>

တနေ့သော တနင်္ဂနွေရုံးပိတ်ရက်မို့ ပလက်ကုလားထိုင်ပေါ်ထိုင်ရင်း ခြံထဲရှိ အရိပ်ကောင်းကောင်း သစ်ပင်အောက်တွင် အေးမြပြင်ဆင်ပေးသော ငကျီးခြောက်ဆီဆမ်းကလေးနဲ့ လက်ဖက်လေးကို မြုံဝါးရင်း ရေနွေးကြမ်းပူပူလေးကို မှုတ်သောက်ရင်း ဇရက်မင်းစီးစိမ်ယူနေပါသည်။ ဒီလိုနေ့လေးတွေက ရေချမ်းအဖို့ လောကနိဗ္ဗာန်ပဲလေ။

“ဗျို့ ရေချမ်းရေ၊…..ဗျို့ ရေချမ်း”

“ဟာ စည်သူပါလား။ဘယ်ကနေ လမ်းမှာပြီးရောက်လာတာလဲ ဂျာနယ်လစ်ကြီးရဲ့။” ဆိုပြီး ခြံထဲဝင်လာသော စည်သူကို ကြိုဆိုလိုက်တယ်။ဒီကောင်ကြီးက အခုလောလောဆည် ဟာသရပ်ဝန်းဂျာနယ်မှ ဂျာနယ်လစ်တစ်ယောက် ပြီးတော့ ကျွန်တော်ရဲ့ ငယ်ပေါင်းကြီးဖော်ဆိုလဲ မမှားဘူးလေ။ဒီကောင်က ဟာသဥာဏ်အတော်ရွှင်တာဗျ။သူကိုကြည့်ရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တခါဘူးမှ စိတ်ညစ်နေတယ်ဆိုတာ မတွေဘူးသလောက်ပဲ။ငယ်ငယ်က ကျောင်းကပွဲအငြိမ့်တွေမှာ ဆိုရင်လဲ လူရွှင်တော်အမြဲဝင်လုပ်တဲ့ အကောင်။

“အေး ငါလဲ အရှုပ်တွေ လုပ်ရင်းနေရင်းကနေ အရင်နေတဲ့ အိမ်ကနေပြောင်းသွားရတော့လဲ မင်းဆီကို အရင်လို သိပ်ခြေဦးမလှည့်နိုင်ဘူး ဖြစ်သွားတယ်။မင်းနိုင်ငံခြားမသွားခင် ငါကိုလာနှုတ်ဆက်တာက နောက်ဆုံးပဲ။အဲဒီထဲက ငါမင်းကို မတွေ့ဖြစ်တော့တာ တစ်နှစ်လောက်တော့ ရှိသွားပြီထင်တယ်။”

“အေးကွာ အချိန်တွေကလဲ မနေ့တနေ့ကလိုပဲ။မြန်ဆန်လွန်းလိုက်တာ။”

“မင်းဘယ်တော့ ပြန်ထွက်ဦးမှာလဲ။ဒီတခါနေရင် အကြာကြီးနေကွာ။ပြန်မလာနဲ့။”

“သိပ်လဲ အထင်မကြီးပါနဲ့ကွာ။နိုင်ငံခြားတစ်ခေါက်ထွက်ဖို့ဆိုတာလဲ ထင်သလောက်မလွယ်ဘူးကွာ။ဟိုမှာ ကြာကြာနေဖို့ဆိုတာကလဲ ငါမှာက သားနဲ့မယားနဲ့ဆိုတော့ကာ သိပ်မဖြစ်နိုင်သေးဘူး။တစ်နှစ်လောက်နေပြီးရင်ကို မြန်မာပြည်အရမ်း ပြန်ချင်လာတာကွ။မိန်းမကို လွမ်းလာတာလဲ ဖြစ်မှာပေါ့။ဟုတ်တယ်မဟုတ်လား မြရေ။”

စည်သူအတွက် စားစရာများလာချပေးနေသော ဇနီးအေးမြကိုလှည့်ပြီး ပြောလိုက်ရသေးတယ်။ ဟဲ…သိတယ်မှတ်လား မိန်းမတွေဆိုတာ သူတို့အကြိုက် ဖားထားရတယ်။:P အေးမြကတော့ ဘာမှပြန်မပြောပဲ ပြုံးစိစိနှင့် ကျွန်တော်ပြောတာကို ထောက်ခံတဲ့ သဘောနဲ့ စားစရာတွေချပြီး အိမ်ပေါ်ကို ပြန်တက်သွားလေသည်။

“နိုင်ငံခြားဆိုတာ တကယ်တမ်းကျတော့ အထင်ကြီးစရာကြီးဖြစ်နေကြတာပါကွာ။တကယ်တမ်း အလုပ်လုပ်ကြရပြီဟေ့ ဆိုရင်တော့ မလွယ်ဘူးဟေ့ကောင်ရေ။ငွေကြေးတတ်နိုင်သူတွေ အလည်အပတ်သွားတာလောက် ကတော့ မဟာကံထူးရှင်တွေပဲပေါ့ကွာ။ငါတိုကျတော့ နိုင်ငံခြားမှာ ဒီလို ဘော်ကျော့သွားနေလို့ရမလဲ။သူတို့ကလဲ ပေးရတဲ့ငွေကြေးနဲတော့ တန်အောင်ကို ခိုင်းကြတာပဲကွ။အလုပ်လုပ်ကြသူ အချင်းချင်းကတော့၊ သူမသာ ကိုယ်အသုဘပါပဲကွာ။နောက်ပြီး ဟိုဟာဒီဟာတွေကလဲပေးရသေး၊ နောက်ပြီး အလုပ်လုပ်ခွင့်ကျရင်တော့ ကောင်းတာပေါ့ကွာ။ မဟုတ်ရင်တော့ ဟိုလူကိုကြောက်ရ၊ ဒီလူကိုကြောက်ရနဲ့။အခုလောလောဆယ်တော့ ငါကတော့ ဒီမှာပဲ ကြံဖန်ပြီး လုပ်ကိုင်စားဖို့ပဲ ရည်ရွယ်ထားတယ်။သူများအလုပ်ထက်စာရင် ကိုယ်ပိုင်လုပ်ငန်းလေး တစ်ပိုင်တနိုင်လောက် လုပ်ရင်ကောင်းမလားလို့။အခုလောလောဆယ်ကလဲ ဒီကုမ္ပဏီမှာပဲ လုပ်လာတာကြာပြီဆိုတော့ ကိုယ်ပိုင်စီးပွားရေးလေး မလုပ်နိုင်သေးခင်အချိန်ထိတော့ မှိန်းလုပ်နေရတယ်။”

“ငါက အခုမင်းဆီလာတာ မင်းဂျပန်မှာ ဘာတွေအတွေအကြုံရလားလဲ သိရအောင်လို့လာတာကွ။ ပြောစမ်းပါဦးကွ။မင်းရဲ့ ခေတ္တဂျပန်သွားတောလား အတွေ့အကြုံလေးတွေ။ငါအတွက်လဲ ကုန်ကြမ်းလေး ဘာလေးရအောင်ပေါ့ကွာ။”

“ဟေ့ကောင်ရ မင်းလို ဟာသရေးနေတဲ့သူက ဘယ်လိုလုပ်ပြီး ငါဆီက ကုန်ကြမ်းရမှာလဲကွ။ အဲတစ်ခုတော့ရှိတယ် မင်းသိတဲ့အတိုင်းပဲ ငါအတွက် အဲဒီလို နိုင်ငံခြားသွားတယ်ဆိုတာက ပထမဆုံးအကြိမ်ဆိုတော့ အတော့်ကို ဂွတိဂွကျနိုင်ခဲ့ရတာတွေရှိတယ်ကွ။”

“အေး ဘာဖြစ်ဖြစ်ပေါ့ကွာ။လင်းစမ်းပါဦးကွ။ဘယ်လိုဘယ်ပုံဆိုတာကို”

********************************************************************
ရေချမ်း ငယ်ငယ်က အရမ်းကို လေယာဉ်စီးဖူးချင်သည်။လေယာဉ်တွေ ကောင်းကင်မှာ ပျံသန်းသွားတာကို မြင်ရင် ဒါကြီးစီးလိုက်ရရင် ဘယ်လိုများနေနေလိမ့်မလဲဆိုပြီး ကလေးအတွေးလေးတွေ များစွာတွေးမိခဲ့ဖူးပေသည်။နဲနဲကြီးလာတော့လဲ သူငယ်ချင်းအချို့က နိုင်ငံခြားသွားကြတယ်ဆိုတော့ ကိုယ်လဲသွားချင်လိုက်တာ။နိုင်ငံခြားဆိုတာ ဘယ်လိုပါလိမ့်။ တီဗီတွေ၊ရုပ်ရှင်တွေထဲမှာတော့ မကြာခဏ ကြည့်ဖူး၏။မီးရောင်တွေ ထိန်ထိန်တောက်ပနေပြီး ကားတွေကလဲ တဝူးဝူးနဲ့၊ မိုးလောက်အထိမြင့်မားတဲ့ မိုးမျော်တိုက်ကြီးတွေနဲ့ အတော်ကို လှပနေမှာပဲဆိုတဲ့ အတွေးလေးတွေ ဖြစ်ခဲ့ဖူးရဲ့။

အမှန်တော့ ရေချမ်းမှာက ဒီလို အတွေးလေးတွေကိုသာ အိမ်မက်အဖြစ်မက်နေရတာ လက်တွေ့ သွားဖို့ကြတော့ ပေးရမယ့်အရင်းအနှီးက သိန်းကျော်ကြီးများတောင်။ဘယ်လိုလုပ် ဒီလောက်ပမာဏများတဲ့ငွေတွေ ပေးနိုင်မှာလဲ။ငွေချေးရအောင်ဆိုတော့လဲ ရေချမ်းအဖို့က မဖြစ်နိုင်ချေ။ဘာတွေကို အပေါင်အနေနဲ့ ထားရမှာလဲ။အဖေက အစိုးရလခစား၊ တစ်လတစ်လ အဖေရဲ့ လခလေးကိုပဲ အားကိုးပြီး ရေချမ်းတို့မောင်နှမတွေ ကြီးပြင်းလာရတာ။နေနေရတဲ့ အိမ်တောင်အစိုးရ ပေးထားတဲ့ ဝန်ထမ်းအိမ်။ဒါတောင်အဖေ အလုပ်မလုပ်နိုင်တော့ရင်တော့ မသေချာဘူး။ဒီလို ကျဉ်းမြောင်းပိတ်လှောင်နေတဲ့ ရေချမ်းအတွက်တော့ နိုင်ငံခြားသွားဖို့ဆိုတဲ့ အိပ်မက်တွေကို ရေသောက်ပြီး မျိုချလိုက်ရသည်။

ရေချမ်း ၁၀တန်းအောင်တော့ အိမ်အနားက ဦးလေးတစ်ဦးက ရေချမ်းကို ကုမ္ပဏီတစ်ခုမှာ သွင်းပေး၏။ စစလုပ်ခြင်းကတော့ အကူပေါ့။နောက်ပြီး ရေချမ်းအသက်ကလဲ ၁၈နှစ်မပြည့်သေးတော့ အမြဲတမ်း အလုပ်သမားမဖြစ်နိုင်သေး။အချိန်ပိုင်းနေ့စားသဘောနဲ့ အလုပ်သင်တောက်တိုမယ်ရပေါ့။ဟိုလူက ဟိုဟာတိုင်း၊ဒီလူက ဒီဟာခိုင်းနဲ့ ရေချမ်းရဲ့ အလုပ်စတဲ့ဘဝက ခေါက်ရိုးကျိုးပိပြားနေခဲ့ရတာပေါ့။နှစ်နှစ်လောက် လုပ်ကိုင်ရင်းကနေ ရေချမ်း ပုံမှန်ပါမာန့်နန့် ဝန်ထမ်းဖြစ်လာတာပေါ့။ရေချမ်းအဖေကလဲ ပြောတယ် ရိုးသားမှုနဲ့ သစ္စာရှိမှုဆိုတာ လခစားသမားတွေရဲ့လောကမှာ အလုပ်ရှင်တွေ သဘောအကျဆုံးတဲ့ ဆိုပြီးပြောပြထားတော့ ရေချမ်းလဲ ဒီအချက်တွေကို လက်ကိုင်သုံးစွဲတာကြောင့် တဖြေးဖြေး လုပ်သက်လေးနဲ့ ရာထူးလေးတွေ ရရှိလာပါတယ်။

ရေချမ်းရဲ့ ကံကောင်းမှုပဲ ပြောရမလား မျိုချထားခဲ့တဲ့ ရေချမ်းအိပ်မက်တွေ ပြန်ဆက်ဖို့ဖြစ်လာတယ်။ အထက်အရာရှိက ရေချမ်းကို ဂျပန်မှာရှိတဲ့ ရေချမ်းတို့ ကုမ္မဏီရုံးချုပ်ကို အလုပ်သင်သွားရဖို့ အရွေးခံရတယ်ပြောလာတယ်။ ပထမဆုံးအကြိမ် ကုမ္ပဏီက နိုင်ငံခြားသို့ စေလွတ်ခြင်းကြောင့် ရေချမ်းတစ်ယောက် စိတ်လှုပ်ရှားမိသည်။လုပ်သက် ရှစ်နှစ်တာကျမှ ဒီလိုအခွင့်အရေး ရလာတော့လဲ ပေးဆပ်ခဲ့ရမှုတွေ အတွက်လဲ ရေချမ်းတစ်ယောက် ချွေးသိပ်နိုင်တာပေါ့လေ။

အေးမြကတော့ တစ်ရွှေလုံးတစ်မျိုးလုံးကို လှည့်ပတ်ကြွားနေလေရဲ့။ ဟုတ်ပါ့ဒီလိုအခွင့်အရေးဆိုတာ ရေချမ်းမပြောနဲ့ အမျိုးတွေထဲမှာတောင် မရှိဘူးသေးဘူးလေ။တစ်ရပ်ကွက်လုံး ကလေးကော ခွေးပါ ရေချမ်းနိုင်ငံခြားသွားရမှာကို သိနေကြပြီလေ။အရင်က တခါဘူးမှ မလာလည်သော ဆွေမျိုးတွေကလဲ အထုပ်တွေအပိုးတွေနဲ့ အိမ်ပေါ်တက်လာကြသည်။ဘာလိုကြောင့် ရောက်လာတာလားလဲလို့မေးတော့ ရှင်နိုင်ငံခြားသွားတဲ့အချိန် ကျုပ်ဒီမှာ တစ်ယောက်ထဲ ကလေးတွေနဲ့ဖြစ်နေမှာဆိုးလို့ဆိုပြီး အေးမြ အမေရယ်၊ မောင်ရယ်၊ အဒေါ်လင်မယားတစ်သိုက်ရယ် ရေချမ်းအိမ်လေးပေါ်ကို အုံလိုက်ကျင်းလိုက်တက်လာကြပါတယ်။

သြော်…နိုင်ငံခြားရယ် ရောက်တောင်မရောက်ရသေးဘူး အထင်ကြီး လာစားမယ့်သူတွေက ရောက်နှင့်နေပြီ။နဂိုကမှ ပိုက်ဆံသိပ်မရှိလို့ နိုင်ငံခြားသွားရင်သုံးဖို့ ကုမ္ပဏီက ထုတ်ပေးတဲ့ ငွေယားကလေးတွေက မျက်ခုံးလှုပ်နေလေရဲ့။ဒီလိုတအုပ်တမကြီးကို ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ဘယ်လိုလုပ်ပြီး ရေချမ်းတင်ကျွေးရပါ့မလဲ။နောက်ပြီး သွားတောင်မသွားရသေးတာ အပြန်ကြရင် လက်ဆောင်တွေဝယ်လာခဲ့ဖို့ သူတို့က မှာလိုက်သေးရဲ့။မရှိမကောင်းရှိမကောင်းတဲ့ ရွှေမျိုးတွေပါလားနော်။ အေးမြ…အေးမြ ယောင်္ကျားခရီးရှည်သွားခါနီး ဒီကတော့ အတိုးချပြီးချစ်မယ်ကြံတုန်း အိမ်မှာ ခြေချစရာနေရာ မရှိအောင်ကို သူ့အမျိုးတွေခေါ်တင်ထားလိုက်ပေသည်။

*******************************************************************
မနက်မိုးအလင်း လေယာဉ်ကွင်းမှာပဲ ရုးံက အတူတူသွားရမည့် သူငယ်ချင်းနဲ့ ဆုံဖို့ချိန်းထားသည်။အရေးထဲ ရွှေမျိုးတွေကလဲ လေယာဉ်ကွင်းမရောက်ဖူးလိုဆိုပြီး လိုက်လာခဲ့ကြတာ တက်စ်စီကားနှစ်စီးအပြည့်ပင်။ဒါတောင် ဗုစုခရုတွေကို အိမ်နီးချင်းတွေနဲ့ အပ်ပြီးထားခဲ့ပေလို့သာရယ်။နိုမိုဆိုမလွယ်ဘူး။အခုတော့လဲ ငယ်ငယ်ကအရမ်းစီးချင်ခဲ့တဲ့ လေယာဉ်ကြီးကို ရေချမ်းတစ်ယောက် စီးရတော့မှာပါလား။လူတွေရဲ့ ကုသိုလ်ကံ အလှည့်အပြောင်းပေကိုး။တကယ်စီးရပြီဟေ့ဆိုတော့ ရေချမ်းတစ်ယောက် ရင်တွေဘာတွေတုန်လို့ အဆိုတော် ဗဒင် သီချင်းထဲကလို ဖုတ်လိုက်ဖုတ်လိုက်ပေါ့။အေးမြနဲ့ စချိန်းစဉ်ကလို ရင်ထဲမှာ ဗျောင်းဆန်နေတာပဲ။:P လေယာဉ်ပေါ်လဲကျရော ရေချမ်းလဲ ဘယ်မှာထိုင်ရမှန်းမသိ။လက်မှတ်မှာ ထိုင်ခုံနံပါတ်ပါမှန်းလဲမသိ။တွေရာ ခုံအလွတ်တစ်လုံးကို ဝင်ထိုင်လိုက်ပါရော။ပြီးတော့ လေယာဉ်ထဲမှာ ဟိုဟာကိုင်ကြည့် ဒီဟာကိုင်ကြည့်နဲ့ မျောက်အုန်းသီးရသလိုပေါ့။ထိုင်ခုံမှာလဲ ငြိမ်ငြိမ်လေးမထိုင်နိုင် တောင်လှည့်ကြည့်၊ မြောက်လှည့်ကြည့်နဲ့။ဟဲဟဲ ကြုံတုန်းရတဲ့ အခွင့်အရေးလက်မလွတ်အောင် စပ်စုနေတာလေ။ခဏကြာတော့ လူတစ်ယောက်က အနားလာပြီး

“ဟေ့လူ ဒါကျုပ်စီးရမယ့်နေရဗျ။ကိုယ့်လက်မှတ် ကိုယ်ပြန်ကြည့်ဦး။ပြစမ်းပါဦး ခင်ဗျားလက်မှတ်။ဟာ ခင်ဗျားခုံက နောက်တစ်ခုံကျော်မှာဗျ။”

ကျုပ်လဲ ဘာပြောရမှန်းမသိ ယောင်နနနဲ့ နောက်တစ်ခုံကျော်ကို လှမ်းကြည့်လိုက်တော့
ရုံးက သူငယ်ချင်းက အခန့်သာထိုင်နေတာကိုး။ဒါနဲ့ ကျုပ်လဲ လက်ဆွဲအထုတ်ကလေးကိုင်ပြီး နောက်ခုံကို ရွှေထိုင်လိုက်တယ်။

“ကျုပ်က အဲဒီနေရာ ခင်ဗျားထိုင်ခုံမှတ်ပြီးထိုင်နေတယ်ထင်လို့ လှမ်းမခေါ်တာ။လာလာ ဒီမှာ ခင်ဗျားထိုင်ခုံက ဒီမှာ”

“သြော် မသိလိုပဲ ဂလိုမှန်းသိရင်တော့ ဘယ်…အဲဒီထိုင်ခုံ ကျုပ်သွားထိုင်မတုန်းဗျ။”

အခုမှ လူမှန်နေရာမှန် ရေချမ်းတစ်ယောက် ရောက်လာသည်။ညတုန်းက ခရီးသွားရမယ့် ဇောနဲ့ တော်တော်နဲ့ အိပ်မပျော်ခဲ့ဖူး။အိပ်ယာထဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ တောင်တွေးမြောက်တွေးတွေးနေပြီး မိုးလင်းခါနီးမှ တစ်ချက်မှေးခနဲ အိပ်ပျော်သွားခဲ့တာ။အခုလေယာဉ်ပေါ်ရောက်တော့ ဒီမျက်လုံးတွေက ထိန်းမနိုင်သိမ်းမရ ငိုက်မျည်းလာတော့သည်။

ခဏလေးကြာတော့
“လူကြီးမင်းရှင့် တဆိတ်လောက် လက်ထဲက အိတ်ကြီးကို အပေါ်တင်ပေးထားပါရစေရှင့်။”
(အမှန်တော့ အင်္ဂလိပ်လိုပြောတာပါ။ အဆင်ပြေသလို ဗမာလိုသုံးလိုက်တာပါဗျာ။)
ဒီလိုမျိုး ချိုသာတဲ့အသံလေးကြားရတော့ မှိတ်နေတဲ့မျက်လုံးကို ကဗျာကယာဖွင့်ကြည့်လိုက်တော့ ပြုံးပြနေတဲ့လေယာဉ်မယ်လေးက ရေချမ်းရင်ဘက်ထဲပွေ့ထားတဲ့ လက်ဆွဲအိတ်ကြီးကို လှမ်းယူပြီး အပေါ်က ခရီးဆောင်အိတ်ထားတဲ့နေရာမှာ ထည့်လိုက်ပါတယ်။ ဘယ်သိမတုန်းဗျ။ ရောက်ရောက်ချင်းလဲ ထိုင်နေတဲ့ခုံကို သူများက သူခုံဆိုပြီးနေရာလာ ဖယ်ခိုင်းတယ်။ နောက်ဒီနေရာရောက်တော့လဲ အိပ်ချင်စိတ်နဲ့ မျက်လုံးပိတ်ထားလိုက်တော့ အခြားလူတွေ သူတို့အိတ်တွေကို ဒီလိုထည့်ထာမှန်းမသိလိုက်ဘူး။နောက် ရေချမ်းတို့ရွာပြန်နေတဲ့အခါ အဝေးပြေးကားစီးတော့လဲ ဒီလိုပဲ ကိုယ့်အထုပ်လေးတွေကိုယ် ရင်ဘတ်ထဲထည့်စီးနေကြဆိုတော့။ ဒီလိုမလုပ်မိတာ ရေချမ်းအပြစ်တော့ မဟုတ်ရပါဘူးနော်။

ဒီလိုမျိုး အဖြစ်အပျက်ခပ်ဆင်ဆင်တွေက ရေချမ်းမြန်မာပြည်ကြီးကထွက်လာပြီး ဂျပန်ရောက်တဲ့အထိကို တမျိုးပြီးတမျိုး ရိုးလိုပင်မသွားနိုင်အောင်ပါပဲ ဖြစ်ပျက်တွေ့ကြုံခဲရဖူးတယ်။နောက်ဘန်ကောက်လေယာဉ်ကွင်းထဲမှာလဲ လေယာဉ်ပြောင်းစီးဖို့နေရာရှာနေတာနဲ့ လေယာဉ်ပြောင်းစီးဖို့လဲ နောက်ကျသွားသေးတယ်။ လေယာဉ်ကွင်းထဲမှာကလည်း ကြည့်ချင်စရာလေးတွေက အများသားဆိုတော့ ရေချမ်းတို့လို အူကြောင်ကြောင်ရွှေများအဖို့တော့ မျက်စိသူငယ်အိမ်တောင် စောင်းသွားမလားမှတ်ရတယ် ဟိုငေးဒီငေး ကျီးကန်းတောင်မှောင့်နေနေတာနဲ့ လေယာဉ်ပြောင်းစီးရမယ့်နေရာကို တော်တော်နဲ့ ခရီးမလှမ်းနိုင်ဖြစ်နေတယ်။

နောက်စီးရမယ့်လေယာဉ်ပေါ်ကိုလဲ အချိန်မှီလက်မတင်လေးရောက်သွားလို့ပေါ့။ဂျပန်ကို ပျံသန်းမယ့် လေယာဉ်ကြီးကလဲဗျာ ဧရာမငှက်ကြီးတစ်ကောင်အလားပဲ။ ရန်ကုန်ကစီးလာတဲ့ အကောင်နဲ့ကျတော့ ဒီအကောင်ကြီးနဲ့ယှဉ်တော့ အဖေနဲ့ သားအရွယ်ပဲ။ဟိုလေယာဉ်လေးကျတော့ အစာငတ်ရေငတ်နေသလို ပိန်လှီခြောက်သွေ့နေတယ်။ရေချမ်းအဖို့တော့ လေယာဉ်အတက်အဆင်းတွေဆို ရွတ်လိုက်ရတဲ့ ဂါထာတွေ၊ ရထားသမျှအားလုံး ကုန်စုံအောင်ပါပဲ။ ကြောက်လွန်းလို့ ထိုင်နေရင်းကနေ ဒူးနှစ်ဘက်ကိုပူး နီးစပ်ရာ ဘေးလက်တန်းတွေကို ဆုပ်ကိုင်ရင်းကနေ လေယာဉ်ကြီး ပျံထွက်သွားတဲ့နောက် ကြောက်ကြောက်ပါအောင် လိုက်သွားရတယ်။

လေယာဉ်ကြီးကောင်းကင်ပေါ်ရောက်သွားလို့ ငြိမ်သက်သွားတာတောင် ရွတ်လက်စ ဂါထာတွေကိုတောင် မရပ်နိုင်သေးဘူး။နားကလဲ တဝူးဝူးနဲ့ဘာမှ ကောင်းကောင်းမကြားရဘူး။ ဘေးက သူငယ်ချင်းက စကားလာပြောတာတောင် ကိုယ်မှာနားထောင်နေသလိုလို ခေါင်းတငြိမ့်ငြိမ့်နဲ့ နေနေရတယ်။ကလေးတွေ အိမ်မှာငှားကြည့်နေတဲ့ အခွေတွေထဲကလို လေယာဉ်ကြီးပျံနေရင်း ပျက်ကြရင် ဘယ်လိုလုပ်မလဲ၊ စသဖြင့် ဟိုဟိုဒီဒီအတွေးတွေကလဲ ဝင်လာသေး။အချိန်နဲနဲကြာလာတော့ လေယာဉ်ကြီးကလဲ ငြိမ်သက်သွားမှ ရေချမ်းရဲ့စိတ်တွေလဲ တဖြေးဖြေး ပြန်လည်တည်ငြိမ်လာတယ်။

စားရမယ်အချိန်ရောက်လာတော့ လေယာဉ်မယ်လေးတွေက အလုပ်တွေရှုပ်လာကြပါပြီ။ ဘာစားမလဲလိုဆိုပြီး စားစရာမီနူးကတ်တွေ လာပေးထားတာတောင် ရေချမ်းအဖို့ ဘာရွေးရမှန်းမသိလို့ ဘာလာကျွေးကျွေးအကုန်စားမယ်လို့ ဆုံးဖြတ်ထားတယ်။သူငယ်ချင်းကို မေးတော့လဲ သူကလဲ ရေချမ်းလိုပဲ ဘာစားစရာရွေးရမှန်းတောင် မသိဖြစ်နေတယ်။ လေယာဉ်မယ်လေး အနားရောက်ပြီး ဘာစားမလဲမေးတော့ သွားကြီးဖြဲပြီးပြုံးပြလိုက်တယ်။ လေယာဉ်မယ်လေးလဲ ယောင်အမ်အမ်ဖြစ်သွားပြီး သူလဲဆွဲမိဆွဲရာ လက်ထဲပါလာတဲ့ စားစရာဗန်းကြီးကိုယူ၊ ဘေးကပ်ထားတဲ့စားပွဲလေးကို ဖြန့်ခင်းပြီး အဲဒီပေါ်ကိုတင်ပေးလိုက်တယ်။ ရေချမ်းတို့များ စားစရာလာချပေးတာတောင် ဘေးတွဲစားပွဲခုံလေး ဘယ်လိုထုတ်ရမှန်းမသိလို့ ထုတ်မထားမိလိုက်ဘူး။ဟိဟိ တုန်းပါပေ့ ကိုရေချမ်းရယ် လို့သာ ကိုယ်ဘာသာကိုယ် ရေရွတ်လိုက်မိပြန်ပါတော့တယ်။

ဆက်ရန်……..
ဆက်လက်ကြိုးစားပါဦးမည်။