>

သိဟ်”ဆိုတဲ့ ရာသီလေးကို အရမ်းကိုသဘောကျ နှစ်ချိုက်မိပါတယ်။ဒီရာသီလေးရောက်ရင် မနက်ခင်း မိုးရေငွေ့လေးတွေ ဝေနေတဲ့ နံနက်ခင်းလေးအောက်မှာ အေးမြတဲ့ လေပြေလေညင်းတွေကို ရှုရိုက်ရတဲ့ အရသာလေးကို မက်မောတွယ်ရှခဲ့ဖူးတယ်။တခါတလေဆို နံနက်ခင်းလေးတွေမှာ မိုးစက်မိုးပေါက်ကလေးတွေကို လက်နဲ့ခံယူဆော့ကစားရင်း အမေ့အိမ်လေးနားက အင်းယားကန်ဘောင်ကြီးပေါ် ထိုင်ငေးနေခဲ့ရတဲ့ လောကကြီးကလည်း တသက်မမေ့ကောင်း နိုင်စရာတွေပါပဲဗျာ။

အခုထိတောင် အမေ့အိမ်လေးမှ ခွဲထွက်လာရပေမယ့် ဒီလလေးရောက်ရင် အိမ်ကိုတော့ မရောက်ရောက်အောင်ကို ခြေဦးလှည့်ခဲ့တယ်။မိုးတွေ သည်းသည်းမဲမဲ ရွာချနေတဲ့ ဝါခေါင်မိုးလေးတွေကို နှစ်သက်လို့လေ။မိုးလရာသီတွေများတဲ့ ကျွန်တော့်ချက်ကြွေခဲ့တဲ့ မြေကလေးမှာ အခြားမိုးလတွေထက် သိဟ်ရာသီ ဝါခေါင်မိုးလေးကို ပိုပြီးသဘောကျမိတယ်။ ဒီလလေးက အရင်ထဲက ကျွန်တော့်အပေါ် သက်ရောက်မှုတွေပေးတဲ့ လရာသီလေးပါ။


သိဟ်ရာသီတွေရဲ့ နံနက်ခင်းလေးတစ်ခုက ကျွန်တော်ရဲ့ “သိဟ်ရာသီအော်ရီဂျီနေးရှင်း“(Leo Origination)လေ။ဆောင်းရာသီလို နှင်းမကျပေမယ်လဲ မိုးစက်တွေကြောင့် မြူတွေလိုဝေနေတဲ့ ဒီရာသီရဲ့ နံနက်ခင်းလေးတွေဟာ ချမ်းအေးနေပြီး နေရောင်ခြည်အလင်းရောင်ကလေးက တွက်ပေါ်လာရပေမယ့်လဲ သူရဲ့အနွေးဓာတ်ကလေးက သိဟ်ရာသီရဲ့ဝတ်ရုံကို လွှမ်းခြုံထားတဲ့ နံနက်ခင်းအအေးဒဏ်ကို ထိုးဖောက်နိုင်စွမ်း မဲ့နေတယ်လေ။


သိဟ်ဆိုတဲ့ စကားကို ကြိုက်တယ်။
ရဲရင့်တယ်၊
ပြတ်သားတယ်၊
အားမာန်အပြည့်နဲ့ ထည်ဝါခမ်းနားတယ်။

ဒီလိုနံနက်ခင်း နေမင်းကြီးဆီမှ အလင်းရောင်ရဲ့အေးချမ်းမှုတွေ ကြားထဲမှာ ပေါက်ဖွားလာခဲ့တဲ့ ကားယားကောင်လေးရဲ့ စတင်ခြင်းဟာ အမည်နာမလေးတစ်ခုနဲ့ ရှင်သန်လာရတာ အခုဆိုရင် နှစ်ဆယ်ကိုးကြိမ်မြောက် သိဟ်ရာသီလေးနှင့် ခရီးရှည်သွားခြင်းဟာ အတော်ကို ဝေးလံလာပါပြီ။ ဘယ်ဆီဘယ်ရာသီတွေထိ ရတုနဲ့ချီပြီး ခရီးဆက်ရဦးမယ်ဆိုတာကို ဂဂနနမသိရသေးတဲ့ ခရီးသည်တစ်ဦးပေါ့။ပါရမီဖြည့်ဘက်ကလေးနဲ့ ကံ၏ကြမ္မာစေရာကို မငြင်းဆန်ဝံ့ပဲ ကြိတ်မှိတ်ပြီး နှင်လေဦးပေါ့ “သိဟ်ရာသီခရီးသည်“ရေ။


သီဟရာဇာပေမယ့်
မြင့်မြတ်တဲ့ နှလုံးသားတွေနဲ့ရစ်သိုင်း
သံယောဇဉ် အပြည့်အလျှံနဲ့
နှလုံးသားရှုထောင့် တနေရာကနေ
ဦးဆောင်ချီတက်နေတယ်လေ။

သိဟ်လရာသီဟာ မီးပြရုပ်ကြောင့်ထင်တယ် ကမ္ဘာကြီးကို အတော်ပင် ပူလောင်မှုတွေ အတော်ပင်ရှိခဲ့ပါတယ်။၆.၀၈.၁၉၄၅မှာဆိုရင် ကမ္ဘာကြီးကတုန်လှုပ်သွားစေတဲ့ ဖြစ်ပျက်မှုကြီးဖြစ်တဲ့ အမေရိကန်တွေဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အနုမြူဗုံးကို ကြဲခဲ့တာကြောင့် ဂျပန်လူမျိုးပေါင်းများစွာဟာ သေကြေခဲ့ရပြီး စစ်ကိုလဲ ရွံမုန်းနာကြည်းခဲ့ကြပါတယ်။ဒီလိုပူလောင်ခဲ့ကြရပေမယ့်လဲ ခြင်္သေ့သတ္တိနဲ့ အားမာန်တွေလဲ အပြည့်ရှိပါတယ်။ဒီအားမာန်တွေကလဲ လောကကြီးမှာ တနည်းနည်းနဲ့ကို အရောင်တွေပြောင်းလဲစေခဲ့ပါတယ်။


ပေးဆပ်ခွင့်လွှတ်ခြင်း
တည်ငြိမ်လေးနက်သော
နှလုံးသားပိုင်ရှင်ပေမယ့်
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုးသေး။

ခြင်္သေ့ရုပ်ပုံသဏ္ဍာန်အတိုင်း နေမင်းစိုးမိုးပြီး စုံရာသီ၊ မီးရာသီ တေဇောဓါတ်၊ ယောင်္ကျားရာသီ၊ ထိရရာသီ၊ အမြူရာသီ၊ တိရိစ္ဆာန်ရာသီ၊ ခြေလေးချောင်း ရာသီ၊ ၀ိသမရာသီ၊ ပါပဂြိုလ်သည် ဒက္ခိဏယဉ်စွန်းတန်းသို့ ကျရောက်သဖြင့် ဂြိုလ်သွား ဂြိုလ်လာများနဲ့ ထူးခြားသော ပုပ္ပနမိတ်များနဲ့ ဇာတာခွင်ရှိပြီး ရာသီခွင်သင်္ကေတ(Zodic sign)အားဖြင့် ( )ဟု ဖေါ်ပြကြသည်။


ကေသရာဇာခြင်္သေ့တွေမို့ ….
အတိုက်အခိုက်တွေက ရိုက်ပုတ်လာတယ်။
အနှောင့်အယှက်တွေက အလည်လာတယ်။
အခက်အခဲတွေက ခရီးဦးကြိုပြုတယ်။

ဗမာ့ရိုးရာပြက္ခဒိန်အရ ဝါခေါင်လနှင့် အလားတူပြီး အနောက်တိုင်းပြက္ခဒိန်အရ ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၃)ဖြစ်သည်။ပါဠိစကား “သီဟ” ဟူသော သိဟ် (ဟိန္ဒူစကားတွင် Singha) ဖြစ်ပြီး အနောက်တိုင်း လက်တင်ဘာသာစကား “Lion“မှ “Leo”ဟုသက်ဆင်းလာကြသည်။ နက္ခတ်ရှုထောင့်အရ ကရဋ်ရာသီ(Cancer)ရဲ့အနောက်ဘက်နှင့် ကန်ရာသီ(Virgo)ရဲ့အရှေ့ဘက်မှာ တည်ပါတယ်။


အန္တရာယ်အသင်္ချေတွေကြား
ကြေးစားတစ်ယောက်လို
ကြိုးဝိုင်းထဲ သတ်ပုတ်နေဆဲပါ။

နောက်တစ်ခုက ကျွန်တော်ရဲ့ သိဟ်ရာသီဖွား ကိုယ်ပွားလေးပါ။သူ့ကို ကျွန်တော်အတွက် ခရီးသွားဖော်အဖြစ် ပါရမီဖြည့်ဘက်က သိဟ်ရာသီခရီးသွား လက်ဆောင်အဖြစ်ပေးခဲ့တာပါ။အခုဆို ကျွန်တော်ရဲ့ခရီးဖော်လေးက နှစ်ဝါကာလကို ရောက်ရှိသွားပါပြီ။တစ်ယောက်ထဲ ခြောက်ကပ်စွာ ခရီးနှင်နေရတဲ့ ကာလတွေထဲက လွတ်မြောက်သွားပြီး ခရီးဖော်အစုံနဲ့ ကျွန်တော်ရဲ့ သိဟ်ရာသီခရီးသွားခြင်းက ပြည်ဝခြင်းအဓိပ္ပါယ်သို့ ရောက်ရှိနေသော “သိဟ်ရာသီရီဗောလူးရှင်း“(Leo Revolution) ဖြစ်ပါတော့သည်။


ဒီလိုအကြောင်းတရားတွေ
ပြည့်နှက်နေတဲ့ “သိဟ်ရာသီဖွား”ပေါ့
သူဟာလေ အားမာန်တွေ အပြည့်နဲ့
ခရီးတွေ နှင်နေဆဲပါလေ။

ဒီရာသီလေးဟာ ကျွန်တော်ကို နွေးထွေးမှု အပြည့်အဝနဲ့စောင့်ကြိုနေဆဲပါ။
ဆက်လက်ခရီးဆက်ဖို့ကိုပေါ့။နောက်ပြီး ကျွန်တော်သိတဲ့ ဘလောခ်ရေးသူတွေထဲမှ သိဟ်ရာသီရဲ့နောက်ထပ်ခရီးသည် ညီလေးတစ်ယောက် မွေးနေ့လေးပါ။ သူ့မွေးနေ့လေးအတွက် ဒီပိုစ့်မှာရေးထားတဲ့ကဗျာလေးက သူ့အတွက်မွေးနေ့လက်ဆောင်ပါ။ဒီကဗျာနဲ့အတူ ကျွန်တော်သိပြီးသော၊ မသိသေးသော၊ နောင်သိလာတော့မည့် သိဟ်ရာသီဖွားသူတွေ အားလုံးကို ပျော်ရွှင်သော “သိဟ်ရာသီ ခရီးသွား“တွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။နောက်ပြီးကျွန်တော်နဲ့ ရက်တူလတူသော အဆိုတော် မက်ဒေါနားရဲ့ အေးခဲမှု (Frozen)ကိုနားထောင်ရင်းနဲ့ သိဟ်ရာသီထရိုင်မန်ရှင်းလေး (Leo Trimension)ရဲ့ ဇာတ်သိမ်းလေးရဲ့ နှုတ်ဆက်မှု နိဂုံးလေးကတော့…………………………..။


သိဟ်ရာသီအော်တီမေးရှင်း(Leo Ultimation)

သူ့မှော်အတတ်နဲ့ ဖန်ဆင်းပြခဲ့တဲ့ သူရဲ့စာလေးတွေ၊ကဗျာလေးတွေကိုဖတ်ပြီး သူကို လေးစားအားကျနေခဲ့တာ။နောက်ပြီး “သိဟ်ရာသီ ၀တ်ရုံ” ကဗျာကို အသက်သွင်းသွားသူကတော့ အကို”တာရာမင်းဝေ”ပါ။ သြဂတ်စ်မိုးစက်လေးတွေနဲ့အတူ အကိုကောင်းကင်ပေါ်မှာ အားလူးသွားစားနေတာ “နှစ်”နှစ်ပြည့်ကို သူ့ကို ချစ်ခင်လေးစားကြသူအားလုံးက တခမ်းတနား ကဗျာတွေဖွဲ့ စာတွေသီပြီးရေးသား ဂုဏ်ပြုခဲ့တာကို “ဒီနေရာလေးမှာ” တွေ့ရတော့ ကျွန်တော်လည်း သူများတွေလို အဖွဲ့အနွဲ့ မကောင်းတော့ နှုတ်တရာစာတလုံးဆိုသကဲ့သို့ ဒီလိုစာတိုလေးနဲ့ပဲ အကိုကို သတိတရ လွမ်းလိုက်ရပါတယ်။အကိုရဲ့ကဗျာလေးကို မြတ်နိုးစွာ ကျွန်တော်ရဲ့ ဘလော့ခ်နံရံပေါ် အပ်ခွင့်ပြုပါ အကို။

သိဟ်ရာသီ ၀တ်ရုံ

အငုံအဖူးတွေ ဖြစ်ခဲ့ပြီးမှတော့
အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့်
အဲဒီနေ့ကို ကျွန်တော့်ရဲ့သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး။

မျက်နှာပေါ် ဖိနပ်မချွတ်ဘဲ တက်လာတဲ့အပြုံးကို
‘မုန်းတယ်’
သုည၀င်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိတိုင်အောင် အိမ်ထရံမှီပြီး
ရှက်ရတယ်။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ
ပြန်ပစ်ပေးလိုက်ပြီ။

၁၈း၀၀ နာရီ ရထားဟာ
လှလှပပကြီး တံခါးဖွင့်ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ
ကြာပြီ။ ။

ဆက်လက်ကြိုးစားပါဦးမည်။

Psး ကျွန်တော် လက်တလောသိသော သိဟ်ရာသီမွေးလရှင်များ-“မနှင်းနဲ့မာယာ“,”အမကေ“,”ညီမမေဇင်“,”ညီမနွေးနေခြည်“,”သူငယ်ချင်းသီဟသစ်“,”ညီလေးဧရာဝတီသား