>


ပုံစံခွက်တွေထဲကရေ

အမြဲပြောင်းလဲနေတဲ့ရေစီးလို
ဘဝသဏ္ဍာန်တွေပေါ်
အလိုက်သင့်ပြောင်းလဲသွားတာနဲ့တင်
ဘဝဆိုတဲ့ အဖော်နဲ့ သင့်မြတ်သွားပြီလား။
ပုံစံခွက်တွေ အမျိုးမျိုးအပေါ်
အရေခွံတွေပြောင်းသွားရုံနဲ့တင်
အသားအရောင် လင်းလက်နေပြီလား။
လှောင်ချိုင့်စံ ငှက်ငယ်လို
ပျော်ရာမနေ တော်ရာနေရုံနဲတင်

လုံလောက်တဲ့သက်သေပြချက်နဲ့
နိစ္စဓူဝရက်စွဲတွေထဲက
လွှတ်မြောက်ဖို့ မကြိုးစားရတော့ဘူးလား။
(ချမ်းဧအိမ်)

နံနက်ခင်းရဲ့ အလင်းရောင်က ညအမှောင်ကိုတွန်းလှန်လို့ ထိုးထွက်စပြုနေပါပြီ။အာရုဏ်ရဲ့အစဦးမှာ လူသားအချို့တွေ အဖို့ အိပ်မက်ကောင်းတွေမက်နေဆဲပါ။ဝမ်းရေးအတွက် ရုန်းကန်နေကြရသော အချို့ချို့သောသူများ၊ အာရုဏ်ဆွမ်းလှည့်လည် ခံယူနေကြသော သံဃာတော်သူမြတ်များ၊ မိသားစုဝမ်းရေးအတွက် စီစဉ်နေကြသော အိမ်ထောင်ရှင်မများ အစရှိသောသူအချို့သာ နံနက်အာရုဏ်နှင့်အတူ စတင်အလုပ်များကြသူများပေသည်။နံနက်ခင်း အိပ်ကောင်းနေသောအချိန်တွင် တာဝန်ဝတ္တရားရှိ၍သာ ထကြရသည် မည်သူမျှမထချင်သေး။ အအေးဓာတ်နှင့်အတူ စောင်ခြုံကာထပ်ကွေးခြင်သေး၏။ထိုကဲ့သို့သောသူများတွင် စန္ဒာလင်းလေးလဲ တစ်ဦးအပါအဝင်ပေ။ မနှစ်တုန်းကဆိုစန္ဒာလင်းအဖို့ ဒီအချိန်ထစရာမလိုသေး။ ချမ်းစီးစီးနှင့် စောင်ထဲကွေးပြီး အိပ်နေရုံ။ဒီနှစ်တော့ စန္ဒာလင်းအသက်ငါးနှစ်ရောက်သဖြင့် ဖေကြီးနှင့်မေကြီးက စန္ဒာလင်းကို ကျောင်းစထားလေသည်။


အခုလဲစန္ဒာလင်းတစ်ယောက်အိပ်လို့ကောင်းနေတုန်း-
“သမီးရေ…သမီးထတော့လေ။ကျောင်းသွားဖို့ အချိန်ရောက်နေပြီ” ဒီအချိန်အမြဲကြားနေကြ မေကြီးရဲ့နှိုးစက်သံလေ။
“အင်း….မေကြီးကလဲ သမီးထနေပြီ။”ဟုပြောရင်း စန္ဒာလင်းတစ်ယောက် အိပ်ရာထဲမှ မထချင်ပဲ ကျုံးထလိုက်ရသည်။ခြေလှမ်းများက ရေချိုးခန်းစီသို့သာ ဦးတည်နေသော်လဲ မျက်လုံးများကတော့ ပိတ်လျက်သားနှင့် ခြေလှမ်းတို့နောက်သို့ အိပ်မက်မက်ရာမှယောင်၍ လမ်းလျောက်တတ်သောသူတို့ကဲ့သိုပင် လေးကွေးစွာလိုက်ပါလာရသည်။မေကြီးကရေချိုးခန်းထဲမှာ ရေတခွက်ဖြင့် စောင်းဆိုင်းနေရင်း မျက်လုံးမှိတ်လာနေသော စန္ဒာလင်းမျက်နှာကို ရေဖြင့်စီး၍ လှမ်းပက်လိုက်သည်။အေးမြသောရေကြောင့်စန္ဒာလင်းမှာ အိပ်ချင်စိတ်များပြောက်ပြယ်သွားပြီး အနည်းငယ် လန်းလန်းဆန်းဆန်းဖြစ်သွားသည်။သနပ်ခါးသွေးနေသော အန်တီမိက အစဉ်သင့်ထိုင်စောင့်နေရင်း-
“လာသမီးလေး မြန်မြန်လာ ကျောင်းချိန်နီးနေပြီ မုန်စားဖို့ အချိန်မမှီပဲနေဦးမယ်။”ဟုဆိုကာ စန္ဒာလင်းမျက်နှာလေးကို သနပ်ခါးအဖွေးသားနှင့် ချစ်စဖွယ်လေးဖြစ်အောင်လိမ်းပေးလိုက်သည်။
“ဟေ့ရွှေမိရေ သမီးကို သနပ်ခါးမြန်မြန်လိမ်းဟေ့၊ ကလေးမနက်စာ မုန့်လဲစားဖို့လဲ ကျန်သေးတယ်။မြန်မြန်လိမ်းပေးပါအေ။”
“အေး….အေး ရွှေချိုရေ၊ ပြီးပါပြီဟဲ့ ကလေးကို မုန်ကျွေးပြီးရင်ခေါ်သွားလို့ရပြီနော်”
“သမီးရေ အန်တီချို ဒီမှာ ရေဗူး၊မုန်ဗူး၊ကျောင်းလွယ်အိတ် အားလုံးအဆင်သင့်လုပ်တားတယ်၊စားပွဲပေါ်က သမီးကြိုက်တဲ့မုန်ဟင်းခါးသွားစားဦး။ ပြီးရင် ကျောင်းသွားဖို့ အဆင်သင့်ပဲနော်သမီး။အန်တီချို အိမ်ရှေ့မှာစောင့်နေမယ် သမီးရေ”
အဒေါ်နှစ်ယောက်က တစ်ဦးတည်းသောတူမလေးကို ဂရုစိုက်နေကြသော အသံများတည်း။

“ဖိုးရေ တာ့တာ၊ဖွားရေ တာ့တာ၊ဖေကြီးမေကြီးရေ တာ့တာ၊ အန်တီမိရေ တာ့တာ” အိမ်ရှိ လူအကုန်နှုတ်ဆက်ပြီးမှ အန်တီချိုနောက်ကနေ ကျောင်းသို့ ပေစောင်းပေစောင်းဖြင့်သာ သွားနေရသော်လည်း စန္ဒာလင်း၏စိတ်များက အိမ်မှာသာ ကျန်နေခဲ့သည်။အမှန်အတိုင်းဆိုလျှင် သမီးကျောင်းတွင်နေရတာထက် အိမ်တွင်နေရတာ ပို၍ပျော်သည်။ဦးလေးတွေ အဒေါ်တွေကလည်း လမ်းထွက်တိုင်းခေါ်သွားတတ်ကြပြီး စားချင်သမျှ ဘာမဆိုဝယ်ကျွေးတတ်ကြသည်။အဖိုးနဲ့ အဖွားကလည်း မြေးဦးလေးမို့ သဲသဲလှုပ်ကာ အိမ်တွင်ဖူးဖူးမှုတ်ထားမတတ် ချစ်ကြသဖြင့် သမီးအဖို့ အိမ်မှာသာ လက်သာသလိုနေချင်လှပေသည်။

တစ်အိမ်လုံးက တစ်ဦးတည်းသော မြေးမလေး၊တူမလေး၊သမီးလေးဆိုပြီး သမီးအကြိုက်လိုက်ကာ ဘာမဆိုအလိုလိုက်ကြသော်လည်း ပညာရေးနှင့်ပတ်သတ်လာလျှင်တော့ မရပေ။နံနက်စောစော မိုးအေးအေးဖြင့် ကွေးချင်ပေမယ့်လဲ အတင်းကိုလာနှိုးကြပြီး ကျောင်းသို့မရောက်ရောက်အောင်ကို ပို့တတ်ကြသည်။တခါတလေ သမီးကျောင်းမသွားချင်ဘူးဟု အော်ငိုလဲမရ၊ ဂျီကြလဲမထား တအိမ်သားလုံးက သမီးပညာရေးကို ဦးတည်ချက်ထားကြသည်။အဖိုးကလဲ ပညာမတတ်လို့ ဆင်းရဲသွားတဲ့ ကုဠေရှစ်ဆယ်သူဌေးသားအကြောင်း သမီးကျောင်းမတက်ချင်ဟု ဆင်ခြေပေးတိုင်း ပြောပြတတ်သည်။မေကြီးကလဲပညာတတ်မှလူတောတိုးတယ်ဆိုပြီးသမီးကိုပြောပြတတ်သေးသည်။

ကျောင်းမှာသမီးအပျော်ဆုံးအချိန်က ကျောင်းဆင်းချိန်လေ။လူအုပ်ထဲတိုးဝှေ့ကာ အိမ်မှ ဘယ်သူလာကြိုမလဲဆိုတာစောင့်ရတာအမော။တီချိုနှင့်တီမိတို့ကကျောင်းလာမကြိုနိုင် သူတို့ကနေ့ခင်းဆိုသူတို့အလုပ်နဲ့ သူတို့မို့ အားလေ့မရှိတတ်ကြပေ။ပုံမှန်တော့ သမီးကိုမေကြီးသာကျောင်းလာကြိုလေ့ရှိသည်။ဦးလေးတွေကတော့ မေကြီးမအားလို့ လာမကြိုနိုင်ရင်တော့ လာကြိုတတ်ကြသည်။သမီးကျောင်းဆင်းတိုင်း မေကြီးနှင့်အတူ သွားစားလေ့ရှိတာက သမီးတို့ကျောင်းလမ်းထိပ်က ငရုတ်ကောင်းမုန့်ဟင်းခါးလေ။ငါးဖတ်လေးတွေ အများကြီးနှင့် ငရုတ်သီးအရောင်တင်မှုန့်မပါ ငရုတ်ကောင်းရနံမွှေးမွှေးလေးဖြင့် ချက်ထားသော ငရုတ်ကောင်းမုန့်ဟင်းခါးလေးမှာ ဘယ်နှစ်ခါစားစား ခံတွင်းမှိန်လှပြီး ဒီအရသာကို သမီးအခုထိတိုင်သတိရနေဆဲပါ။

ကျောင်းမှ အိမ်အပြန်လမ်းတလျှောက်တွင် ပေါက်နေကြသော ခရေပန်း၊စင်္ကြာပန်း၊ခေါင်းလောင်းပန်းကလေးများ လေအဝှေ့ဖြင့် မြေပေါ်သက်ဆင်းလာကြချိန်မှာ သူတို့လေးတွေ မြေမခခင်လေး အပြေးအလွှားဖမ်းဆုပ်ရတာကလဲ သမီးအဖို့ မမေ့ကောင်းနိုင်တဲ့ အတိတ်ကလေးတွေပါပဲ။အိမ်ရောက်တော့လဲ အဖွားက –
“သမီးရေ ဒီညအဖွားသမီးအကြိုက် ကြက်အူချောင်းနဲ့ ဂေါ်ဖီထုပ်ကြော်ထားတယ်။နောက်ပြီး ခြံထဲက သြဇာသီးတွေခူးပြီး သမီးအချိုစားဖို့ အဖွားလုပ်ထားတယ်။သမီးသူငယ်ချင်းတွေနဲ့ သွားဆော့ပြီးရင် စောစောပြန်လာနော်။”ဟုပြောပြီး သမီးအကြိုက်ဟင်းတွေ အမြဲချက်ထားလေ့ရှိတယ်။အဖွားပြောမှ သမီးရဲ့ အိမ်နီးချင်းကစားဖော် သူဇာတို့ ခင်သီတာတို့နဲ့ ကစားဖို့သတိရသွားပြီး အင်္ကျီကို အမြန်လဲပြီး သူဇာတိုထံ ထွက်လာခဲ့သည်။ညရောက်တော့ အဖွားချက်ထားတဲ့ သမီးအကြိုက်ဟင်းတွေကိုစားပြီး ကျောင်းဆရာမဖြစ်တဲ့ကြီးမေက သမီးကိုစာကျက်ဖို့ စောင့်နေပါတယ်။ကြီးမေက အထက်တန်းပြဆရာမဆိုပေမယ့် သမီးရဲ့မူလတန်းစာတွေကို စိတ်ရှည်ပြီးအသင်အပြလဲ အရမ်းကောင်းလို့ သမီးကကျောင်းမှာဆို စာတော်သူတစ်ယောက်အနေနဲ့ ဆရာဆရာမတွေရဲ့ ချစ်ခင်မှုကိုရတယ်လေ။

ဒီလိုသမီးရဲ့ပျော်စရာကောင်းတဲ့ နိစ္စဓူဝတွေဟာ အမြဲတည်ရှိနေလိမ့်မယ်လို့ပဲ ထင်ခဲ့တယ့်သမီးဆီကနေ ထွက်ခွာသွားကြလိမ့်မယ်ဆိုတာ သမီးတခါဘူးမျှမတွေးမိဘူး။ အတန်းတင်စာမေးပွဲတွေပြီးလို့ နွေရာသီကျောင်းရက်ရှည်ပိတ်တဲ့ ညနေစောင်းနေ့တနေ့မှာပေါ့။သူဇာတို့၊သီတာတို့နဲ့ ကစားအပြီး အိမ်ပြန်အရောက်-
“သမီးရေ…ဒီနေ့စောစောအိပ်ရမယ်။မနက်ကြရင် မေကြီးတို့တွေ ရန်ကုန်မြို့ကို ပြောင်းကြရမယ်သမီးရေ။”
“ဟင်..ဘာကြောင့်ပြောင်းကြရမှာလဲ။ဖိုးဖိုးတို့၊ဖွားဖွားတို့ရော ပါမှာလား။”
“ဘိုးဘိုးတို့ကတော့ လိုက်လို့မရဘူးသမီးရေ။သမီးဖေဖေက အလုပ်မှာ ရာထူးတက်တော့ ရန်ကုန်ကိုပြောင်းဖို့ တာဝန်ကြတယ်လေ။”
“ဒါဆိုသမီးတို့က ဘယ်မှာသွားနေကြမှာလဲ။”
“မေမေနဲ့ သမီးက ရန်ကုန်က သမီးဖေဖေရဲ့ ဖိုးဖိုးဖွားဖွားတွေဆီမှာ သွားနေကြမှာလေ။အဲဒီမှာလဲ ပျော်စရာကောင်းပါတယ်သမီးရယ်။နောက်ပြီး ရန်ကုန်ဆိုတာ မြို့အကြီးကြီးသမီးရဲ့ သမီးအတွက် ကျောင်းလဲ အဲဒီမှာပဲ တက်ရမှာ သမီးရဲ့။မုန့်တွေလဲ အများကြီး၊ ကစားစရာတွေကလဲ စုံလို့၊ သမီးနောက်ဆို ဒီထက်တောင်ပျော်နေဦးမှာ။”
“ဟင့်အင်း….သမီးမလိုက်ချင်ဘူး။သမီး ဖိုးဖိုးတို့ ဖွားဖွားတို့နဲ့လည်း ခွဲမနေနိုင်ဘူး။ သမီးဒီမှာပဲနေမယ်။မလိုက်ဘူးနော် မေကြီးနော်…….နော်”
“နေခဲ့လို့မရဘူးသမီး။သမီးရဲ့ဖွားဖွား ဖေကြီးရဲ့မေမေကလဲ သူ့မြေးမလေးကို တွေ့ချင်လို့တဲ့။ နောက်သမီးဖေကြီးအလုပ်က ရုတ်တရက်ပြောင်းရွှေရတာမို့ မေကြီးတို့လဲ အခုလို အမြန်စီစဉ်ရတာသမီးရဲ့။ သမီးကလိမ္မာပါတယ်။လိုက်ခဲ့နော်သမီး။ဟိုရောက်ရင်မေကြီး သမီးကို မုန့်တွေအများကြီး ဝယ်ကျွေးမယ်လေ။”
“လိုက်သွားပါမြေးလေရယ်။လူဆိုတာ ပျော်ရာမှာမနေ၊တော်ရာမှာနေရတယ်ကွယ့်။ဒါတွေ သမီးကြီးလာရင် သဘောပေါက်မှာပါ။တစ်နေရာတစ်ဒေသကိုစွဲစွဲလန်းလန်းမနေရဘူးတရွာမပြောင်း သူကောင်းမဖြစ်ဆိုသလိုပဲ၊ လူဆိုတာ ကိုယ်တိုးတက်ရာတိုးတက်ကြောင်းကို ရေမြေအလိုက် ရွှေ့ပြောင်းနေရတယ်ကွယ်။အခုသမီးတို့ သွားမယ့်ရန်ကုန်မြို့ကြီးဆိုတာ အဘိုးတို့ အခုနေနေတဲ့မြို့လိုမဟုတ်ဘူး။သမီးဘဝရှေ့ရေးတိုးတက်ရာ တိုးတက်ကြောင်း ကောင်းစားဖို့အရေး မြေးလေးဖေဖေနဲ့ မေမေက ရန်ကုန်မြို့ကြီးကိုပြောင်းရတာပါကွယ်။ အဖိုးငယ်ငယ်က စာတော်လို့ နိုင်ငံခြားမှာ ပညာတော်သင်ရတာကို ဖိုးဖိုးက အဖေအမေ ညီအကိုမောင်နှမတွေနဲ့ မခွဲနိုင်လိုဆိုပြီး မသွားဖြစ်ခဲ့ဘူး။အဲဒီတုန်းကတော့ အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ ဖိုးဖိုးအတွက် ဘာမှမဖြစ်ပေမယ့်။အသက်အရွယ်ရလာတော့ သာမာန်အရာရှိလေးအဆင့်ကနေ အဖိုးမတက်တော့ဘူးပေါ့။အဲဒီတုန်းကသာ အဖိုးပညာတော်သင်သွားခဲ့မယ်ဆိုရင် အခုဒီအခြေအနေမျိုးထက် ကောင်းမွန်တဲ့နေရာတနေရာမှာ အဖိုးရောက်နေပြီ မြေးရေ။ နောင်တဆိုတာ နောင်ကျမှတရသလို မဖြစ်အောင် အခုလိုမိုးရွာနေတဲ့ အခြေအနေမျိုးမှာ ရေခံထားမြေးရေ။ဒါမှ နောင်တချိန် နွေခေါင်တဲ့အခါ ခံထားတဲ့ရေက အသုံးဝင်လာတာပေါ့။ နောက်ပြီးသမီးလဲ ကျောင်းပိတ်ရက်ရောက်ရင် ဖိုးဖိုးတို့ဆီကို မကြာမကြာလာလို့ရတာပဲ။နောက် သံလျှင်နဲ့ ရန်ကုန်ဆိုတာ ဘာဝေးတာမှတ်လို့ကွယ်။”ဟု ဖိုးဖိုးက သူ့ရဲ့ငယ်ဘဝဖြစ်အင်တွေနဲ့ ဥပမာပေးပြီး သမီးကို မေကြီးတို့နောက်လိုက်သွားဖို့ ပြောပါတယ်။

တကယ်တမ်းကြတော့လဲ ဖိုးဖိုးတို့နေတဲ့သန်လျှင်ဆိုတာက ရန်ကုန်နှင့် သိပ်မဝေးပေ။ ယခင်တုန်းကဆို သမီးရဲ့နွေရာသီကျောင်းပိတ်ရက်တွေဆို သန်လျှင်ကိုသွားရင် သီတာသင်္ဘောကြီးများစီးကာ သွားလည်ရသည်။သင်္ဘောနောက်ကနေ လိုက်နေကြတဲ့ ငှက်ရွှေဇင်ယော်လေးများကို အစာကျွေးရင်း သူတို့လေးတွေ သင်္ဘောတွေပေါ်က ကျွေးလိုက်တဲ့ အစာတွေကို ရေထဲမကျမီ လိုက်စားနိုင်တာကလဲ အံသြစရာတစ်မျိုးပင်။အခုတော့ သန်လျှင်တံတားကြီးပြီးသွားတော့ သန်လျှင်သွားချင်ရင်ခဏလေး။ ကားလေးစီးပြီးနေ့ခြင်းပြန် သွားလို့ရနေပါပြီ။ အရာအားလုံးဟာ တရွှေ့ရွှေ့နဲ့ပြောင်းလဲသွားကြပါတယ်။

အရင်ကရေကြောင်းခရီးနှင့်သာ သွားလာရသော သန်လျှင်မြို့လေးကို ကားလမ်းကနေ နေခြင်းပြန်သွားလို့ရနေသလို သမီးစိတ်ထဲမှာ အမြဲတည်ရှိနေမယ်လို့ထင်ထားသော ပျော်ရွှင်ဖွယ် ငယ်ဘဝလေးတွေဟာ အိပ်မက်တိမ်တွေ ရွှေရှားသလိုတဖြေးဖြေး သမီးဆီကနေ ထွက်ခွာသွားကြပါပြီ။ဖိုးဖိုးဖွားဖွားတွေ၊ ဦးလေးအဒေါ်တွေရဲ့လက်ပေါ်မှာ အလိုလိုက်ခံ ကြီးပြင်းခဲ့ရတယ်ဆိုပေမယ့် အသက်အရွယ်အရ လူ့ဘဝအကွေ့အဝှိက်တွေကြားမှာ အတွေ့အကြုံတက်တွေ ပြောင်းသုံးပြီးလှော်ခတ်တတ်နေပါပြီ။အခုဆိုသမီးဘဝမှာ ပညာဗဟုသုတတွေ အများကြီးပေးခဲ့တဲ့ ဖိုးဖိုးလဲ မရှိတော့ပါဘူး။သမီးကို အလိုလိုက်လွန်းတဲ့ ဦးကြီးတွေလဲမရှိတော့ပါဘူး။နောက်သမီးရဲ့ ရွှေတောင်ကြီးသဖွယ် မေမေကလဲ ပြိုလဲခဲ့ပါပြီ။ဖိုးဖိုးပြောသလို “ပျော်ရာမှာမနေ၊တော်ရာမှာနေကြရ”တဲ့ လူဘဝမှာ ပုံစံခွက်တွေထဲကရေတွေလို မိမိတို့တည်ရှိဖြစ်တည်နေရာ ပုံသဏ္ဍာန်အလိုက် သင့်တင့်လျှောက်ပတ်စွာနေဖို့ ဝန်မလေးတော့ပါဘူး။

(မှတ်ချက်။ ကျွန်တော်ရဲ့လက်တွဲဖော်ကြင်သူကလေးရဲ့အတွေးအမျှင်လေးကို စာသားများအသွင် ယက်လုပ်ထားတာပါ။လာရောက်အားပေးသူများကို အစဉ်လေးစားလျှက်….။)
ဆက်လက်ကြိုးစားပါဦးမည်။