>

ကဗျာဆိုတာ စကားတတ်စကလေးအရွယ်များ၊စာသင်ခါစ ကလေးအရွယ်များအတွက် အကောင်းဆုံးသော သင်ကြားမှုတစ်ခုဖြစ်ပါသည်။ကဗျာသည် ကလေးငယ်များအဖို့ ဆိုလွယ်၊တတ်လွယ်၊ရွတ်လွယ်သောကြောင့် သင်ကြားရ၊ရွတ်ဆိုရသော ကလေးများအဖို့လည်း ပျော်ရွှင်စွာရွတ်ဆိုရသော ကစားနည်းတမျိုးလည်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ငယ်စဉ်ကလေးများ ဆော့ကစားရာတွင်လည်း ကစားမှုအတော်များများသည် ကဗျာဆန်ဆန်ရွတ်ဆိုကစားရသော ကစားနည်းများပေသည်။ကလေးများချော့မြှုရာတွင်လည်း ကဗျာကဲ့သို့သီချင်းရွတ်ဆိုမှုများသည် နားထောင်ရသောကလေးများအဖို့ သာယာနာပျော်ဖွယ်ဖြစ်စေသည်။ကျွန်တော်မှတ်မိသလောက်-

လူကလေးရဲ့ အိပ်ချိန်တန်
ဗျိုင်းရှေ့ကပြန်
လူကလေးရဲ့ အိပ်ချင်ဘူး
ဗျိုင်းရှေ့ကမြူး။

ညီမလေးရေ ထပါတော့
ရောင်နီလာမှပေါ့။
မောင်လေးရေ ထပါတော့
ရောင်နီလာမှပေါ့။
တကြော့နှစ်ကြော့တေးကိုသီ
ငှက်ကြားနှုတ်ပလီ။

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အရောင်ပြတယ်
ဖိုးရွှေနတ်သား။

ကဲ့သိုသော သားချော့တေးလေးများဆိုလျှင် ငယ်စဉ်ကလေးဘဝအရွယ်က အမေဆိုပြခဲ့ဖူးသော ကဗျာလေးများပေတည်း။အမေဆိုပြသော သားချော့တေးကလေးများ နားထောင်ရင်း နှစ်ချိုက်စွာ အိပ်စက်ခဲ့ရသော တထောင့်တညရဲ့ ညများကို အခုနေများ တစ်ခါပြန်ကာလေ ရချင်မိပါသည်။

ရွှေစွန်ညို ဘာလိုလို့ဝဲပါတယ်။
မထွေးလိုလို့ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ
ပါပါလျှက်သားနောက်ကထား။
မထွေးအသားခါး လှတယ်။
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရ နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေ နွေမှာခမ်း။
ပင်လယ်ရေနဲ့ ဆေးပါမယ်။
ပင်လယ်ရေ ဘယ်မှာခမ်း။
မထွေးအမိဖမ်း။
(မှားနေရင်ခွင့်လွှတ်နော်။သူများတွေဆော့တာ ကြားရသမျှ၊မှတ်မိသမျှရေးတာ။)

ဘီးဘီး ဘာဘီးလဲ။
ရွှေဘီး။
ရွှေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ငွေဘီး။
ငွေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ကြေးဘီး။
ကြေးစော်နံ ပြန်လိုက်ဦး။
(နောက်ပိုင်းတွေ မမှတ်မိတော့ပါ။)
ဒီလို ကဗျာလေးတွေကို ကလေးများအပြန်အလှန် ရွတ်ဆိုကြရင်း အုပ်စုလိုက် ကစားကြတာကို တွေးရင်းငယ်စဉ်တောင်ကျေး ပျော်ပါးကစားခဲ့ကြ ပုံများကိုလည်း လွမ်းမိပါသေးတယ်။ရန်ဖြစ်ကြ ပြန်ချစ်ကြရင်းနဲ့ပဲ သူငယ်ချင်းတွေ တစ်ဦးနဲတစ်ဦး မာနကင်း အာဂတကင်း၊ တစ်ဦးပေါ်တစ်ဦး ဘာစိတ်မျှမရှိကြပဲ ပကတိ ရိုးသားသော ကလေးငယ်ဘဝပေတည်း။

စာသင်ချိန်ရောက်လို့ ကျောင်းစနေတော့လည်း ကဗျာဆိုတာ သင်ပုန်းကြီးစလှန်တာနဲ့ သင်ရတော့တာပါပဲဗျာ။

ညအခါ လသာသာ
ကစားမလား နားမလား။
က..ကလေးငယ် ချစ်စဖွယ်
ခ…ခရေကုန်း မလေးပြုံး။
ဂငယ်… ဂဏန်းသင်ပြုံးရွှင်ရွှင်။
င…. ငချိတ်ပေါင်းစားလို့ကောင်း။
စ…………
ဆ………
အ အမေတို့တိုင်းပြေ ငါတို့ချစ်တဲ့မြေ။

ရဲသားကြီးကိုလှဖေ
လူဆိုးဖမ်းဖို့ တာဝန်ကြေ။
မလှမွန် သူနာပြု
စေတနာနဲ့ သူပြုစု။

ကဲ့သို့သော ကဗျာလေးများကို ကျောင်းခန်းထဲမှသူငယ်ချင်းများနှင့်အတူတကွရွတ်ဖတ်ခဲ့ကြရသော စာအံသံများသည် ယခုထိတိုင်ကျွန်တော်နားထဲတွင်စွဲမြဲစွာကြားနေရပါသေးသည်။ ထိုကဗျာလေးများအထဲမှ ကျွန်တော်အကြိုက်ဆုံး ကဗျာလေးကတော့ –

ပန်းကလေးများ ပွင့်တော့မည်။
ဖူးတံဝင်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း။
ဒီကဗျာလေးကတော့ ကျွန်တော့်ရင်ထဲ အခုထိတောင် ဆိုလို့ကောင်းနေဆဲပါဗျာ။

နောက် အတန်းတွေကြီးလာပေမယ့်လည်း နှစ်စဉ်နှစ်တိုင်း မြန်မာစာ သင်ရိုးညွန်းတမ်းစာအုပ်ထဲမှာ “ကဗျာ” ကတော့မပါမဖြစ် အရေးပါသူလေ။ကဗျာဆိုတာကတော့ ကျောင်းသားဘဝမှာ ရွတ်ဆိုလို့ကောင်းရင် စိတ်ထဲစွဲကျန်ရောပဲလေ။ စာသင်ကျောင်းသားဘဝကတော့ သင်ခဲ့ရတဲ့ ကဗျာတွေကအများကြီးပါပဲ။တချို့ကဗျာတွေကိုတော့ အခုထိမှတ်မိတယ်။တချို့ကဗျာတွေကတော့ မေ့ပြီဗျာ။ကြီးတော့ စာတွေဘာတွေ ပြန်ဖတ်တဲ့အခါ တချို့ကဗျာလေးတွေကိုတွေ့မှ ဒီကဗျာလေးကတော့ ငါငယ်ငယ်က သင်ခဲ့ဖူးပါရဲ့ ဆိုပြီးပြန်မှတ်မိတာ။ငယ်ငယ်က သင်ခဲ့ရသောကဗျာရေးတဲ့ ကဗျာစာဆိုတွေထဲမှာတော့ လူဦးမင်း နှင့် ဖိုးသူတော်ဦးမင်းတိုနှစ်ဦးကိုတော့ အတော်ကိုကြိုက်မိပါရဲ့ဗျာ။ သူတို့နှစ်ဦးက တစ်ဦးက စာခံတဲ့ကဗျာကို တစ်ဦးက မရမကကဗျာဖွဲ့ပြီး စာအုပ်တော်မူကြတဲ့ တစ်ခေတ်ထဲပေါ်ခဲ့တဲ့ ကဗျာကဝိနှစ်ဆူပေကိုး။သူတို့ရေးတဲ့ကဗျာတွေထဲက ဒီကွမ်းအကြောင်းစပ်တဲ့ ကဗျာလေးကိုတော့ မှတ်မိသေးသဗျ။လူဦးမင်းစာခံတဲကဗျာမှာ-

တံတာဦးက ကွမ်းနုဝါ
ငမျာကဆေး…..။
ကွမ်းသီးတောင်ငူနှင့်၊
ကိုင်း ထုံးဖြူ ၊ ပြည် ရှား
သာဝါးလို့ထွေး။

ဒီလို နန်းတော်တွင်းမှ ဘုရင်စားကာထွေးသည့် ကွမ်းအရောင်ကို ကြည့်ရင်းစပ်တဲ့ လူဦးမင်းရဲ့ ကဗျာကို ဖိုးသူတော်ဦးမင်းက တောဓလေ့ ရွာသူရွာသား သူဆင်းရဲများစားသော ကွမ်းအရောင်ဖြင့် ပြန်လည်ချေပကာ စာအုပ်ပုံကတော့ –

ကွမ်းရွက်ကယ် ညှာကြွေ
ရေစိမ်တဲ့ဆေး……။
သန်းခေါက်လှိုင်လှိုင်နှင့်၊
ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး။

စကားပြောတတ်ခါစအရွယ်မှစ၍ စာသင်သားကျောင်းသားဘဝ၊ အတန်းတွေကြီးလာသည့်အထိ ကျွန်တော်တိုရဲ့ ပတ်ဝန်းကျင်တွင်လည်းကောင်း၊သင်ကြားခဲ့ရသော ကျောင်းစာများတွင်လည်းကောင်း ကဗျာသည် အတော်အတန်ပင် ထိတွေ့ခဲ့ရသည့် ကစားမှုအနေဖြင့်ရော၊ ပညာဗဟုသုတများအနေဖြင့်ရောပေးသောစာပေဖြစ်ပေသည်။
လူကြီးတွေဆိုသလိုပေါ့ ဂါထာပေး တေးဖြစ်တဲ့၊ ကဗျာပေးရင်ကော တေးဖြစ်မှာပဲလေ။ ကဗျာဆိုတာကတော့ တေးသီချင်းအစပဲပေါ့ဗျာ။ တေးတောင် သီဆိုမှုကောင်းလျှင် နားထောင်ကောင်းသလို ကဗျာဆိုတာလည်း အသံနေ အသံထားနဲ့ရွတ်ဆိုတတ်လျှင် အတော်ပင်နားဝင်ချိုမြလှပေသည်။ရွတ်ကောင်းဆိုကောင်းသော အထက်ပါ ကဗျာလေးများသည် ကျွန်တော်အဖိုတော့ ငယ်စဉ်တောင်ကျေးကလေးဘဝမှ အရွယ်ရောက်သည်တိုင် မမေ့နိုင်သည့် ကဗျာလေးများဖြစ်ပေသည်။တချို့ကဗျာလေးများမှာအမှားပါရင်လဲခွင့်လွှတ်ပြီးဖတ်ပေးကြပါခင်ဗျား။ဒီအကြောင်းတက်ခ်ထားတဲ့မနှင်းကိုရောစိတ်ကျေနပ်မည်လို့ထင်ပါတယ်။လာအကြောင်းကြားလို့ ကျေးဇူးပါဗျာ။ပထမဆုံးဈေးဦးပေါက်သော ကြောင့်လည်းကောင်း၊ ကဗျာတွေဖတ်ရတာ သဘောကျတဲ့သူအဖြစ်ကြောင့်လည်းကောင်း၊ စိတ်ပါစွာရေးသားနိုင်တာဖြစ်ပါတယ်။