်းတို့အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်က အိမ်နီးချင်းက ငါတို့နိုင်ငံလေ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်ကို မသိဘူးလား။”လိုမေးတော့မှ “အို ရက်စ်..ရက်စ်။အိုင်စီး” နဲ့ ဘာတွေရက်ပြီး ဘာတွေစီးသွားမှန်းတော့ မသိဘူး တရက်ထဲရက်ပြီး ဖိနပ်ဟောင်းတွေစီးသွားမှ တိုရွှေနိုင်ငံကို ဘယ်ဆီဘယ်ဝယ်က မှန်းသိသွားပါတော့တယ်။

အဖြစ်လေးရယ်တဲ့ကြုံ ဆုံရလေတဲ့ အိုဘဲ့ရွှေနိုင်ငံ လို့သာ ဆိုလိုက်ချင်ပါတော့တယ်။

ဆက်လက်ကြိုးစားပါဦးမည်။

>

“ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း၊
ငါတို့ စာသင်ကျောင်း။”
ကျောင်းကလေးက အဝေးကကြည့်လျှင် အလွန်ပင် သဘောကျစရာ။ကျောင်းကလေးက သက်ကယ်တွေနဲ့ မိုးထားတာလေ။ဒီကျောင်းလေးမှာ အမိုးတစ်ခုသာ အကောင်းရှိတာ၊ ဘေးကာမှာတော့ ဟာလာဟင်းလင်း ကြမ်းခင်းဆိုတာကလဲ နှီးကြမ်းတွေသာခင်းထားသည်။ ဒါတောင် ဒီကြမ်းခင်းကလေးက ကျောင်းသားတစ်ဦးစီ အိမ်မှယူလာကြသောကြောင့် တစ်ချပ်နှင့်တစ်ချပ် အရောင်ခြင်းလဲမတူ၊ အရွယ်ခြင်းလဲမတူ မြို့ကမင်းသား ရာဇာနေဝင်းဝတ်သလို ဟိုတစ်ကွက် ဒီတကွက်။ စပ်ကြားအရောင်တွေ။ အမိုးအကောင်းဆိုပေမယ် တစ်နှစ်သာခံပြီး မိုးတွင်းလေမိုးကြီးလျှင် ကောင်းကင်ကို ရှင်းရှင်းဘွင်းဘွင်း တွေ့ရတတ်သည်။ဒီကျောင်းလေးကလဲ အသက်တော့ အတော်ပြင်း၏။ လေတွေဘယ်လောက်ကြီးကြီး၊ ရေတွေဘယ်လောက်လျှံလျှံ ဒီနေရာလေးမှ တဖဝါးမှမခွာတတ်။ အတော်ပင် သစ္စာကြီးသည်။ဒါကတော့ကျောင်းလေးရဲ့တည်မြဲခြင်းနှင့်ဖွဲ့တည်မှုလေ။

ကျောင်းလေးရဲ့တည်နေရာကတော့ ရွာအဝင်ဝမှာ ထီးထီးကြီးနဲ့ တည်ကြည်ခံညားလေရဲ့။ ဒီကျောင်းကလေးကတော့ ရွာရဲ့မူလဘူတ တက္ကသိုလ်လေးပေါ့။ဒီကျောင်းကလေးကနေ စာအံနေသံများ၊ စာသင်နေသော ကျောင်းသားကလေးများရဲ့ အသံက ရွာအတွင်းပိုင်းအထိပင် ကြားနေရတတ်သည်။ဒီကျောင်းကလေးက ကျောင်းသာဆိုရတယ် မြို့မှ ဘယ်အခြေခံ၊ ဘယ်မြို့နယ်ပညာရေးမှ မသိ၊မှတ်ပုံတင်ထားခြင်းလဲမရှိ။မြို့ကျောင်းတွေဖွင့်ပေမယ် ဒီကျောင်းလေးက ဖွင့်ချင်မှဖွင့်တာ။မြို့ကကျောင်းတွေလို လိုက်ဖွင့်ဖို့ကလဲ ဒီရွာအခြေအနေနဲ့ ဖွင့်ချင်တိုင်းဖွင့်လို့မရ။ မြို့ကျောင်းတွေက မိုးရာသီအစမှာဖွင့်တတ်ကြပေမယ့် ဒီကျောင်းလေးက မိုးတွင်းသွားဖွင့်လို့မရပေ။ ဒီရွာက ကလေးအတော်များများက သူတို့မိဘတွေရဲ့အလုပ်အကိုင် လယ်ယာစိုက်ပျိုးရေးမှာ ကူရသေးတယ်။နောက်တခုက မိုးတွင်းကာလတွေဆို ဒီကျောင်းမြေနေရာလေးက ရေဖွေးဖွေးနဲ့ ရေတလင်းကြီးကိုဖြစ်လို့လေ။ဒီကျောင်းကလေးက ဆောင်းရာသီနှင့် နွေရာသီမှာသာ ကျောင်းဖွင်လို့ရတယ်။ဒါမှလဲ ကျောင်းသားတွေက ဒီကျောင်းလေးမှာ စာလာသင်နိုင်ကြတာပေါ့။

ဒီကျောင်းမှာအတန်းတွေကရော…။ဒါကတော့မြို့ကျောင်းတွေလိုဘယ်လိုလုပ်တန်းခွဲတွေရှိမှာလဲ။ ကျောင်းသားအားလုံး အတန်းကြီးကြီးငယ်ငယ် တနေရာထဲမှာ စုပေါင်းစာသင်ကြရတာပါ။ ကျောင်းအကြောင်းသာပြောနေရတာ ဒီကျောင်းရဲ့ဆရာလေး အကြောင်းပြောဖို့ မေ့နေတာဗျ။ ဒီကျောင်းရဲ့ ဆရာလေးလဲဖြစ်၊ ကျောင်းအုပ်ကြီးဆိုလဲ မမှားပါဘူး၊ နောက်မြို့အခေါ် ပညာရေးမှုပေါ့ဗျာ ဒါကလဲဒီကျောင်းအတွက် တစ်ယောက်ထဲရှိတဲ့ ဆရာလေးမောင်ရေချမ်းပါပဲ။ တကယ်တော့ ဆရာလေးရေချမ်းက ဒီရွာကတော့မဟုတ်ဘူးဗျ။သူက ဒီရွာကို ဘယ်လိုဘယ်နည်း ရောက်လာသလဲဆိုတော့ သူ့ကိုအစကနဦး ဒီရွာခေါ်လာသူကတော့ ဒီရွာသူကြီး ဦးဖော့ပါ။ အရင်ကတည်းက ဒီရွာမှာ စာတတ်သူ ပညာတတ်အလွန်နဲပါးပါတယ်။ အားလုံးလိုလိုကလည်း လယ်စိုက်၊ ကောက်ရိတ်ရုံကလွဲလို့ အခြားဘာကိုမှ မတတ်ကြ၊မသိကြဘူး။စာသင်ဖို့မပြောနဲ့ စာဆိုတာတောင် ဘာမှန်းသိကြတာမဟုတ်ဘူး။ ဒီလိုစာမတတ်၊ ပေမတတ်တော့ ဒီရွာကလေးမှာ ကောင်းကျိုးဆိုးကျိုးဆိုတာ ဘယ်မှာသိကြမှာလဲဗျာ။နောက်ပြီး ဒီရွာကလူတွေက ဘုရားတရားဆိုတာမရှိ၊ကိုးကွယ်မှုအတွက် နတ်ဆရာတွေကိုယုံကြည်၊ နတ်တွေကိုသာ ပသနေကြတာ။ရွာကျောင်းက ဆရာတော်တောင် သူကြီးနဲ့ အချို့ရွာသူရွာသားတွေ ကောင်းမှုကြောင့်သာ သာသနာအတွက် ဆက်လက်ဆောင်ရွက်နိုင်တာပေ။ဒီရွာက ယောကျာင်္းသားအားလုံးလိုလိုကလဲ အချိန်ရ ထန်းတောထဲ ထန်းရေမူး၊ ကြက်တိုက်လုပ်၊ မိန်းမတွေကလဲ အိမ်လည် အတင်းတုတ် နေ့ရှိသ၍ အိမ်မှာစားစရာရှိနေရင်ပဲ ဒါပဲလုပ်နေကြတာ။
တနေ့ သူကြီးရဲ့ တစ်ဦးတည်းသောသမီးလေး ခင်ထွေးအမှတ်တမဲ့ ဆုံးသွားတဲ့သတင်းဟာ ဒီရွာကလေးကို ပြောင်းလဲပြစ်မယ့် အခြေအနေရဲ့ အစပါပဲ။ဖြစ်ပုံကတော့ တနေ့ ခင်ထွေးတစ်ယောက် ခေါင်းမူတယ်ဆိုပြီး အိမ်နောက်ဖေး ကြောင်အိမ်ပေါ် ခေါင်းကိုက်ပြောက်ဆေးဆိုတာကို သွားရှာပါတယ်။တခါကလည်း သူ့အဖေက မြို့ကဝယ်လာတဲ့ခေါင်းကိုက်ပြောက်ဆေးဆိုပြီး ပုလင်းအညိုရောင်ကလေးကို ပြဘူးပါတယ်။ဒီဆေးပုလင်းလေး တွေလိုတွေ့ညား ခင်ထွေးလဲ ရှောက်ရှာရင်းနဲ့ နောက်ဆုံး နောက်ဖေးထုတ်တန်းပေါ်မှာ တင်ထားတဲ့ အညိုရောင်ပုလင်းလေး တစ်ပုလင်းကို သွားတွေ့ပါတယ်။သူစိတ်ထဲ သူအဖေမေ့ပြီး အထားမှားသွားတယ်လို့ထင်ပြီး ပုလင်းထဲကဆေးရည်တွေ ယူသောက်မိလိုက်ပါတယ်။တကယ်တမ်း ခင်ထွေးလေးသာ စာဖတ်တတ်ခဲ့ရင် သူဒီလို အဖြစ်ဆိုးမျိုးကို ကြုံရမှာမဟုတ်ပါဘူး။ပုလင်းပေါ်မှာ စာရေးထားတာက “ကြွက်သတ်ဆေး”ပါ။သူ့အဖေက လယ်ထဲမှာ ကြွက်တွေသောင်းကြမ်းလွန်းလို့ မြို့ကကြွက်သတ်ဆေး ဝယ်လာပြီး စာမဖတ်တတ်တဲ့ သူအိမ်သားတွေ သောက်မိမှာဆိုးလို့ ကြွက်သတ်ဆေးပုလင်းကို သီးဆြးထုတ်တန်းမှာ တင်ပြီးသိမ်းခဲ့တာပါ။
 

သူကြီးဦးဖော့ကလဲ နောင်တတွေရပြီး သူသမီးလေးဖြစ်သလို နောက်နောင်ဘယ်သူမှ မဖြစ်ရအောင် ဒီရွာကလူတွေလဲ စာဖတ်တတ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာသင်ကျောင်းတစ်ကျောင်းတည်ဖို့ ဖြစ်လာပါတယ်။ရွာဦးကျောင်းဆရာတော်ကလဲ ဒီရွာကလေးမှာ စာဖတ်တတ်သူတွေ ပေါ်များလာအောင်ရယ်၊ နောက်ဒီရွာကလေးရဲ့ ပညာမဲ့အစွဲအလန်းတွေ ပပျောက်အောင်ရယ် ဆိုပြီးတော့ သူကြီးဦးဖော့အကြံကို သူလဲအားတက်သရောဖြည့်ဆည်းပေးလိုတယ်။ဒါကြောင့် ဆရာတော်နှင့် သူကြီးတို့ကနေ ဦးစီးပြီး ရွာကကလေးတွေ စာသင်ဖို့အတွက် ဒီကျောင်းလေးကို စတင်ထူထောင်ခဲ့ကြတယ်။ အစဦးကတော့ ဆရာတော်ကိုတိုင် ဒီကျောင်းလေးမှာ ကလေးတွေကို စာသင်ပြပေးခဲ့ပါတယ်။ နောက်ဦးဖော့က မြို့ကနေ ဆရာတွေသွားရှာလာပြီး ဒီကျောင်းလေးမှာ စာသင်စေပါတယ်။ မြို့ကြီးပြကြီးတွေမှာ စာသင်လာခဲ့ကြတဲ့ ဆရာတွေဆိုတော့ကာ ဒီလိုတောကျောင်းလေးမှာ လာရောက်စာသင်ကြရတော့ အလွန်အမင်း ဒုက္ခရောက်ကြလို့ မည်သူတစ်ဦးတစ်ယောက်ကမှ ဒီကျောင်းလေးမှာ ရေရှည်စာမသင်နိုင်ကြပါဘူး။အကုန်လုံး မြို့ကိုပြန်ပြေးကြပါတယ်။
 

နောက်ဆုံးတော့ မြို့ကနေ ကျေးလက်ဒေသအကြောင်း စာရေးဖို့ဆိုပြီးရောက်လာတဲ့ စာရေးဆရာလေးရေချမ်းကို သူကြီးဦးဖော့က မြို့မှာတွေ့လာရာမှ ရွာကိုခေါ်လာရာကနေ စာရေးဆရာလေးရေချမ်း တစ်ယောက်လဲ သူမြို့သူဒေသကို မပြန်တော့ပဲ ပညာရေးချို့တဲ့နေတဲ့ ရွာသူရွာသားကလေးများအတွက် ဒီကျောင်းကလေးမှာပဲ စာရေးဆရာမှ ကျောင်းဆရာလေး ရေချမ်းအသွင်သို့ ကူပြောင်းခဲ့ရပါတယ်။ခက်တာက ဒီကျောင်းလေးက မြို့ကပညာရေးငှာနက အသိအမှတ်ပြုထားတဲ့ ကျောင်းကလေးမဟုတ်တော့ ထောက်ပံမဲ့သူမရှိ၊ ရွာသူရွာသားအချို့နဲ့ ဆရာတော်ရဲ့ မရှိမဲ့ရှိမဲ့ထဲကနေ လှုတန်းထားတဲ့ စေတနာသဒ္ဒါလေးနဲ့ အသက်ဆက်နေရတဲ့ ဒီကျောင်းလေးဟာ တနေ့ထက်တနေ့ ချိနဲ့လာတဲ့ လူမမာအသွင်သဏ္ဍာန်လိုပဲ ချို့တဲ့မှုတွေနဲ့ အသက်ဆက်နေရပါတယ်။ပညာတတ်တွေဖြစ်ပေါ်လာစေချင်တဲ့ ဆရာတော်ရဲ့ဆန္ဒလေးဟာလဲ ဆရာရေချမ်းတို့လို ပညာဒါနကို အခမဲ့ပေးလှုနေသူတွေရှိနေပေမယ့်လဲ ငွေအင်အားထောက်ပံ့မှု အားနည်းနေမှုတွေကြောင့် နောင်ဆိုဒီရွာကလေးမှ ကလေးငယ်တွေရဲ့ ပညာအလင်းရောင်တွေဟာ ဆက်လက်တွန်းလင်းနိုင်ဖို့ အနာဂတ်မဲ့နေကြပါတယ်။
 
မြို့ကြီးပြကြီးတွေမှာ မီးရောင်ထိန်ထိန်အောက်မှာ ငွေကြေးအတွက်မပူမပင်ရ၊ စာသင်ပေးမယ်ဆရာတွေ၊ ဆရာမတွေဆိုတာလဲ အများကြီး၊ ကျောင်းစာအုပ်၊ ခဲတံ၊ ပေတံ အစရှိတဲ့ ပညာရေးအထောက်အပံတွေကလဲ ပေါများနေပါလျှက်နဲ့ ပညာကိုကောင်းစွာ မသင်ကြားချင်ကြသော သူတွေ အခုလိုခေတ်မှာ ထုနှင့်ဒေးပင်။အထက်ကလို ရွာကလေးရှိကျောင်းမှ ပညာလိုချင်ကြပါလျှက်နဲ့ ချို့တဲ့လှသော ကျောင်းသူကျောင်းသားကလေးများနှင့် နှိုင်းစာလျှင် ထိုကဲ့သို ပညာကိုကောင်းစွာ သင်ကြားနိုင်ကြပါလျှက်နှင့် မသင်ကြား၊ မလိုလားကြသောသူတို့မှာ ရှက်ဖွယ်သာတည်း။
————————————————————————————————————————————————————-

 
ဒီအထက်ပါ သင်ပုန်းကြီးကျောင်းကလေးလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလို ပညာရေးလိုလားပြီး ထောက်ပံမှု ချို့တဲ့နေကြတဲ့ကျောင်းကလေးတွေ အများကြီးပါ။ အခုကျွန်တော်ပြောပြခဲ့တဲ့ ဒီသင်ပုန်းကြီးကျောင်းကလေးဟာ အမှန်တကယ် ကျွန်တော်အဖွားရဲ့ ဇာတိတွံတေးမြို့နဲ့ အတော်ဝေးလံတဲ့ ရွာကလေးတစ်ရွာမှာရှိပါတယ်။ အဖွားရဲ့ရွာကို အလည်သွားခဲ့စဉ် ဒီကျောင်းကလေးကိုတွေ့မြင်ခဲ့ရပြီး အဖွားက သူတို့နေခဲ့ရတဲ့ ဒီကျောင်းလေးအကြောင်းကို ပြောပြခဲ့လို့ သိခဲ့သမျှလေးတွေကို စိတ်ကူးနဲ့ ခြယ်မှုန်းထားတာပါ။ အခုတော့ ဒီကျောင်းကလေးကို ဒီကျောင်းကနေ အောင်မြင်သွားကြခဲ့ကြတဲ့ ကျောင်းသားဟောင်းအချို့ရဲ့ အလှုကြောင့် တဲသာသာကျောင်းကလေးကနေ အခုဆို အတော်အတန်ကြီးမားတဲ့ ကျောင်းကြီးအသွင် ပြောင်းလဲသွားပါပြီ။ဒီအလှုရှင်တွေဟာလဲ ဒီတောကျောင်းလေးက ပညာရေးနို့ချိုသောက်သုံးခဲ့ရမှုကြောင့် အခုဆို သြစတေးလျားမှာ ဆရာဝန်ဖြစ်သွားခဲ့ပါတယ်။
 

နောက်ထပ်သတင်းအနေနဲ့ကား ကျွန်တော်ဆီကိုရောက်လာတဲ့ မေးထဲကနေပါ။တိုက်တိုက်ဆိုင်ဆိုင် ဒီသင်ပုန်းကြီးကျောင်း အကြောင်းအရာလေးတွေ နီးစပ်မှုရှိလို့ နောက်ဆက်တွဲ သတင်းတစ်ရပ်အနေနဲ့ မူရင်းစာမူ အတိုင်း ကုသိုလ်ပြု ဖော်ပြလိုက်ပါတယ်ခင်ဗျာ။


ကျွန်တော်အနေနဲ့စာတစ်ပုဒ်ကိုအဆင်ချောအောင်မရေးတတ်ပါဘူး။စာရေးဆရာတစ်ယောက်ရဲ့ လေယူလေသိမ်းလိုမျိုး..ရသမြောက်အောင်ရေးနိုင်တဲ့ကျွမ်းကျင်မှု့မျိုးလည်းမရှိခဲ့ဘူး။အခုMYDရဲ့ ဒုတိယခြေလှမ်းအတွက် ရေးရန်ကြတော့ကျတော်စိုးရွံ့နေခဲ့တယ်။ ပေါ့ပေါ့ပါးပါး
ဖြတ်သန်းလာကြတဲ့ ခင်ဗျားတို့ ကျတော်တို့ဘဝတွေနဲ့အပုံကြီးကွာခြားတဲ့ လောကလေးတစ်ခု
ကိုကျွန်တော်ပေါ်လွင်အောင်ရေးနိုင်ပါ့မလား……….
ကြို့ကုန်းဆိုတဲ့ ရွာလေးက လှည်းကူး..ဖောင်ကြီးကနေ(၆)မိုင်ကျော်လောက်ဆက်သွားမှ
ရောက်မယ့်ရွာလေးပါ။ကွင်းဆင်းရှာဖွေရေးအဖွဲ့တွေ ပထမဂါဝရအနေနဲ့လှည်းကူး
မြို့နယ်သံဃာနာယကအဖွဲ့ဆီဝင်ဦးခိုက်တုန်းပဲရှိသေး MYD ရဲ့စေတနာကိုနားလည်သွား
တဲ့ ဘုန်းဘုန်းမိန့်မှာချက်က“အဆိုးဆုံးကတော့ကွယ်…တို့တစ်နယ်လုံးမှာ..ကြို့ကုန်းကျောင်း
ပေါ့”…သွားကြည့်လိုက်ပါတဲ့။
ဒီလိုနဲ့ကျတော်တို့ ခရီးအဆက် လမ်းဆုံးမှာတော့ စာအံ့သံလေးတွေနဲ့အတူ ဆီးကြိုနေတဲ့
ခြောက်ကပ်ကပ်ကျောင်းဝိုင်းလေးက အေးစက်စက်ကြိုလင့်လို့နေပါတယ်။
သက်တော်(၇၀)ကျော်နေပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးတည်း ကတာဝန်ယူ
ထားတဲ့ မူလတန်းအဆင့်ကျောင်းလေးပါ။တစ်ရာတစ်ယောက် အနာဂါတ်တွေတောက်ပြောင်
လာဖို့ရာမျှော်လင့်လို့မရတဲ့ အခြေအနေနဲ့ကျောင်းလေးမှာ သေစာရှင်စာ လာသင်ကြားနေရ
တဲ့ နွမ်ပါးတဲ့ကလေးငယ်စုစုပေါင်းက အယောက်(၄၆)ပါ။သက်တော်ကြီးရင့်နေပြီဖြစ်တဲ့

ဘုန်းတော်ကြီးရဲ့စွမ်းအားကြောင့်ရော၊ကျောင်းတော်ရပ်တည်ဖို့ရာကိုမှမလွယ်ကူတော့တဲ့
အခြေနေသဒ္ဒါတွေကြောင့်ရော အားလုံးသောကလေး လေးတွေရဲ့အနာဂါတ်ကျပျောက်ရ
တော့မဲ့ အလားအလာက ရှေ့မှာဖြစ်နေပါပြီ။
“ကျောင်းကိုပိတ်ပြစ်တော့မယ်တဲ့”..ရပာန်းအိုကြီးရဲ့ အားမတန်လို့မာန်လျော့ ဆို့နင့်တဲ့
လေသံကို စာသင်နှစ်ထက်ဝက်ကျိုးမှာ အမိုးမလုံ၊သင်ပုန်းကျောက်မစုံလင်တော့တဲ့
ကျောင်းလေးက အံကြိတ်လို့နေခဲ့ပါတယ်။“ကလေးတွေရဲ့အနာဂါတ်ကတော့ လယ်တော
ထဲက ဖယောင်းတိုင် ပမာပါပဲကွယ်”…အမေတို့ကလည်းဒီလောက်ပါမျှော်လင့်ပါတယ်။
ရင်နင့်စရာပါ။ရန်ကုန်မြို့ကြီးနားက ရန်ကုန်မဆန်တဲ့ဘဝလေးတွေပါ။
သူငယ်တန်းကနေ၊လေးတန်းအထိကိုမှ့ သင်ပုန်းကနှစ်ချပ်ပဲအကောင်းရှိတယ်။
ကျန်တဲ့နှစ်ချပ်က သစ်သားစတွေကိုမှာ ဖာထေးစပ်ရိုက်ထားတဲ့ အယောင်ဆောင်သင်ပုန်း
တွေပါ၊ဆရာမသုံးယောက်ရှိပြီး၊သုံးယောက်စလုံးကလည်း ခုမှဆယ်တန်းဖြေဖို့ရာ သင်ယူကြိုးစားနေဆဲတွေပါ၊ ဘဝတူကလေးတွေအတွက် သူတို့ဘဝတွေကိုဝေမျှပေးနေခဲ့တာပါ။
“ဘုန်းကြီးမှာကလည်း ဆရာမလေးတွေအတွက် လခသဘောမျိုးပေးဖို့ရာတောင်မှ
မစွမ်းတော့ပါဘူးကွာ…သူတို့လေးတွေအတွက်ကခါတိုင်း တလတစ်သောင်းမျိုးပေးနိုင်သေး
တယ်၊ခုမပေးဖြစ်တော့တာ ကြာပေါ့၊သူတို့လည်းသူလိုငါလိုပါပဲကွာ၊ဆယ်တန်းဖြေဖို့ရာ
ဘုန်းကြီးထောက်ပံ့တာလေးနဲ့ပဲရပ်တည်နေရတာ….”ရင်နာနာနဲ့မိန့်ကြားခဲ့တဲ့ ဆရာတော်
ရဲ့အသံက ကျတော်တို့နားထဲကတော်တော်နဲ့မထွက်တော့ဘူး။ဒါကြောင့် MYD ရဲ့
ဒုတိယခြေလှမ်းအဖြစ် လှည်းကူးမြို့နယ်၊ကြိုကုန်းရွာမှရှိတဲ့ ကြို့ကုန်းကျောင်းလေးကို
ရွေးလိုက်ပါတော့တယ်။
သူငယ်တန်း ။ ။၁၉ ဦး
ပထမတန်း ။ ။၁၁ ဦး
ဒုတိယတန်း ။ ။၁၀ ဦး
တတိယတန်း။ ။၆ ဦး
စုစုပေါင်း ကလေးငယ်(၄၆)ဦးပညာသင်ကြားနေပါတယ်။
လှူဒါန်းမယ်အစီအစဉ်ကတော့ …
၁။ဗလာစာအုပ် (အနဲဆုံးကလေးတစ်ယောက်တစ်ဒါဇင်)

၂။စာရေးကိရိယာ
၃။ကျောက်သင်ပုန်းနှစ်ချပ်နှင့် မြေဖြူ
၎။ဘုန်းတော်ကြီးကျောင်းအတွက်နဝကံမအလှုတော်ငွေ
တို့ဖြစ်ကြပါတယ်။
စေတနာရှင်တို့အနေနဲ့အဝတ်အစားပောာင်း နှင့် သင်ထောက်ကူပစ္စည်းတနိုင်တစ်ပိုင်
လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။တစ်ခုလောက်အားလုံးကိုမေတ္တာရပ်ခံချင်တာကတော့
MRMBER အဖြစ်စာရင်းကောက်ခံရတဲ့ရည်ရွယ်ချက်က MRMBER တွေရဲ့လစဉ်ထည့်ဝင်
ငွေပေါ်မူတည်ပြီးနှစ်လပေါင်းကုသိုလ်ငွေကိုချိန်ဆရမှာဖြစ်ပါတယ်။ဒါကြောင့် MRMBER များ

အနေနဲ့အမှန်တကယ်လစဉ်ထည့်ဝင်မည်ဆိုပါက ကျတော်တို့အဖွဲ့ထံဖြစ်စေ(သို့) ကျတော်
တို့အဖွဲ့အနေနဲ့ပြန်လည်ဆက်သွယ်ရန်ဖြစ်စေ …ဒီနေရာကနေ… တဆင့် ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်။ဒီကျောင်းကလေးရဲ့ မူရင်းဓာတ်ပုံ တွေပါ။

ဆက်လက်ကြိုးစားပါဦးမည်။

Follow

Get every new post delivered to your Inbox.