>

တလောက ကိုရန်အောင်ရဲ့စက်ဘီးစီးခြင်းအက်ဆေးလေးကိုဖတ်ရတော့အတော့်ကို သဘောကျတယ်ဗျ။နောက်ပြီး အခုလောလောဆယ် ကျွန်တော်လဲ ကျွန်တော်ရဲ့စွန့်ဦးတည်ထွင်သူများဆိုတဲ့ ခေါင်းစဉ်အတွက် စက်ဘီးအကြောင်း လေ့လာနေတော့ တိုက်ဆိုင်သွားပြီး သူ့အက်ဆေးလေးကို နောက်တစ်ခေါက်တောင် ထပ်သွားဖတ်ဖြစ်သေးတယ်။ ဟုတ်တယ်ဗျာ့…..ငယ်ငယ်က (၂တန်း၊၃တန်းအရွယ်ကပေါ့) သူများတွေ စက်ဘီးစီးတာမြင်ရင် ကျွန်တော်လဲအရမ်းစီးချင်တာ။ကျွန်တော်ကအဲဒီတုန်းက၂၅လမ်းအောက်လမ်း မှာနေတာပါ။ ၂၅လမ်းအောက်ဘက်ဆိုတာ အခုအချိန်အထိစက်ဘီးတွေ ရောင်းတဲ့လမ်းပေါ့။ကျွန်တော်တို့အိမ်လဲ (သူများကိုငှားထားတာ)စက်ဘီးအရောင်းဆိုင်ပါ။နေခင်းဘက်(ကျွန်တော်ကျောင်းမသွားတဲ့ရက်တွေ) ဆိုရင် အိမ်ရှေ့စက်ဘီးရောင်းတဲ့နေရာလေးဟာ ကျွန်တော့်ကစားကွင်းပေါ့။ အလုပ်သမားအစ်ကိုကြီးတွေကလဲ စက်ဘီးတွေဆင်တဲ့သူကဆင်၊ ရောင်းတဲ့သူကရောင်းနဲ့ အလုပ်တွေရှုပ်နေတဲ့ကြားက ကျွန်တော်စက်ဘီး ပတ်စီးချင်တယ်လို့ပူဆာတိုင်း ကျွန်တော့်ကိုတင်ပြီးစက်ဘီးတပတ်စီးပြရတယ်။ကျွန်တော်ဆိုတဲ့ကောင်ကလဲ အရွယ်သာငယ်တာ(အဲဒီတုန်းကအရွယ်ကို အခုပြန်တွေးပြီးပြောတာ) စက်ဘီးဆိုရင် ကိုယ်တိုင်နင်းရမှ။အတင်းကို စက်ဘီးရဲ့ဘားတန်းအောက်ကိုအတင်းဝင်(ယောကျာ်းစီးမောင်ဗမာစက်ဘီးပါ) ခြေနင်းပေါ်တက်၊ အတင်းနင်းတော့တာပဲ၊ ကလေးအရွယ်ဆိုတော့ ဒေါက်ထောက်ထားမှန်းလဲမသိ၊ နင်းနေရပြီဆို ပြီးရော နောက်တော့မှ ငါနင်းနေတာ ဘာကြောင့်မရွေ့တာလဲ။ဟိုဒီလျောက်ကြည့်တော့မှ ဒေါက်ထောက်ထားတာ တွေ့ပြီး ထောက်ထားတဲ့ဒေါက်ကို မနိုင့်တနိုင်ဖြုတ်တော့တာပဲ။စက်ဘီးကိုမနိုင်ပဲဒေါက်ကိုဖြုတ်တာ စက်ဘီးကကိုယ်ပေါ်မှောက်ကျပြီး လည်နေတဲ့နောက်ဘီးထဲ ကျွန်တော့်ညာဘက်လက်ဝင် သွားရောဗျ။

(ကောင်းတယ်။ ဒီလောက်ကမြင်းတဲ့မျောက်ဘာဖြစ်သွားလဲ သိချင်တယ်မဟုတ်လား။)ကျွန်တော်ကံကောင်းတယ်ဆိုရမလားပဲ။စက်ဘီးခြေနင်းကနေ ကျွန်တော့်ရဲ့ကလေးအားနဲ့နင်းတော့စက်ဘီးနောက်ဘီးကအရမ်းမလည်ပဲ ကျွန်တော့်လက်ဝင်သွားတာနဲ့ ဘရိတ်အုတ်သလိုဖြစ်သွားပြီးကျွန်တော့်ရဲ့ ညာဘက်လက်မလေးကိုပဲ ဟက်တက်ကွဲပြီး တသက်တာအမှတ်တရဒဏ်ရာ ပေးသွားပါတယ်။အခုဒီစာကိုရေးနေစဉ်အထိ ကျွန်တော့်လက်မက ဒဏ်ရာကိုကြည့်ပြီး ငယ်စဉ်ကစက်ဘီးအလွန်စီးချင်သောငယ်ဘ၀လေးကိုပြန်သတိရမိပါသေးတယ်။ဒါတင်ပဲလား။ နောက်ရှိပါသေးတယ်။ မြို့ထဲမှာနေတော့ မြို့ထဲမှာ ကားကရှုပ်၊လူကရှုပ်နဲ့ဆိုပြီး အမေက စက်ဘီးဝယ်မပေးပါဘူး။အဲဒီအချိန်ကBMXဘီးတွေ အရမ်းခေတ်စားနေတာ။ကလေးတကာက BMXမှ BMXအရမ်းခေတ်စားတဲ့အချိန်ကိုဗျ။ နောက်ကျွန်တော် ၅တန်းမှာ ကမာရွတ်ကိုပြောင်းရတော့ အိမ်နီးနားချင်းကလေးတွေ(နောင်ကျွန်တော်ရဲ့ အခင်ဆုံးကျောင်းနေဘက်တွေ) စက်ဘီးကိုယ်ဆီနဲ့ နွေရာသီကျောင်းပိတ်ရက်ဆိုရင် တခြားမြို့နယ်ကသူငယ်ချင်းတွေသွားခေါ် ပြီးတော့ ကျွန်တော်တို့ အိမ်နားက အင်းယားကန်ဘောင်ဘက်သွားပြီးအကြော်သွားစားကြတယ်။ဟဲဟဲ….အကြော်ပဲစားတာပါ။ အဲဒီတုန်းကဘာစိတ်မှရှိသေးဘူး။သိပ်မတွေးနေကြနဲဦးနော်။အားလုံးမှာ စက်ဘီးကိုယ်စီနဲ့ ကျွန်တော်ကလွဲရင်ပေါ့။ကျွန်တော်ကတော့ အိမ်ဘေးက သူငယ်ချင်းသော်ကြီးကောင်းမှုနဲ့ သူစက်ဘီးအပို (သူအစ်ကိုတွေရဲ့ဘီးပါ)ကိုစီးရတာပါ။အိမ်ကို စက်ဘီးဝယ်ပေးဖို့ပြောတိုင်း အမေကနင်တို့တွေကို စက်ဘီးဝယ်ပေးလိုက်ရင်း မြင်းဇောင်းကမြင်းကို ကြိုးဖြေပေးသလို ဖြစ်နေမှာပေါ့။နင်တို့က လမ်းထဲတင်စီးမှာမဟုတ်ဘူး။အင်းစိန်လမ်းမပေါ်တက် ကားတိုက်ရင် ငါပဲရင်ကြိုးရမှာပေါ့ဆိုပြီး ဘယ်တော့မှ မ၀ယ်ပေးဘူး။ကျွန်တော်လဲ အမေကိုပြောဖန်များတော့ ဒီစကားကိုနားယဉ်လာပြီ။ကဲ မ၀ယ်ပေးလဲနေကွာဆိုပြီး စက်ဘီးဝယ်ဖို့ရူးတာကို ရပ်လိုက်တယ်။ ကျွန်တော်တို့ကလဲ စက်ဘီးအမြဲစီးတာ မဟုတ်ဘူးလေ တခါတရံမှဆိုတော့။တကယ်ပါအမေက သူသာသေသွားတယ် စက်ဘီးဘယ်တော့မှ မ၀ယ်ပေးသွားဘူး။ ဒါပေမယ့် အခုအသက်အရွယ်တွေရ၊ ကလေးတွေ ဘာတွေရလာတော့မှ ဟိုတုန်းကအမေ ဘာကြောင့်စက်ဘီးမ၀ယ်ပေးရလဲဆိုတာ နားလည်သဘောပေါက်လာတော့တယ်။မိခင်စိတ်ဆိုတာ သားသမီးတွေအတွက်တော့ ကိုယ်ကိုတိုင် မိဘနေရာရောက်မှ သိလာတော့တယ်ဗျာ။ ကျွန်တော်တို့တွေ ၁၀တန်းအောင်ပြီး တက္ကသိုလ်တွေတက်ဖို့စောင့်နေတုန်းအထိ ဒီလိုပဲ စက်ဘီးတွေစီးပြီး တစ်ယောက်အိမ် တစ်ယောက်လျှောက်လည်ခဲ့ကြတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့အခုစီးနေကြတဲ့ စက်ဘီးလေးတွေကကနဦး အစကဆိုရင် တာရာတို့ ကျွတ်တို့တောင်မပါသေးဘူး။ သူတို့ကို ဘယ်လိုစီးကြလဲဆိုရင် နွားလှည်းကဘီးတွေလိုပေါ့ အားလုံးက သစ်သားတွေနဲ့ပါ။စက်ဘီးဆိုတာကို Wikiတွေထဲမှာ အခုလိုဖွင့်ဆိုထားတာကတော့ တန်းများနှင့်တွဲ၍ ရှေ့နောက်နှစ်ဘက်တန်းလျှက်ရှိသော ဘီးနှစ်ဘီးကိုလူ့စွမ်းအား(ခြေထောက်)ဖြင့်နင်းရသောအပေါ့စားယာဉ်တစ်မျိုးဟုတွေ့ရှိရပါတယ်။ပထမဆုံးတီထွင်တဲ့ စက်ဘီးကို (တကယ်ဆိုရင် စက်ဘီးလို့ပြောရခက်ပါတယ်)။ ၁၈၁၇ခုနှစ်မှာ ဂျာမနီလူမျိုး Baron Von Drais ဆိုတဲ့လူကတီထွင်ခဲ့တာပါ။သူစတီထွင်တဲ့ စက်ဘီးဟာ အစကကျွန်တော်ပြောသလို ခြေနင်းမပါ။တာယာမပါ။အားလုံးသစ်သားကိုယ်ထည်ချည်းပဲ။စီးချင်ရင်လူကပထမလမ်းလျောက်ရင်းတွန်းပေးရပါတယ်။နဲနဲလေးအရှိန်ရလာမှ လူကအပေါ်ကနေ တက်ထိုင်ပြီးလိုက်သွားရပါတယ်။(ကျွန်တော့်စိတ်ထင် သူတို့စီးပုံက အခုခေတ်ကလေးတွေ စကူတာတို့၊ စကိတ်တို့ စီးသလိုပဲထင်ပါတယ်။)အဲ့ဒီအချိန်ရဲ့အတိုင်းအတာမှတ်တမ်းများအရ အဲ့ဒီစက်ဘီးဟာ တစ်နာရီကို၁၅ကီလိုမီတာနှုန်းပဲပြေးပါတယ်။ ဒီဘီးလေးတွေကို အပြေးယာဉ် (Running Machine)လို့ခေါ်ကြတယ်။ဒီလိုဘီးမျိုးတွေကို ၁၈၃၀အထိ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြပါတယ်။၁၈၃၉ခုနှစ်မှာ စကော့တလန်နိုင်ငံသား ပန်းပဲဆရာကြီး Krikpatrick Macmillan ဆိုသူက ခြေနင်းပါပြီး ပထမဆုံး လူတွေဟာ ခြေထောက်ကို မြေကြီးမှာထိစရာမလိုပဲခြေနင်းရုံနဲ့စီးလို့ရတဲ့စက်ဘီးမျိုးကိုတီထွင်ပြန်ပါတယ်။ သူစတင်တီထွင်ခဲ့စဉ်ကစက်ဘီးက တဘက်ပုံပါအတိုင်းဖြစ်တဲ့ Pedal Driven Bicycle (ခြေနင်းစက်ဘီး)လေးပါ။ဂရင်းနစ်စာအုတ်မှာစက်ဘီးကို သူကစတီထွင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။သူမွေးရပ်မြေ စကော့တလန်နိုင်ငံ Coathillမှာ ၁၉၄၆ခု စက်တင်ဘာလ(ဒုတိယကမ္ဘာစစ်ကြောင့် ၈နှစ်နောက်ကျရတာပါ)မှာ သူ့ရဲ့တီထွင်မှု နှစ်တစ်ရာကို ကျင်းပခဲ့ပါတယ်။

၁၈၆၀ခုနှစ်အစောပိုင်းမှာတော့ ပြင်သစ်လူမျိုးပန်းပဲဆရာသားအဖPierre နှင့် Ernest Michaux တို့ဟာ လူနှစ်ယောက်စီးလို့ရသော နောက်တွဲစက်ဘီးမျိုးကို တီထွင်ခဲ့ပါတယ်။သူတိုရဲ့စက်ဘီးမျိုးဟာ အရှေ့ဘီးဟာ အနောက်ဘီးထက်ကြီးတဲ့အမျိုးအစားပါ။

တကယ်တမ်းစီးကြည့်တော့ သူတို့စက်ဘီးတွေဟာ ကုန်းအဆင်းတွေမှာ ခက်ခက်ခဲခဲတွေ့ရပါတယ်။ အဲဒီတော့ သူတို့သားအဖဟာ စက်ဘီးလက်ကိုင်နဲ့ ခြေနင်းကို စက်ဘီးအရှေ့ဘီးနဲ့ တွဲပြီးတပ်ဖို့ အကြံရလာပါတယ်။

၁၈၆၉မှာ ဗြိတိန်မှ Reynoldကလည်း နှစ်ထပ်စမုတ်တံ(Double-spoke)နှင့်စက်ဘီးမျိုးကိုထွင်ပြန်ပါတယ်။ သူ့ဘီးကိုယ်ထည်ကို ပေါ့ပါးတဲ့သံတန်းမျိုးနဲ့တည်ဆောက်ပြီးဘီးကိုလည်း ရာဘာတန်းကို (အထဲမှာ ကျွတ်မပါသေးပါဘူး။) သစ်သားခွေပေါ်မှာ သံရိုက်ပြီးတာရာခွေ သံကိုယ်ထည်စက်ဘီးမျိုးပါ။သူနောက်မှာလည်း တီထွင်သူအမျိုးမျိုးက စက်ဘီးပုံစံအမျိုးမျိုးကို သူနည်းသူဟန်တွေနဲ့ တီထွင်ကြပြန်ပါတယ်။

၁၈၇၉ခုနှစ်မှာအင်္ဂလိပ်လူမျိုးHarryJohnLawsonဆိုသူက နောက်ဘီးနှင့်တွဲလျှက်နင်းရသောချိန်းတပ်ဘီးအမျိုးအစား တီထွင်ခဲ့ပြန်ပါတယ်။ သူတီထွင်တဲ့ ချိန်းတက်ဘီးဟာ အခုခေတ်စီးနေသောဘီးလိုမျိုး ခြေနင်းကို ရှေ့ဘီးနှင့် နောက်ဘီးကြားမှာထားပြီး နင်းတဲ့ပုံစံပါ။

၁၈၈၅မှာ အင်္ဂလိပ်လူမျိုး John Kemp Starleyက ရှေ့ဘီး နောက်ဘီးအညီ(အခုခေတ်စီးသလို) စက်ဘီးနောက်တမျိုးကို တီထွင်လာပါတယ်။ သူဘီးဟာ ယခင်ဘီးများကို ကျော်တက်သွားပြီး ယခုကျွန်တော်တို့စီးနေသောဘီးတွေရဲ ကနဦးမူလအစ ဖြစ်လာပါတယ်။စက်ဘီးထိုင်ခုံ၊ ခြေနင်းဝင်ရိုး(အလယ်ဘားတန်း)၊ လက်ကိုင်တန်းတွေဟာဟန်ချက်ညီအောင်အတော့်ကိုထိန်းမတ် လာနိုင်ပါတယ်။

အခုခေတ် ကျွန်တော်တို့စီးသော စက်ဘီးမျိုးအထိရောက်အောင်

တီထွင်သူများဟာ ခေတ်အဆက်ဆက်သူတို့နည်းသူတို့ဟန်ဖြင့်တီထွင်ကြံဆဖန်တီးခဲ့ကြပါတယ်။