>
“ဘော် ဘူ……. ဘော်ဘူ”
“ရထားလာနေပြီဟေ့”

ရန်ကုန်ဘူတာကြီး ရထားစင်္ကြန်မှာ တနေကုန် အလုပ်ပင်ပန်း၍ ခြေကုန်လက်ပန်းကျစွာ ထိုင်နေရင်း မိမိ၏ ဘဝအခြေအနေကို တောင်တွေးမြောက်တွေးဖြစ်နေသော မောင်ရေချမ်းတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားသော ခေါင်းရွက်ဗျက်ထိုးဈေးသည်များ၏ အသံကိုကြားရင်း ရထားလာနေပြီဟူသော အသိစိတ်ကလေးဖြင့် ထိုင်နေရာမှ လေးလံစွာထလိုက်သည်။ ဘူတာကြီးမှာလဲ ရုံးဆင်းချိန်ညနေစောင်းဖြစ်သဖြင့် အိမ်ပြန်ရန် ရထားစောင့်နေကြသူများဖြင့် ရှုပ်ထွေးပြည့်နှက်နေလေသည်။


“အဲ အခုမှ သတိရတယ်။ရထားလက်မှတ်မဝယ်ရသေးပါလား။”
“အကြွေရှာဦးမှပဲ”
ရောက်စက ရထားမလာသေးသဖြင့် အချိန်အတော်ရသေးသောကြောင့် ရထားလက်မှတ် မဝယ်မိတာ အခုတော့ ရေချမ်းတစ်ယောက် ရထားလက်မှတ်ဝယ်ရန် ဗျာများနေလေသည်။ အကြွေရှိလိုရှိငြား အင်္ကျီအိတ်ကပ်ထဲရော လက်ဆွဲအိတ်ထဲမှာရော အကုန်လျှောက်ရှာနေရပြီ။ နဂိုကမှ အကြွေ ကြိုတင်မဆောင်ထားသောကြောင့် ယခုလို အရေးအကြောင်း ပေါ်လာတော့ အကြွေကလဲ အတော်နှင့်ရှာမရ။ကံကောင်းထောက်မ၍ လက်ဆွဲအိတ်ရဲ့ဘေးအိတ်ထဲမှ အကြွေ ၅၀တန်တစ်ရွက် ရလိုက်လို့ တော်သေးသည်။ဒီလို ညနေရုံးဆင်းချိန်တွင် လက်မှတ်သွားဝယ်လျှင် အကြွေမပေးပါက အတော်နှင့် အကြွေပြန်မရတတ်ဘူးလို့ ရထားစီးဖူးနေကြသော အသိတစ်ယောက်က ပြောပြထား၍ ရေချမ်းမှာ အခုလို ငွေအကြွေကို အသည်းအသန် ရှာနေရခြင်းဖြစ်သည်။အရင်က ရုံးဆင်းရင် လိုင်းကားကိုပဲ မရမက တိုးကြိတ်ပြီးစီးနေကြသော ရေချမ်းမှာ အခုတော့ အိမ်ရှင်သက်ထားရဲ့ အကြံပေးစကားကြောင့် ဒီကနေ့ ရုံးအဆင်းတွင် ရထားစီးပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လက်မှတ်ကလဲ အရင်စောမဝယ်ထားခြင်းကြောင့် ရထားမထွက်ခင်းမှီရန် ကသုတ်ကရုတ် အပြေးအလွှား သွားဝယ်ရပြန်သည်။ရေချမ်းလဲ ရုံးဆင်းချိန်ဖြစ်၍ ရန်ကုန် တိုးကြောင်ကလေး ရထားပေါ်သို့ လူအများနှင့် တိုးဝှေ့တက်ရင်း ရထားပေါ် မည်သိုမည်ပုံ ရောက်မှန်းမသိ ရောက်သွားသည်။
“ရထားစီးရင် လေကောင်းလေသန့်လဲရ။ကားလိုလဲမဟုတ် ချောင်ချောင်ချိချိလဲစီးရတယ်။ဒီတခါ ရထားပြောင်းစီးကြည့်ပါလား”
ဟုဆိုသော ဇနီးအေးမြရဲ့ စကားသံကို ကြားယောင်ရင်း –
“အခုလိုအခြေနေဆိုရင် ရထားစီးရတာလဲ ကားလိုပါပဲ။ဘာမှမထူးဘူး။အတူတူပဲ။ ဒီအေးမြ သူဘယ်အချိန်းစီးခဲ့တဲ့ ရထားကိုပြောတာလဲမသိဘူး။”
ဟု တစ်ကိုယ်ထဲ တိုးတိုးလေးရေရွတ်ရင်း အိမ်မှဇနီးသည် အေးမြကို အပြစ်တင်လိုက်မိသည်။

ရထားပေါ်မှာလဲ ကိုယ်ထက် ရထားစီးဝါရင့်နေတဲ့ ပတ်စီးကြသူ အပြည့်နဲမို့ ထိုင်ခုံနေရာရရန်လဲ မလွယ်ပေ။ရေချမ်းလဲ ကိုယ်ရဲ့လက်စွဲအိတ်ကလေးကို ရင်ဘတ်ထဲ ပိုက်ရင်း ရထားနံရံကိုကပ်မှီရင်း မတ်တပ်ရပ် လိုက်ပါလာရသည်။ ရေချမ်းမှာ ရုံးကလဲ ဒီကနေ့ လချုပ်စာရင်းတွေ မပြီးပြီးအောင် လုပ်ခဲ့ရတာမို့ လူမှာလဲ အတော်ပင်ပန်းနေသောကြောင့် ခဏခဏ မျက်စိလေးမိုက်ခနဲ မှေးသွားရတယ်။အိပ်လိုတော့မဖြစ် ဒီလိုရထားစီး၊ကားစီးနေချိန်ဆိုရင် အရာရာသတိနဲ့ စီးမှ။ မဟုတ်လိုကတော့ ကိုရွှေခါးတွေက နဲနဲလေးအခွင့်မရနဲ့ ပါလာသမျှ ပြောင်အောင်သမရော။ ရေချမ်းလဲ ကြုံဘူးတော့မှ သတိရှိသွားတာ။

ရေချမ်းလဲ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင်း ဇိမ်လေးနဲ့ ရထားစီးလာရင်း ပုဇွန်တောင်အကျော် မလွှကုန်းဘူတာအရောက် –
“လက်မှတ်လေးတွေ ပြပါခင်ဗျာ။လက်မှတ်လေးတွေ”
ဟူသောရထားလက်မှတ်စစ်ရဲ့ အသံကိုကြားလိုက်ရင်း ဝယ်ထားတဲ့ လက်မှတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်သည်။ခဏကြာတော့-
“ဟာခင်ဗျား လက်မှတ်မပြနိုင်ရင် ဒဏ်ငွေဆောင်ရမယ်။ဒါပဲ “
“မဟုတ်ပါဘူးဆရာရယ်။ကျွန်တော်လက်မှတ်ဝယ်စီးမလို့ပါ။အိမ်က မကျန်းမာနေတဲ့ အမေအတွက် ဆေးလာဝယ်ရင်း မြို့ထဲမှာ ကျွန်တော့်ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ပါ ဆရာရယ်။လက်မှတ်ဝယ်ဖို့ ပိုက်ဆံကလဲမရှိတော့ သူများတွေဆီအကူအညီတောင်းတာကလဲမရ၊ အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တဲ့ ကျွန်တော့်အမေအိုကြီးကလဲ ကျွန်တော်ပြန်မလာရင် မျော်နေမှာပဲလို့တွေးရင်း စဉ်းစားမရတာနဲ့ ထွက်ခါနီး ရထားပေါ် တက်လိုက်လာရတာပါ ဆရာရယ်။ ကျွန်တော်တောင်းပန်ပါတယ်။နောင်ဒီလိုမဖြစ်စေရပါဘူး။”
“မင်းတို့က ဒီလိုပြောတိုင်းရမလားကွ။ငါတို့မှာလဲ တာဝန်ဆိုတာရှိတယ်ကွ။ မရဘူးကွာ။ ဒါအလုပ်လုပ်နေတာကွ။မင်းမပေးနိုင်ရင် ငါနဲ့ရုံးလိုက်ခဲ့။”
လူအများကတော့ ဒီလူနှစ်ယောက်ဖြစ်ပုံကို ကြည့်ရင်းသနားစရာအမူအရာနှင့် တောင်းပန်နေသော ကောင်ကလေးအပေါ် ဂရုဏာသက်သောအကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။
ရေချမ်းတစ်ယောက် လက်မှတ်စစ်နှင့် လူငယ်လေးတို့ရဲ အကြိတ်အနယ်ပြောနေသံများကိုကြားရင်း ဘာဖြစ်နေတာပါလိမ့်ဟု လှမ်းကြည့်လိုက်တော့ တောင်းပန်နေသောကောင်လေးမှာ ရေချမ်းနှင့် တစ်ရပ်ကွပ်ထဲနေသော ကောင်လေးဖြစ်နေသည်။ရေချမ်း ထိုကောင်လေးကိုတော့ မရင်းနှီးပေမယ့် သူ့အကြောင်းကို ကောင်းကောင်းသိနေသည်။ရပ်ကွက်ထဲ အလုပ်ကိုမယ်မယ်ရရမလုပ်၊ လစ်ရင်လစ်သလို သူများပစ္စည်းများကိုလည်း အချောင်ယူတတ်သေးသည်။ အကျင့်ကလဲမကောင်းဟု ရပ်ကွက်ထဲမှာတော့ သူမကောင်းကြောင်း ပြောသူများကြသည်။ သူမှာတော့ သနားစရာကောင်းသော မကျန်းမာသည့် အမေအိုကြီးကတော့ တကယ်ရှိသည်။ အခုလောလောဆည် သူလိမ်နေသလား၊ဘာလားဆိုတာ အပထား ဒီကောင်လေးနှင့် ရထားစစ်သူတို့၏ လက်တလော အချင်းများခြင်းကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ ရေချမ်းစဉ်းစားနေမိသည်။ကောင်လေးကို ကြည့်တော့လဲ တကယ့်ကို ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရသည်ပုံမျိုး တောင်းပန်နေတာ။ခက်တာက ဒီလောကကြီးမှာကလဲ ရုပ်ရည်သနားကမားနှင့် လိမ်ညာနေကြသူများကလည်း တပုံကြီးပင်။လက်မှတ်စစ်ကြီးကလဲ သူတာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ချင်နေသည်ပုံ။ဘာပဲဖြစ်ဖြစ် လူတစ်ယောက် မိမိရှေ့ဒုက္ခရောက်နေလျှင် လက်ပိုက်ကြည့်မနေနိုင်သော ရေချမ်း၏ပင်ကိုစိတ်ရင်းကြောင့်
“‘ဒီမှာခင်ဗျား။ဒီလိုလုပ်လိုမရဘူးလားဆရာရယ်။ဒီညီလေးရဲ့ကျသင့်တဲ့ဒဏ်ကြေးငွေကို ကျွန်တော်ပေးပါ့မယ်။အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါဆရာရယ်။”
“ဒီလိုဆိုရင်တော့ ရပါတယ်ဗျာ။ဒီမယ်ကောင်လေး နောင်တခါဆိုရင် ဒီလိုမဖြစ်စေနဲ့။ဒီက ဆရာကြီးက ကူညီလို့ပေါ့ကွာ။မဟုတ်ရင် မင်းတော့ တရားဥပဒေနဲ့ ရင်ဆိုင်ရတော့မှာပဲ။”
လူငယ်ကလေးကလဲ ရေချမ်းကို ကယ်တင်ရှင်တစ်ယောက်အလား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်နေသည်။ရေချမ်းကလဲ ရပါတယ်ဆိုသော အကြည့်ဖြင့် ကောင်လေးအား နှစ်သိမ့်ရင်း မူလနေရာကို ပြန်သွားရပ်ရင်း ရထားပြတင်းပေါက်ဆီမှ တိုးဝင်လာသော လေများကိုရှုရင်း ရေချမ်းတစ်ယောက် ရောက်တတ်ရာရာ အတွေးနယ်ချဲ့နေတော့သည်။

သြော်…လောကမှာ တာဝန်သိသူ တစ်ယောက်ဖြစ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါလား။ဒီလူငယ်လေး တာဝန်သိစွာ လက်မှတ်ဝယ်ခဲ့ရင် ထိုသို့သောအကြောင်းများ ဖြစ်လာမည်မဟုတ်။လူအများကလည်း မိမိတို့နေစဉ်သွားလာနေသော ရထားကို လက်မှတ်ဝယ်စီးနေရုံသာမက သန့်သန့်ရှင်းရှင်း စီးပါကလည်း တာဝန်သိသည့် ပြည်သူပြည်သားများ ဖြစ်ကြမည်မှာအမှန်ပင်။ရထားပေါ်မှ ခရီးသည်များကို လိုက်တောင်းနေကြသော ကလေးငယ်များကို ကြည့်ရင်း တာဝန်မဲ့ မိဘတွေရဲ့ဝမ်းမှာ လူဖြစ်လာသော သူတိုလေးတွေရဲ့ ဘဝ၊အနာဂတ်တွေဟာလည်း ကြမ်းတမ်းလှပါလား။မွေးရုံသာမွေးတတ်ကြပြီး ကျွေးချိန်အရွယ်ရောက်လာသောအခါ သားသမီးများကို မိဘတို့၏ တာဝန်အရ စာသင်ပေးရမည့် အရွယ်လေးတွေကို စာမသင်ခိုင်းပဲ တောင်းရမ်းခိုင်းစားနေကြတော့ ဒီကလေးတွေ၏အသိမှာ လွယ်လွယ်ကူကူ တောင်းစားချင်တဲ့ စိတ်တွေပဲ တသက်လုံးရှိသွားတော့မှာလေ။အရွယ်ရောက်လာတော့ တောင်းမရရင် ခါးပိုက်နှိုက်မယ်၊ နှိုက်မရရင် ခိုးမယ်၊ ဒီထက်သာရင် ဓားပြတိုက်မယ်။သူတိုလေးတွေရဲ ဘဝမှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားအကျင့်လေးတွေ တတ်သွားရော။ဒီလိုတွေ ဖြစ်မလာဖို့ဆိုတာ သူတို့တွေကိုမွေးကြတဲ့ သူတို့မိဘတွေရဲ့ တာဝန်ပဲလေ။

တချို့မိဘတွေကြတော့လဲ သားသမီးတွေကို အသက်ပေး၍ ချစ်ကြသလို၊ တာဝန်သိတတ်သော မိဘတွေကလဲ အများကြီးပါ။မိဘတွေက တာဝန်ကျေကြသော်လည်း သားသမီးများကလည်း အရွယ်ရောက်လာတော့ အိမ်ထောင်ရက်သားတွေကြ၊ တစ်အိုးတစ်အိမ်ထူထောင်ကြ မိမိတို့အပေါ် တာဝန်ကျေခဲ့သောကိုယ်ရဲ့ မိဘတွေကိုမေ့ပြီး သားသမီးတာဝန် မကျေပွန်ကြသူကလည်းအများပေ။
မိဘတွေက သားသမီးတွေအပေါ် အမျှော်လင့်ဆုံးက မိမိတို့သားသမီးများ၏ သိတတ်မှုပါ။ သားသမီးတွေကလည်း သူတို့မိဘတွေဆီက အမျှော်လင့်ဆုံးက မိဘမေတ္တာနှင့် တာဝန်သိမှုပါပဲ။အပေးအယူဆိုတာ နေရာတိုင်းမှာ ရှိကြပေသည်။မိဘတွေဆီမှ ကောင်းစွာထိန်းသိမ်း စောင့်ရှောက်မှု မရှိခဲ့ပဲ သားသမီးတွေဆီမှ ကောင်းသောသိတတ်နားလည်မှု မမျှော်လင့်သင့်ပေ။အပင်တစ်ပင်ကို ကောင်းမွန်စွာ ရေလောင်းပေါင်းသင် ဓာတ်မြေသြဇာမကျွေးပဲ ထိုအပင်မှ အသီးကောင်းစားချင်၍မရပေ။ထို့အတူပဲ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ လင်နှင့်မယား အားလုံးတို့မှာလဲ သူအပိုင်းနှင့်သူ တာဝန်ကိုယ်စီရှိကြသည်။တစ်ဦးအပေါ် တစ်ဦးအပြန်အလှန်မေတ္တာထားမှ ကြည့်မှန်ကဲ့သို့ပင် အသွားအပြန်မေတ္တာရှိပေမည်။

ပထမအရွယ်တွင်ကောင်းစွာ ပညာမရှာခဲ့ပါက ဒုတိယအရွယ်တွင် မည်သို့ ဥစ္စာရှာနိုင်အံ့။ ဒုတိယအရွယ်တွင် ကောင်းစွာ ဥစ္စာမရှာခဲ့ပါက တတိယအရွယ်တွင် မည်သို့ ကုသိုလ်ရှာနိုင်အံ့။

ဟူ၍ လောကနီတိတွင် ဆိုထားပေသည်။အရွယ်သုံးပါးစလုံး ထမ်းဆောင်ရမည့် လူသားတို့၏ တာဝန်ဖြစ်ပါသည်။ရေချမ်းလဲ မိုးလင်းမိုးချုပ် အလုပ်တာဝန်များထမ်းဆောင်ရင်း ဒုတိယအရွယ်ရဲ့ တာဝန်တွေကို ကြေပွန်စွာထမ်းဆောင်ရမည်ဟု အပြုံးများဖြင့်တွေးကာ စဉ်းစားနေသည်။

မီးအလင်းရောင်များလဲ အနည်းငယ်မြင်နေရပြီး ရထားအရှိန်လဲတဖြေးဖြေးလျော့လာသည်ကို သတိပြုမိရင်း ရေချမ်းတစ်ယောက်လဲ မိမိ၏အတွေးကမ္ဘာလေးကနေ ထွက်ခွာလိုက်သည်။ ရထားပေါ်မှာလဲ ထွက်လာခါစကကဲ့သို လူတွေမများတော့ပေ။ရေချမ်းလဲ အပြင်ကိုလှမ်းကြည့်လိုက်တော့ ဒဂုံတောင်မြောက်လမ်းဆုံကို ရောက်နေပြီ တိုးကြောင်လေးဘူတာလဲ ရောက်ခါနီးနေပြီး လက်တွင်ဆွဲထားသောအိတ်ထဲ အိမ်အတွက်ဝယ်လာသော သားကြီးအတွက် ဗလာစာအုပ်နှင့် ခဲတံ၊ အငယ်လေးအတွက် ဘီစကွတ်ထုပ်၊ ဇနီးအေးမြအတွက် ကော်ဖီမှုန့် စတဲ့ အေးမြမနေ့ကမှာထားသော ပစ္စည်းများ စုံလင်မလင်ကြည့်ရင်း တိုးကြောင်လေးဘူတာတွင် ရေချမ်းစီးလာသောရထားကြီးသည် မိမိ၏တာဝန်ပြီးဆုံးသွားသဖြင့် ရပ်နားလိုက်ပေသည်။ ရေချမ်းလည်း ရထားပေါ်ကဆင်းလာပြီး အိမ်ဖြင့်ဘူတာက အတော်လေးလှမ်းသေးသဖြင့် ဆိုက်ကားစီးရန် ဆိုက်ကားဂိတ်သို့ ခပ်သွက်သွက်ကလေးဦးတည်လိုက်သည်။
“လှိုင်ထိပ်ခေါင်တင်လမ်းပို့ပေးပါဗျာ”ဟု ဆိုက်ကားဆရာကို ပြောပြီး တနေ့တာအိမ်အလုပ်များကို သိမ်းကြုံးလုပ်ရင်း သားနှစ်ယောက်နှင့်အတူ ညစာအတူတကွစားရန် ရေချမ်းကို မျှော်နေကြသော အေးမြနှင့် ကလေးတွေကိုတွေးရင်း ရေချမ်းတစ်ယောက် တနေ့တာအမောများပျောက်ကာ ပြုံးနေမိတော့သည်။

ဆက်လက်ကြိုးစားပါဦးမည်။