>

“ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း၊
ငါတို့ စာသင်ကျောင်း။”
ကျောင်းကလေးက အဝေးကကြည့်လျှင် အလွန်ပင် သဘောကျစရာ။ကျောင်းကလေးက သက်ကယ်တွေနဲ့ မိုးထားတာလေ။ဒီကျောင်းလေးမှာ အမိုးတစ်ခုသာ အကောင်းရှိတာ၊ ဘေးကာမှာတော့ ဟာလာဟင်းလင်း ကြမ်းခင်းဆိုတာကလဲ နှီးကြမ်းတွေသာခင်းထားသည်။ ဒါတောင် ဒီကြမ်းခင်းကလေးက ကျောင်းသားတစ်ဦးစီ အိမ်မှယူလာကြသောကြောင့် တစ်ချပ်နှင့်တစ်ချပ် အရောင်ခြင်းလဲမတူ၊ အရွယ်ခြင်းလဲမတူ မြို့ကမင်းသား ရာဇာနေဝင်းဝတ်သလို ဟိုတစ်ကွက် ဒီတကွက်။ စပ်ကြားအရောင်တွေ။ အမိုးအကောင်းဆိုပေမယ် တစ်နှစ်သာခံပြီး မိုးတွင်းလေမိုးကြီးလျှင် ကောင်းကင်ကို ရှင်းရှင်းဘွင်းဘွင်း တွေ့ရတတ်သည်။ဒီကျောင်းလေးကလဲ အသက်တော့ အတော်ပြင်း၏။ လေတွေဘယ်လောက်ကြီးကြီး၊ ရေတွေဘယ်လောက်လျှံလျှံ ဒီနေရာလေးမှ တဖဝါးမှမခွာတတ်။ အတော်ပင် သစ္စာကြီးသည်။ဒါကတော့ကျောင်းလေးရဲ့တည်မြဲခြင်းနှင့်ဖွဲ့တည်မှုလေ။

ကျောင်းလေးရဲ့တည်နေရာကတော့ ရွာအဝင်ဝမှာ ထီးထီးကြီးနဲ့ တည်ကြည်ခံညားလေရဲ့။ ဒီကျောင်းကလေးကတော့ ရွာရဲ့မူလဘူတ တက္ကသိုလ်လေးပေါ့။ဒီကျောင်းကလေးကနေ စာအံနေသံများ၊ စာသင်နေသော ကျောင်းသားကလေးများရဲ့ အသံက ရွာအတွင်းပိုင်းအထိပင် ကြားနေရတတ်သည်။ဒီကျောင်းကလေးက ကျောင်းသာဆိုရတယ် မြို့မှ ဘယ်အခြေခံ၊ ဘယ်မြို့နယ်ပညာရေးမှ မသိ၊မှတ်ပုံတင်ထားခြင်းလဲမရှိ။မြို့ကျောင်းတွေဖွင့်ပေမယ် ဒီကျောင်းလေးက ဖွင့်ချင်မှဖွင့်တာ။မြို့ကကျောင်းတွေလို လိုက်ဖွင့်ဖို့ကလဲ ဒီရွာအခြေအနေနဲ့ ဖွင့်ချင်တိုင်းဖွင့်လို့မရ။ မြို့ကျောင်းတွေက မိုးရာသီအစမှာဖွင့်တတ်ကြပေမယ့် ဒီကျောင်းလေးက မိုးတွင်းသွားဖွင့်လို့မရပေ။ ဒီရွာက ကလေးအတော်များများက သူတို့မိဘတွေရဲ့အလုပ်အကိုင် လယ်ယာစိုက်ပျိုးရေးမှာ ကူရသေးတယ်။နောက်တခုက မိုးတွင်းကာလတွေဆို ဒီကျောင်းမြေနေရာလေးက ရေဖွေးဖွေးနဲ့ ရေတလင်းကြီးကိုဖြစ်လို့လေ။ဒီကျောင်းကလေးက ဆောင်းရာသီနှင့် နွေရာသီမှာသာ ကျောင်းဖွင်လို့ရတယ်။ဒါမှလဲ ကျောင်းသားတွေက ဒီကျောင်းလေးမှာ စာလာသင်နိုင်ကြတာပေါ့။

ဒီကျောင်းမှာအတန်းတွေကရော…။ဒါကတော့မြို့ကျောင်းတွေလိုဘယ်လိုလုပ်တန်းခွဲတွေရှိမှာလဲ။ ကျောင်းသားအားလုံး အတန်းကြီးကြီးငယ်ငယ် တနေရာထဲမှာ စုပေါင်းစာသင်ကြရတာပါ။ ကျောင်းအကြောင်းသာပြောနေရတာ ဒီကျောင်းရဲ့ဆရာလေး အကြောင်းပြောဖို့ မေ့နေတာဗျ။ ဒီကျောင်းရဲ့ ဆရာလေးလဲဖြစ်၊ ကျောင်းအုပ်ကြီးဆိုလဲ မမှားပါဘူး၊ နောက်မြို့အခေါ် ပညာရေးမှုပေါ့ဗျာ ဒါကလဲဒီကျောင်းအတွက် တစ်ယောက်ထဲရှိတဲ့ ဆရာလေးမောင်ရေချမ်းပါပဲ။ တကယ်တော့ ဆရာလေးရေချမ်းက ဒီရွာကတော့မဟုတ်ဘူးဗျ။သူက ဒီရွာကို ဘယ်လိုဘယ်နည်း ရောက်လာသလဲဆိုတော့ သူ့ကိုအစကနဦး ဒီရွာခေါ်လာသူကတော့ ဒီရွာသူကြီး ဦးဖော့ပါ။ အရင်ကတည်းက ဒီရွာမှာ စာတတ်သူ ပညာတတ်အလွန်နဲပါးပါတယ်။ အားလုံးလိုလိုကလည်း လယ်စိုက်၊ ကောက်ရိတ်ရုံကလွဲလို့ အခြားဘာကိုမှ မတတ်ကြ၊မသိကြဘူး။စာသင်ဖို့မပြောနဲ့ စာဆိုတာတောင် ဘာမှန်းသိကြတာမဟုတ်ဘူး။ ဒီလိုစာမတတ်၊ ပေမတတ်တော့ ဒီရွာကလေးမှာ ကောင်းကျိုးဆိုးကျိုးဆိုတာ ဘယ်မှာသိကြမှာလဲဗျာ။နောက်ပြီး ဒီရွာကလူတွေက ဘုရားတရားဆိုတာမရှိ၊ကိုးကွယ်မှုအတွက် နတ်ဆရာတွေကိုယုံကြည်၊ နတ်တွေကိုသာ ပသနေကြတာ။ရွာကျောင်းက ဆရာတော်တောင် သူကြီးနဲ့ အချို့ရွာသူရွာသားတွေ ကောင်းမှုကြောင့်သာ သာသနာအတွက် ဆက်လက်ဆောင်ရွက်နိုင်တာပေ။ဒီရွာက ယောကျာင်္းသားအားလုံးလိုလိုကလဲ အချိန်ရ ထန်းတောထဲ ထန်းရေမူး၊ ကြက်တိုက်လုပ်၊ မိန်းမတွေကလဲ အိမ်လည် အတင်းတုတ် နေ့ရှိသ၍ အိမ်မှာစားစရာရှိနေရင်ပဲ ဒါပဲလုပ်နေကြတာ။
တနေ့ သူကြီးရဲ့ တစ်ဦးတည်းသောသမီးလေး ခင်ထွေးအမှတ်တမဲ့ ဆုံးသွားတဲ့သတင်းဟာ ဒီရွာကလေးကို ပြောင်းလဲပြစ်မယ့် အခြေအနေရဲ့ အစပါပဲ။ဖြစ်ပုံကတော့ တနေ့ ခင်ထွေးတစ်ယောက် ခေါင်းမူတယ်ဆိုပြီး အိမ်နောက်ဖေး ကြောင်အိမ်ပေါ် ခေါင်းကိုက်ပြောက်ဆေးဆိုတာကို သွားရှာပါတယ်။တခါကလည်း သူ့အဖေက မြို့ကဝယ်လာတဲ့ခေါင်းကိုက်ပြောက်ဆေးဆိုပြီး ပုလင်းအညိုရောင်ကလေးကို ပြဘူးပါတယ်။ဒီဆေးပုလင်းလေး တွေလိုတွေ့ညား ခင်ထွေးလဲ ရှောက်ရှာရင်းနဲ့ နောက်ဆုံး နောက်ဖေးထုတ်တန်းပေါ်မှာ တင်ထားတဲ့ အညိုရောင်ပုလင်းလေး တစ်ပုလင်းကို သွားတွေ့ပါတယ်။သူစိတ်ထဲ သူအဖေမေ့ပြီး အထားမှားသွားတယ်လို့ထင်ပြီး ပုလင်းထဲကဆေးရည်တွေ ယူသောက်မိလိုက်ပါတယ်။တကယ်တမ်း ခင်ထွေးလေးသာ စာဖတ်တတ်ခဲ့ရင် သူဒီလို အဖြစ်ဆိုးမျိုးကို ကြုံရမှာမဟုတ်ပါဘူး။ပုလင်းပေါ်မှာ စာရေးထားတာက “ကြွက်သတ်ဆေး”ပါ။သူ့အဖေက လယ်ထဲမှာ ကြွက်တွေသောင်းကြမ်းလွန်းလို့ မြို့ကကြွက်သတ်ဆေး ဝယ်လာပြီး စာမဖတ်တတ်တဲ့ သူအိမ်သားတွေ သောက်မိမှာဆိုးလို့ ကြွက်သတ်ဆေးပုလင်းကို သီးဆြးထုတ်တန်းမှာ တင်ပြီးသိမ်းခဲ့တာပါ။
 

သူကြီးဦးဖော့ကလဲ နောင်တတွေရပြီး သူသမီးလေးဖြစ်သလို နောက်နောင်ဘယ်သူမှ မဖြစ်ရအောင် ဒီရွာကလူတွေလဲ စာဖတ်တတ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာသင်ကျောင်းတစ်ကျောင်းတည်ဖို့ ဖြစ်လာပါတယ်။ရွာဦးကျောင်းဆရာတော်ကလဲ ဒီရွာကလေးမှာ စာဖတ်တတ်သူတွေ ပေါ်များလာအောင်ရယ်၊ နောက်ဒီရွာကလေးရဲ့ ပညာမဲ့အစွဲအလန်းတွေ ပပျောက်အောင်ရယ် ဆိုပြီးတော့ သူကြီးဦးဖော့အကြံကို သူလဲအားတက်သရောဖြည့်ဆည်းပေးလိုတယ်။ဒါကြောင့် ဆရာတော်နှင့် သူကြီးတို့ကနေ ဦးစီးပြီး ရွာကကလေးတွေ စာသင်ဖို့အတွက် ဒီကျောင်းလေးကို စတင်ထူထောင်ခဲ့ကြတယ်။ အစဦးကတော့ ဆရာတော်ကိုတိုင် ဒီကျောင်းလေးမှာ ကလေးတွေကို စာသင်ပြပေးခဲ့ပါတယ်။ နောက်ဦးဖော့က မြို့ကနေ ဆရာတွေသွားရှာလာပြီး ဒီကျောင်းလေးမှာ စာသင်စေပါတယ်။ မြို့ကြီးပြကြီးတွေမှာ စာသင်လာခဲ့ကြတဲ့ ဆရာတွေဆိုတော့ကာ ဒီလိုတောကျောင်းလေးမှာ လာရောက်စာသင်ကြရတော့ အလွန်အမင်း ဒုက္ခရောက်ကြလို့ မည်သူတစ်ဦးတစ်ယောက်ကမှ ဒီကျောင်းလေးမှာ ရေရှည်စာမသင်နိုင်ကြပါဘူး။အကုန်လုံး မြို့ကိုပြန်ပြေးကြပါတယ်။
 

နောက်ဆုံးတော့ မြို့ကနေ ကျေးလက်ဒေသအကြောင်း စာရေးဖို့ဆိုပြီးရောက်လာတဲ့ စာရေးဆရာလေးရေချမ်းကို သူကြီးဦးဖော့က မြို့မှာတွေ့လာရာမှ ရွာကိုခေါ်လာရာကနေ စာရေးဆရာလေးရေချမ်း တစ်ယောက်လဲ သူမြို့သူဒေသကို မပြန်တော့ပဲ ပညာရေးချို့တဲ့နေတဲ့ ရွာသူရွာသားကလေးများအတွက် ဒီကျောင်းကလေးမှာပဲ စာရေးဆရာမှ ကျောင်းဆရာလေး ရေချမ်းအသွင်သို့ ကူပြောင်းခဲ့ရပါတယ်။ခက်တာက ဒီကျောင်းလေးက မြို့ကပညာရေးငှာနက အသိအမှတ်ပြုထားတဲ့ ကျောင်းကလေးမဟုတ်တော့ ထောက်ပံမဲ့သူမရှိ၊ ရွာသူရွာသားအချို့နဲ့ ဆရာတော်ရဲ့ မရှိမဲ့ရှိမဲ့ထဲကနေ လှုတန်းထားတဲ့ စေတနာသဒ္ဒါလေးနဲ့ အသက်ဆက်နေရတဲ့ ဒီကျောင်းလေးဟာ တနေ့ထက်တနေ့ ချိနဲ့လာတဲ့ လူမမာအသွင်သဏ္ဍာန်လိုပဲ ချို့တဲ့မှုတွေနဲ့ အသက်ဆက်နေရပါတယ်။ပညာတတ်တွေဖြစ်ပေါ်လာစေချင်တဲ့ ဆရာတော်ရဲ့ဆန္ဒလေးဟာလဲ ဆရာရေချမ်းတို့လို ပညာဒါနကို အခမဲ့ပေးလှုနေသူတွေရှိနေပေမယ့်လဲ ငွေအင်အားထောက်ပံ့မှု အားနည်းနေမှုတွေကြောင့် နောင်ဆိုဒီရွာကလေးမှ ကလေးငယ်တွေရဲ့ ပညာအလင်းရောင်တွေဟာ ဆက်လက်တွန်းလင်းနိုင်ဖို့ အနာဂတ်မဲ့နေကြပါတယ်။
 
မြို့ကြီးပြကြီးတွေမှာ မီးရောင်ထိန်ထိန်အောက်မှာ ငွေကြေးအတွက်မပူမပင်ရ၊ စာသင်ပေးမယ်ဆရာတွေ၊ ဆရာမတွေဆိုတာလဲ အများကြီး၊ ကျောင်းစာအုပ်၊ ခဲတံ၊ ပေတံ အစရှိတဲ့ ပညာရေးအထောက်အပံတွေကလဲ ပေါများနေပါလျှက်နဲ့ ပညာကိုကောင်းစွာ မသင်ကြားချင်ကြသော သူတွေ အခုလိုခေတ်မှာ ထုနှင့်ဒေးပင်။အထက်ကလို ရွာကလေးရှိကျောင်းမှ ပညာလိုချင်ကြပါလျှက်နဲ့ ချို့တဲ့လှသော ကျောင်းသူကျောင်းသားကလေးများနှင့် နှိုင်းစာလျှင် ထိုကဲ့သို ပညာကိုကောင်းစွာ သင်ကြားနိုင်ကြပါလျှက်နှင့် မသင်ကြား၊ မလိုလားကြသောသူတို့မှာ ရှက်ဖွယ်သာတည်း။
————————————————————————————————————————————————————-

 
ဒီအထက်ပါ သင်ပုန်းကြီးကျောင်းကလေးလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလို ပညာရေးလိုလားပြီး ထောက်ပံမှု ချို့တဲ့နေကြတဲ့ကျောင်းကလေးတွေ အများကြီးပါ။ အခုကျွန်တော်ပြောပြခဲ့တဲ့ ဒီသင်ပုန်းကြီးကျောင်းကလေးဟာ အမှန်တကယ် ကျွန်တော်အဖွားရဲ့ ဇာတိတွံတေးမြို့နဲ့ အတော်ဝေးလံတဲ့ ရွာကလေးတစ်ရွာမှာရှိပါတယ်။ အဖွားရဲ့ရွာကို အလည်သွားခဲ့စဉ် ဒီကျောင်းကလေးကိုတွေ့မြင်ခဲ့ရပြီး အဖွားက သူတို့နေခဲ့ရတဲ့ ဒီကျောင်းလေးအကြောင်းကို ပြောပြခဲ့လို့ သိခဲ့သမျှလေးတွေကို စိတ်ကူးနဲ့ ခြယ်မှုန်းထားတာပါ။ အခုတော့ ဒီကျောင်းကလေးကို ဒီကျောင်းကနေ အောင်မြင်သွားကြခဲ့ကြတဲ့ ကျောင်းသားဟောင်းအချို့ရဲ့ အလှုကြောင့် တဲသာသာကျောင်းကလေးကနေ အခုဆို အတော်အတန်ကြီးမားတဲ့ ကျောင်းကြီးအသွင် ပြောင်းလဲသွားပါပြီ။ဒီအလှုရှင်တွေဟာလဲ ဒီတောကျောင်းလေးက ပညာရေးနို့ချိုသောက်သုံးခဲ့ရမှုကြောင့် အခုဆို သြစတေးလျားမှာ ဆရာဝန်ဖြစ်သွားခဲ့ပါတယ်။
 

နောက်ထပ်သတင်းအနေနဲ့ကား ကျွန်တော်ဆီကိုရောက်လာတဲ့ မေးထဲကနေပါ။တိုက်တိုက်ဆိုင်ဆိုင် ဒီသင်ပုန်းကြီးကျောင်း အကြောင်းအရာလေးတွေ နီးစပ်မှုရှိလို့ နောက်ဆက်တွဲ သတင်းတစ်ရပ်အနေနဲ့ မူရင်းစာမူ အတိုင်း ကုသိုလ်ပြု ဖော်ပြလိုက်ပါတယ်ခင်ဗျာ။


ကျွန်တော်အနေနဲ့စာတစ်ပုဒ်ကိုအဆင်ချောအောင်မရေးတတ်ပါဘူး။စာရေးဆရာတစ်ယောက်ရဲ့ လေယူလေသိမ်းလိုမျိုး..ရသမြောက်အောင်ရေးနိုင်တဲ့ကျွမ်းကျင်မှု့မျိုးလည်းမရှိခဲ့ဘူး။အခုMYDရဲ့ ဒုတိယခြေလှမ်းအတွက် ရေးရန်ကြတော့ကျတော်စိုးရွံ့နေခဲ့တယ်။ ပေါ့ပေါ့ပါးပါး
ဖြတ်သန်းလာကြတဲ့ ခင်ဗျားတို့ ကျတော်တို့ဘဝတွေနဲ့အပုံကြီးကွာခြားတဲ့ လောကလေးတစ်ခု
ကိုကျွန်တော်ပေါ်လွင်အောင်ရေးနိုင်ပါ့မလား……….
ကြို့ကုန်းဆိုတဲ့ ရွာလေးက လှည်းကူး..ဖောင်ကြီးကနေ(၆)မိုင်ကျော်လောက်ဆက်သွားမှ
ရောက်မယ့်ရွာလေးပါ။ကွင်းဆင်းရှာဖွေရေးအဖွဲ့တွေ ပထမဂါဝရအနေနဲ့လှည်းကူး
မြို့နယ်သံဃာနာယကအဖွဲ့ဆီဝင်ဦးခိုက်တုန်းပဲရှိသေး MYD ရဲ့စေတနာကိုနားလည်သွား
တဲ့ ဘုန်းဘုန်းမိန့်မှာချက်က“အဆိုးဆုံးကတော့ကွယ်…တို့တစ်နယ်လုံးမှာ..ကြို့ကုန်းကျောင်း
ပေါ့”…သွားကြည့်လိုက်ပါတဲ့။
ဒီလိုနဲ့ကျတော်တို့ ခရီးအဆက် လမ်းဆုံးမှာတော့ စာအံ့သံလေးတွေနဲ့အတူ ဆီးကြိုနေတဲ့
ခြောက်ကပ်ကပ်ကျောင်းဝိုင်းလေးက အေးစက်စက်ကြိုလင့်လို့နေပါတယ်။
သက်တော်(၇၀)ကျော်နေပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးတည်း ကတာဝန်ယူ
ထားတဲ့ မူလတန်းအဆင့်ကျောင်းလေးပါ။တစ်ရာတစ်ယောက် အနာဂါတ်တွေတောက်ပြောင်
လာဖို့ရာမျှော်လင့်လို့မရတဲ့ အခြေအနေနဲ့ကျောင်းလေးမှာ သေစာရှင်စာ လာသင်ကြားနေရ
တဲ့ နွမ်ပါးတဲ့ကလေးငယ်စုစုပေါင်းက အယောက်(၄၆)ပါ။သက်တော်ကြီးရင့်နေပြီဖြစ်တဲ့

ဘုန်းတော်ကြီးရဲ့စွမ်းအားကြောင့်ရော၊ကျောင်းတော်ရပ်တည်ဖို့ရာကိုမှမလွယ်ကူတော့တဲ့
အခြေနေသဒ္ဒါတွေကြောင့်ရော အားလုံးသောကလေး လေးတွေရဲ့အနာဂါတ်ကျပျောက်ရ
တော့မဲ့ အလားအလာက ရှေ့မှာဖြစ်နေပါပြီ။
“ကျောင်းကိုပိတ်ပြစ်တော့မယ်တဲ့”..ရပာန်းအိုကြီးရဲ့ အားမတန်လို့မာန်လျော့ ဆို့နင့်တဲ့
လေသံကို စာသင်နှစ်ထက်ဝက်ကျိုးမှာ အမိုးမလုံ၊သင်ပုန်းကျောက်မစုံလင်တော့တဲ့
ကျောင်းလေးက အံကြိတ်လို့နေခဲ့ပါတယ်။“ကလေးတွေရဲ့အနာဂါတ်ကတော့ လယ်တော
ထဲက ဖယောင်းတိုင် ပမာပါပဲကွယ်”…အမေတို့ကလည်းဒီလောက်ပါမျှော်လင့်ပါတယ်။
ရင်နင့်စရာပါ။ရန်ကုန်မြို့ကြီးနားက ရန်ကုန်မဆန်တဲ့ဘဝလေးတွေပါ။
သူငယ်တန်းကနေ၊လေးတန်းအထိကိုမှ့ သင်ပုန်းကနှစ်ချပ်ပဲအကောင်းရှိတယ်။
ကျန်တဲ့နှစ်ချပ်က သစ်သားစတွေကိုမှာ ဖာထေးစပ်ရိုက်ထားတဲ့ အယောင်ဆောင်သင်ပုန်း
တွေပါ၊ဆရာမသုံးယောက်ရှိပြီး၊သုံးယောက်စလုံးကလည်း ခုမှဆယ်တန်းဖြေဖို့ရာ သင်ယူကြိုးစားနေဆဲတွေပါ၊ ဘဝတူကလေးတွေအတွက် သူတို့ဘဝတွေကိုဝေမျှပေးနေခဲ့တာပါ။
“ဘုန်းကြီးမှာကလည်း ဆရာမလေးတွေအတွက် လခသဘောမျိုးပေးဖို့ရာတောင်မှ
မစွမ်းတော့ပါဘူးကွာ…သူတို့လေးတွေအတွက်ကခါတိုင်း တလတစ်သောင်းမျိုးပေးနိုင်သေး
တယ်၊ခုမပေးဖြစ်တော့တာ ကြာပေါ့၊သူတို့လည်းသူလိုငါလိုပါပဲကွာ၊ဆယ်တန်းဖြေဖို့ရာ
ဘုန်းကြီးထောက်ပံ့တာလေးနဲ့ပဲရပ်တည်နေရတာ….”ရင်နာနာနဲ့မိန့်ကြားခဲ့တဲ့ ဆရာတော်
ရဲ့အသံက ကျတော်တို့နားထဲကတော်တော်နဲ့မထွက်တော့ဘူး။ဒါကြောင့် MYD ရဲ့
ဒုတိယခြေလှမ်းအဖြစ် လှည်းကူးမြို့နယ်၊ကြိုကုန်းရွာမှရှိတဲ့ ကြို့ကုန်းကျောင်းလေးကို
ရွေးလိုက်ပါတော့တယ်။
သူငယ်တန်း ။ ။၁၉ ဦး
ပထမတန်း ။ ။၁၁ ဦး
ဒုတိယတန်း ။ ။၁၀ ဦး
တတိယတန်း။ ။၆ ဦး
စုစုပေါင်း ကလေးငယ်(၄၆)ဦးပညာသင်ကြားနေပါတယ်။
လှူဒါန်းမယ်အစီအစဉ်ကတော့ …
၁။ဗလာစာအုပ် (အနဲဆုံးကလေးတစ်ယောက်တစ်ဒါဇင်)

၂။စာရေးကိရိယာ
၃။ကျောက်သင်ပုန်းနှစ်ချပ်နှင့် မြေဖြူ
၎။ဘုန်းတော်ကြီးကျောင်းအတွက်နဝကံမအလှုတော်ငွေ
တို့ဖြစ်ကြပါတယ်။
စေတနာရှင်တို့အနေနဲ့အဝတ်အစားပောာင်း နှင့် သင်ထောက်ကူပစ္စည်းတနိုင်တစ်ပိုင်
လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။တစ်ခုလောက်အားလုံးကိုမေတ္တာရပ်ခံချင်တာကတော့
MRMBER အဖြစ်စာရင်းကောက်ခံရတဲ့ရည်ရွယ်ချက်က MRMBER တွေရဲ့လစဉ်ထည့်ဝင်
ငွေပေါ်မူတည်ပြီးနှစ်လပေါင်းကုသိုလ်ငွေကိုချိန်ဆရမှာဖြစ်ပါတယ်။ဒါကြောင့် MRMBER များ

အနေနဲ့အမှန်တကယ်လစဉ်ထည့်ဝင်မည်ဆိုပါက ကျတော်တို့အဖွဲ့ထံဖြစ်စေ(သို့) ကျတော်
တို့အဖွဲ့အနေနဲ့ပြန်လည်ဆက်သွယ်ရန်ဖြစ်စေ …ဒီနေရာကနေ… တဆင့် ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်။ဒီကျောင်းကလေးရဲ့ မူရင်းဓာတ်ပုံ တွေပါ။

ဆက်လက်ကြိုးစားပါဦးမည်။