>

(Osaka Kansai International Airport)
ဒီလိုနဲ့ပဲ ရေချမ်းတစ်ယောက် ဘန်ကောက်ကနေ ဂျပန်အထိကို အယောင်ယောင်အမှားမှားနဲ့ မွေးရာပါဖင်လေးတောင် မရှိတော့ဘူး ထင်ရလောက်အောင် ညောင်းချိပိန်လိမ်စွာ စီးနှင်းခဲ့ရပါတယ်။လေယာဉ်ပေါ်မှ မကြာတော့မီအချိန်အတွင်း ဂျပန် အိုစာကာလေဆိပ်သို့ ရောက်တော့မည်ဖြစ်ကြောင်း အသံကလေးကြားတော့မှပဲ စိတ်ထဲ ဟင်းချရတော့တယ်။ လေယာဉ်ကွင်းကိုဆင်းတော့ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ မှောင်နေတာပဲ။ ညအချိန်ထင်ပါရဲ့။လေယာဉ်ကွင်းကြီးကတော့ ဆီမီးထိန်ထိန်လင်းထားသလို အရောင်တွေတောက်ပနေလေရဲ့။

နောက်လေယာဉ်ကြီးရပ်သွားပြီး လူအားလုံးလေယာဉ်ပေါ်က ထွက်ကြတော့ ရေချမ်းလဲ တခြားလူတွေသွားတဲ့နောက်ကို လိုက်သွားပါသည်။လမ်းမသိ ရှေ့လူနောက်လိုက်ဆိုရမလား သူတို့တွေသွားတဲ့နောက်ကို လိုက်ပါသွားပြီး လူဝင်မှုကြီးကြပ်ရေးနေရာရောက်တော့ သူတို့လိုပဲတန်းစီပြီး စာရွက်တွေဖြည့်နေတုန်း

“ဒီဘက်ကို ကြွပါ။အနောက်ကလိုက်ခဲ့ပါ”လို့ဆိုပြီး ယူနီဖောင်းဝတ်ကိုရွှေဂျပန်က ယဉ်ကျေးပျုငှာစွာ လာရောက်ခေါ်ငင်ပါတယ်။

ရေချမ်းတို့နှစ်ယောက်လဲ ဘာမသိညာမသိ သူ့နောက်ကနေ တကောက်ကောက်လိုက်သွားရင်း စိတ်ထဲမှာလဲ ငါတိုက အလုပ်ကလွှတ်တာဆိုတော့ ဗီအိုင်ပီ အထူးဧည့်သည်အနေနဲ့ ကြိုဆိုတာထင်တယ်လို့ ကိုယ်ဘာသာတွေးရင်း သူပြတဲ့ အခန်းလေးထဲ ဝင်လိုက်ပါတယ်။ အခန်းလေးထဲမှာ ဆိုဖာထိုင်ခုံလေး နှစ်လုံးချထားပြီး သူ့အရှေ့မှာလဲ စားပွဲတစ်လုံးတွေ့ပါတယ်။ နောက်ပြီးမှသိတယ် ခုနက ဘာသာချော ဘာကြောင့်လာခေါ်ပြီး ကျုပ်တို့ နှစ်ယောက်ကို ပို့ထားလဲဆိုတာ။ကျုပ်တို့နှစ်ယောက်ကိုဗျာ နှစ်နာရီလောက်ကြာအောင် အသေအချာကို စစ်မေးတော့တာပါပဲ။ဒီကလဲ နဂိုထဲကမှ မြန်မာပြည်မှာပြထားတဲ့ အိုးရှင်းဇာတ်ကားအခံနဲ့ သူတို့ဘာပြောပြောမေးသမျှကိုတဟိုက်ထဲဟိုက်လိုက်တာပဲ။အဲဒီမှာပဲအားလုံးဂွကျကုန်းတော့တာပဲ။

ဂျပန်ဘသာချောတွေကလဲ လူကိုသူခိုးစစ်စစ်သလိုပါပဲ သူတို့စကားပြောတဲ့အသံတွေမာလာတာ သတိထားမိတော့မှပဲ အင်းငါတို့တစ်ခုခုတော့ မှားနေပြီဆိုပြီး ဒီကောင်တွေကို အင်္ဂလိပ်လိုရှင်းပြ နောက်ပြီးရုံးကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကိုပြလိုက်တယ်။ကံကောင်းလိုဗျာ ရုံးက DGMခါခဲယာမားစံကိုပဲ ပြေးပြီးကျေးဇူးတင်ရမလားပဲ။သူ့လက်ရေးနဲ့ အသေအချာရေးပေးလိုက်တဲ့ ဂျပန်စာကိုပြလိုက်တော့မှပဲ ဒီကောင်တွေ စစ်ဆေးနေတာကိုရပ်လိုက်ပြီး ဖုံးတစ်လုံးနဲ့ ဂျပန်လို ကွိကွိကွကွတွေပြောပြီး အလုပ်ရှုပ်နေပါတယ်။ အတော်လေးကြာတော့ ရုံးချုပ်က လာကြိုတဲ့သူတွေရောက်လာပြီးမှ ကျုပ်တို့နှစ်ယောက်စလုံးကို ဂျပန်ပြည်ဝင်ခွင့်တုံးတွေ ထုပေးလိုက်ပါတယ်။အခန်းထဲက ထွက်လာတော့ အခြားကိုယ်နဲ့အတူ လေယာဉ်စီးလာကြတဲ့သူတွေ တစ်ယောက်မှ မရှိကြတော့ပါဘူး။လူတွေလဲ ရှင်းလင်းစပြုနေပါပြီ။
လေယာဉ်ကွင်းထဲကထွက်လာတော့ နေဝန်းထွက်ရာပြည်ကြီးရဲ့နှင်းမှုန်တွေနဲ့အတူ ကြိုဆိုမှုက ရင်ထဲမှာ နင့်ခနဲနေအောင်ကို အေးစက်လိုက်တာ။

လာကြိုကြတဲ့သူတွေက လေဆိပ်ကအထွက်မှာ စားသောက်ဆိုင်တစ်ခုမှာ ညစာလိုက်ကျွေးကြပါတယ်။ဆိုင်ထဲရောက်ရောက်ခြင်းပဲ တလမ်းလုံးအောင့်အီးထားသမျှ မခံမရပ်နိုင်အောင်ကို ဖြစ်လာပါတော့တယ်။အောင့်ထားလို့ ဘယ်လိုမှကိုမရတော့ဘူး။ဒီတော့ လာကြိုတဲ့သူတွေကို အဝင်ဝမှာတင် မေးလိုက်တယ်……………

“တဆိတ်လောက်ဗျာ၊……အိမ်သာဘယ်မှာလဲဟင်။” သူတို့လဲ ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။နောက်ပြီးလာတဲ့ဆိုင်က စားသောက်ဆိုင်၊ ဝင်ဝင်ခြင်းလေးပဲရှိတာကို ဘယ်မှာလဲ ရေအိမ်ဆိုတော့ သူတိုစိတ်ထဲ ဒီလူအစားကြီးမယ်ထင်တယ် မစားခင်သွားလျော့ဦးမယ်။အဲဒီလိုပဲထင်မလား။ငါတိုက စားဖို့ခေါ်လာတာ သူကထုတ်ဖို့ လာပြင်နေတယ်လို့ပဲ ထင်မလား။ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသလို ဖြစ်သွားတယ်။မတတ်နိုင်ဘူးလေ။လေယာဉ်ပေါ်မှာလဲ တစ်ခါသွားတာ အဆင်မပြေဘူး။လေယာဉ်ကြီးပေါ်မှာ လှုပ်လှုပ်နဲ့။အခန်းကျဉ်းကျဉ်းလေးထဲဗျာ မွန်းကျပ်သလို ခံစားရတယ်။အောက်ရောက်မှပဲသွားမယ် ကြံထားတာ လေဆိပ်ထဲရောက်တော့လဲ ဘာမပြောညာမပြောနဲ့ ဂျပန်ဘသာချောတွေက နှစ်နာရီလောက်ခေါ်ပြီး နှိပ်ကွပ်ထားတော့ ခရီးရှည်ကြီးစီးလာတဲ့ ကျုပ်အတွက် အခုလိုအချိန်ကြတော့လဲ မစောင့်နိုင်တော့ဘူးလေ။ လာကြိုတဲ့သူတွေကို နောက်မှပဲ ရှင်းပြလိုက်တော့မယ်။

လာကြိုတဲ့သူတွေ ညွန်ပြလိုက်တဲ့ အခန်းထဲရောက်ရော အိမ်သာအိုးက ဘိုထိုင်တော့ ဘိုထိုင်ပဲ။ထူးဆန်းတာက ဘေးမှာလဲ လက်တန်းလေးတစ်ခုရှိနေတယ်။လောလောဆယ် ကိုယ်ကိစ္စက အရေးကြီးနေတယ်ဆိုတော့ အရင်ဖြေရှင်းလိုက်ပါတယ်။နောက်မှ ဘေးကလက်တန်းကို အသေချာစပ်စုလိုက်မိပါတယ်။လက်တန်းပေါ်မှာလဲ ခလုပ်တွေနဲ့ အပြည့်ပဲ။အားလုံးကတော့ ဂျပန်စာတွေကြီးပဲ ရေးထားသေးတယ်။(အချို့မှာအင်္ဂလိပ်လိုပါပါတယ်။ ရေချမ်းကတော့ လွဲနေတဲ့သူဆိုတော့လားမသိဘူး။)ပုံလေးတွေ ပြထားပါသတဲ့။ရေချမ်းလဲ ကိုယ်ကိစ္စပြီးတော့ ရေလောင်းတဲ့ပိုက် လိုက်ရှာတယ်။မတွေ့ဘူး။ကဲဒါဆို စက္ကူကောဆိုတော့ မရှိဘူးဗျာ။အဲဒါမှ ဂွကျတာပဲ။နောက်တော့ ဘေးကလက်တန်းကြီးကို ကြည့်ပြီး ဒါကြီးကတော့ အလကား ဒီအတိုင်းထား ဟန်တော့မတူဘူး။သူပုံထဲကအတိုင်း ရေလေးပန်းနေတဲ့ပုံလေးကို နှိပ်လိုက်တယ်။

အို…ဘုရားရေ ရေတွေအောက်ကနေ ပန်းတက်လာတယ်။နောက်ဟိုခလုပ် ဒီခလုပ်တွေပြောင်းပြီး လျှောက်နှိပ်တာ ရေတွေက ဟိုကပန်းတက် ဒီကပန်းတက်နဲ့ထွက်လာပြီး မြန်မာပြည်က စတိုင်ကြီးတခွဲသားနဲ့ ဝတ်လာခဲ့သော အနောက်တိုင်းတိုက်ပုံကြီး ရေတွေစိုကုန်ပါရော။ (အရင်ကသိဘူးဗျ။ နိုင်ငံခြားသွားကြတဲ့သူတွေက ဒီလိုအနောက်တိုင်းတိုက်ပုံကြီး တကားကားနဲ့ လေယာဉ်ပေါ် တက်တက်သွားကြတော့ ရေချမ်းလဲ အတုခိုးပြီး လိုက်လုပ်ကြည့်တာ။ အခုခေတ်တော့သိပ်မတွေ့ရတော့ပါဘူး။:P)နောက်ရေချမ်းလဲကြံရာမရနဲ့ဘာလုပ်လိုက်တယ်မှတ်လဲ အဖုံးဆွဲပိတ်လိုက်တာပေါ့ဗျ။ဘာရမလဲ အာရှလူလည်သားပဲ (မဟုတ်တဲ့နေရာမှာ:P)။

သြော်…….. ဂျပန်တွေ ထွင်စရာမရှိ ကြံကြံဖန်ဖန် အိမ်သာအိုးတောင်မချန် စက်တွေတက်ပြစ်တယ်။ရန်ကုန်မှာသာ ဒါမျိုးကြီးတပ်လိုက်ရင် အယ်ဒီဆင်ကို အမြဲလေးစားလွန်းလို ခဏခဏဂုဏ်ပြုနေတာနဲ့ ကြုံရင်တော့ ဒုက္ခ။ဆက်တငင်ငင်နဲ့ ဘယ်လိုဘယ်ပုံကြီး ခရီးဆက်သွားရမယ်ဆိုတော့……………..။(အမေရိကန်မှာ အောက်တိုဘာ ၂၁ရက်နေ့မှာ အယ်ဒီဆင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ တမိနစ်မျှ လျှပ်စစ်မီးတွေမှိတ်ပြီး နေကြတယ်။အဲဒီနေ့ဟာလဲ လျှပ်စစ်မီးသီးကို စတင်တီထွင်သူကြီး အယ်ဒီဆင်ကွယ်လွန်တဲ့နေ့ပါပဲ။ ကျုပ်တို့ဆီမှာကတော့ သူကို တမိနစ်မက အမြဲနီးပါး သတိရတိုင်းကို ဂုဏ်ပြုပါတယ်။)

ဗိုက်လဲချောင်သွားပြီဆိုတော့ စားတော့သောက်တော့မယ်ပေါ့။အားလုံးကလဲ ဘာမှမမှာကြသေးပဲ ရေချမ်းအထွက်ကို စောင့်ပေးနေကြတယ်။ရေချမ်းကိုယ်ပေါ်မှာ ရေတွေရွှဲနေတာကိုတွေတော့ ဘာဖြစ်တာလဲမေးတော့ ရေချမ်းလဲ ရှက်ရှက်နဲ့ ခုနကအကြောင်းပြောပြလိုက်တော့ အားလုံးက ပြုံးကုန်ကြပြီး နောင်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြကြတယ်။စက္ကူကလဲ ကုန်နေလိုဖြစ်မှာတဲ့။ ရေချမ်းရေ…..လွဲချက်တွေကတော့ တက်တက်ဆင်အောင်ပါပဲနော်။ မစားခင် သူတိုလာငဲ့ပေးတဲ့ လက်ဖက်ခြောက်အရောင်လဲမတွေ့ရတဲ့ ရေနွေးပူပူကြီးကို ရာသီဥတုကလဲ အေးကအေးအေးနဲ့ဆိုတော့ မမှုတ်တော့ပဲ အားကုန်သောက်ချလိုက်တော့တယ်။

အား….ဝူး…..ရေနွေးကြီးက ရင်ထဲ ခါးသက်သက် နွေးတေးတေးကြီး စီးဝင်သွားတယ်။ဘာကြီးလဲဟ ရေနွေးမဟုတ်ပါလား။ သူတို့မေးတော့မှ ဒါဂျပန်အရက် ဆာကေးဆိုတာတဲ့။အပူသောက်တာနဲ့ အအေးသောက်တာ ရှိတယ်လို့ပြောပြကြတယ်။အခုက အပြင်မှာ အရမ်းအေးနေလို့ ဧည့်သည်ကို ဆာကေးအပူတိုက်တာတဲ့။နောက်သူတို့က ခေါက်ဆွဲစားမလားမေးတော့ ဟုတ်စားမယ်ပေါ့။စိတ်ထဲမှာထင်တာက ခေါက်ဆွဲကြော်ပဲလားပေါ့။ လာချလို့ကြည့်လိုက်တော့ အစိမ်းရောင်အဖတ်တွေနဲ့ ခေါက်ဆွဲပြုတ်ကြီးဗျ။စိတ်ထဲမှာ ယမ်ယမ်ခေါက်ဆွဲပြုတ်လို ချည်စပ်ကလေးပေါ့လို့ ထင်ပြီး ဗိုက်ကလဲ ဆာဆာနဲ့ အားပါးတရလွေးလိုက်တာ။ဘာအရသာကြီးမှန်းမသိဘူး စိမ်းရွှင်ရွှင်အနံကြီးနဲ့ နောက်ပြီးအရသာကလဲမရှိ။ခေါက်ဆွဲတွေကလဲ လက်သန်းလောက်အလုံးကြီးကြီးတွေ နောက်ပြီး ခေါက်ဆွဲကို မဖြတ်ပဲအရှည်ကြီးခွေထဲ့ထားတာ။သူတို့တွေကတော့ တရူးရူးနဲ့ အသံမြည်အောင်ခေါက်ဆွဲတွေကို ပါးစပ်ထဲ ဆွဲယူစုပ်သောက်နေလိုက်ကြသေးတယ်။ ရေချမ်းကတော့ ဒီခေါက်ဆွဲရှည်ရှည်ကြီးတွေ၊ အစိမ်းရောင်ရေညှိုတွေ၊ ကြက်ပြုတ်ရည်ပေါ် ကြက်ဥအစိမ်းဖောက်ထည့်ထားသော အနံတွေ ဒါတွေနဲ့ ဘယ်လိုစခန်းသွားရမလဲဗျာ။

အိမ်မှာဆို မနက်စာ အုန်းနို့ခေါက်ဆွဲ၊ မုန်ဟင်းခါး ဒါမှမဟုတ် ပဲပြုတ်ဆီစမ်း ထမင်းကြော်။နေ့လည်စာကြတော့လဲ အေးမြပြင်ထည့်ပေးလိုက်တဲ့ စုံစုံလင်လင်မြန်မာထမင်းဟင်း။ ညစာဆိုလဲ ဟင်းမကောင်းရင်တောင်မှ ငပိရေတို့စရာအရွက်အသီးအစုံအလင်နဲ့ စားခဲ့ရတဲ့ ရေချမ်းတစ်ယောက် အရာရာအရသာတွေမဲ့နေတဲ့ ဟင်းတွေ၊သားစိမ်းငါးစိမ်းတွေစားနေရတော့ လွမ်းမောလိုက်ရပါပေ့ ပြည်မြန်မာနှင့် အေးမြလက်ရာတွေ။ အေးမြဆီဖုန်းဆက်တိုင်းလဲ ပြန်လာရင် သူ့လက်ရာတွေ တဝကြီးကို စားပစ်လိုက်မယ်ဆိုတဲ့ အကြောင်းတွေပဲပေါ့။ ဂျပန်ရောက်ဗမာတွေ ဘယ်လိုစားသောက်ကြပါလိမ့်။ချီးကျုးပါတယ်ဗျာ။

အလုပ်မှာတော့ တစ်ခုလေးစားစရာပဲဗျို့။မနက်ဆို ဘယ်သူတွေဘယ်စောရောက်ရောက် သူငှေးက သူအရင်ရောက်လေ့ရှိတယ်။နောက်မှသိရတာကသူကမနက်အစောထပြီးလမ်းထွက်လျောက်တယ်။ အဲဒီကတဆင့် အလုပ်ထဲက သူ့အခန်းမှာသွားပြီး အလုပ်လာဆင်းတဲ့သူတွေကို ထိုင်စောင့်လေ့ရှိတယ်။ဒါကြောင့်လဲ အလုပ်မှာ ဘယ်သူမှ အလုပ်နောက်မကျဘူး။နောက်ပြီး သူက လူအကုန်စေ့အောင်ထိုင်စောင့်တယ်။လူတွေစုံရင် မန်နေဂျာကို တနေ့တာဘာတွေ လုပ်ရမယ်ဆိုတာတွေပြောတယ်။နောက်ပြီးသူရဲ့အကောင်းဆုံးအကျင့်က အလုပ်သမားတိုင်းရဲ့ အလုပ်နေရာအထိကိုသွားပြီး တစ်ယောက်ချင်းဆီ လူစုံအောင် စကားလိုက်ပြောပြီး နှုတ်ဆက်လေ့ရှိတယ်။ ဒါကြောင့် မန်နေဂျာတွေကလဲ မဟုတ်တာ မလုပ်ရဲဘူး။ပြီးမှ သူအိမ်ကိုပြန်တယ် နေလည်စာစားပြီး တရေးအိပ်တယ်။အလုပ်ဆင်းခါနီးကျတော့ ပြန်ရောက်လာပြန်တယ်။ရုံးဆင်းရင်လဲ လူတိုင်းကို နှုတ်ဆက်လေ့ရှိတယ်။

အလုပ်ထဲမှာ သူငှေးကလွဲရင် အရာရှိကအစ သန့်ရှင်ရေးအလှည့်ကျ လုပ်ကြရတယ်။ ရာထူးကြီးတယ် ငယ်တယ်မခွဲခြားဘူး။အလုပ်ထဲမှာသာ အရာရှိက အချိန်တိုင်း အလုပ်လုပ်ဆိုပြီးခိုင်းနေတာ အလုပ်ကထွက်တာနဲ့ လာဆိုပြီး ပုခုံးဖက်ပြီး တစ်တစ်ခုသွားစားကြလေ့ရှိတယ်။နောက်ပြီး အဲဒီအချိန်မှာလဲ အစားအသောက်ကလွဲလို့ အလုပ်အကြောင်းမပြောနဲ့ သူတို့က မကြိုက်ဘူး။ဆိုလိုက်ကြတဲ့ ကာရာအိုကေ မူးမူးနဲ့ ဘာဂျပန်သီချင်းတွေမှန်းမသိဘူး။ရေချမ်းလဲ သူတို့နဲ့ အလိုက်သင့် လိုက်ပြီးကခုန်ရတာပေါ့။

နားရက်ဆိုလဲ ဈေးဝယ်သွားလိုက်ကြတာ တအိမ်လုံးသက်ကြီးရွယ်အိုပါမကျန်။ အကုန်စုသွားကြပြီး Shopping Mallတွေရောက်မှ ကိုယ်သွားချင်တဲ့နေရာသွားကြဖို့ လူစုခွဲကြတယ်။နောက်မှ ဘယ်အချိန် တစ်နေရာမှာ ပြန်ဆုံတွေ့ကြတယ်။သူတို့ဈေးကြီးတွေကလဲ သွားစရာနေရာမကုန်နိုင်အောင် ကျယ်လိုက်တာဗျာ။အဲဒီလိုနေ့တွေမှာဆို လူအစုံတွေရတယ်။ တစ်ခုတွေတာက ဒီလောက်ချမ်းသာတဲ့ ဂျပန်မှာလဲ သူတောင်းစားတွေရှိတယ်ဗျာ။သက်ကြီးရွယ်အို လူမိုက်ဟောင်းကြီးတွေလို့တော့ သူတို့က ပြောပြကြတယ်။နောက်ညနေလဲကျတော့ အားလုံးပြန်စုပြီး စားသောက်ဆိုင်သွားစားကြတယ်။နောက်ပြီးတော့ လူငယ်တွေက ကပွဲတွေသွားကြ။လူကြီးတွေက အိမ်ပြန်ပြီးနားကြပေါ့။အသက်ရှုကြတဲ့ စက်ရုပ်ဆန်ဆန် လူသားတွေပါပဲဗျာ။အမြဲတန်းလောက်က ဒီလိုကြီးပဲ သူတိုနေလေ့ရှိကြတယ်။

တနေ့တနေ့ လူလဲစက်ရုပ်လိုပဲ အလုပ်တွေသင်လိုက်၊ ပိတ်ရက် နှစ်ရက်ဆိုလဲ အလုပ်ထဲက လုပ်ဖော်ကိုင်ဘက်တွေနဲ့ လျောက်လည်လိုက်နဲ့ ပျော်အောင်တော့ထားပါတယ်။ဗမာက နှစ်ယောက်တည်း ဂျပန်က ခြောက်ယောက်လောက်က ဘယ်သွားသွားအမြဲပါတယ်။သူတို့ကလဲ ကျုပ်တို့ထွက်ပြေးမှာ စိုးလို့ထင်ပါတယ် အနားမှာတော့ အမြဲရှိတယ်။တခြားဗမာတွေ နေတဲ့နေရာကိုမေးတော့လဲ မပြောဘူး။ပြလဲမပြဘူး။နှစ်ယောက်ထဲရှိမှသာ ဗမာစကားပြောရတယ်။ ကျန်တဲ့အချိန်ဆို အင်္ဂလိပ်လိုပဲ သူတို့ရှေ့မှာပြောရတယ်။နေဝန်းထွက်ရာမြေရဲ့ မမေ့နိုင်စရာသော အကျယ်ချုပ်လေးပါပဲ။

သူငှေးက သဘောတော့ကောင်းတယ်။ဂျပန်မှာသုံးဖိုတပတ်စာငွေ အမြဲပေးတယ်။သူအိမ်နားက စားသောက်ဆိုင်မှာလဲ ကျုပ်တိုနှစ်ယောက် ဘယ်အချိန် ဘာသွားစားစား လက်မှတ်ထိုးခဲ့ပြီး စားခွင့်လဲပေးထားတယ်။အိပ်တော့လဲ သူအိမ်အပေါ်ထပ်မှာ အနွေးစက်တပ်ထားတဲ့ အခန်းလေးပေးထားတယ်။နှစ်ယောက်စာအတွက်တော့အတော်ကြီးကိုကျယ်ပြန့်တဲ့နေရာလေးပါပဲ။ ညနေစောင်းဆိုလဲ ရုပ်ရှင်အခွေလေးသုံးလေးခွေလောက် လှေကားခြေရင်းမှာ ထားပေးထားတယ်။ အံသြစရာက တချို့ခွေတွေက ဗမာသီချင်းခွေတွေဗျ။ ဗမာတွေကို အရမ်းကြိုက်တဲ့ ဂျပန်ကြီးတစ်ယောက်ပါပဲ။ရေချိုးရင်လဲ 45ံCလောက်ရှိတဲ့ရေနွေးငွေ့ တစ်ထောင်းထောင်းနဲ့ ကြက်ဥပြုတ်ရင်တောင် အကာလောက်အသာလေး ကျက်လောက်တယ်။

သူ့အိမ်လေးကတကယ်ရှေးကျတဲ ရိုးရာဂျပန်နှစ်ထပ်အိမ်ကလေး၊ အထဲမှာတော့ခေတ်မှီအောင် ပစ္စည်းအသစ်အဆန်းတွေတော့ထားတာပဲရှိတာ။ အလုပ်ဖော်တွေအပြောအရ ဒီလိုရှေးအိမ်ခြံတွေက သူတို့ဆီမှာ ဈေးကြီးတယ်ဆိုပဲ။အိမ်က အရှေ့ဘက်ကရော အနောက်ဘက်ကရော ဝင်လို့ရတယ်။အနောက်ဘက်မှာ ရေမြောင်းကလေးလဲရှိတယ်ဗျ။ ရေမြောင်းက စန်းချောင်းလေးလိုပဲ အမြဲသန့်ရှင်းပြီး ရေတွေလဲစီးနေတယ်။မြောင်းလေးဘေးမှာလဲ ပန်းခင်းလေးတွေ၊ လူသွားလမ်းကလေးနဲ့ အရမ်းကို ကဗျာဆန်တာပါပဲဗျာ။သူတို့က အရမ်းခေတ်မှီအောင်သာ ကြိုးစားပေမယ့် သူတိုရဲ့ ရှေးရိုးစွဲဓလေ့တွေကို အရမ်းမြတ်နိုးတယ်။

တစ်နေ့ ရေချမ်း လမ်းထိပ်က ဖုံးခန်းလေးဆီ စိတ်ထဲမှာလဲ အေးမြကို ဘာတွေပြောမယ်ပေါ့ တွေးရင်းနဲ့ အသွား

“ရေချမ်းစံ…..ရေချမ်းစံ…..သတိထားပါ….သတိ”လို့ ခေါ်သံကြားလိုက်တော့ လူလဲရုတ်တရက် ကြောင်တောင်တောင်နဲ့ ရပ်ပြီး အသံလာရာကို လှည့်အကြည့် အနောက်ဘက်နားကနေ ဝှီးကနဲအသံနဲ့အတူ ကားတစ်စင်း အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားလေရဲ့။လူလဲ ဘာလုပ်လိုဘာကိုင်ရမှန်းမသိပဲ အနောက်ဘက်ကို ခုန်ရှောင်လိုက်ပါတယ်။အနောက်က လှမ်းခေါ်လိုက်သူက သူငှေးပါ။သူက ကျုပ်အနားရောက်လာပြီး စိုးရိမ်သလို၊ အထင်သေးသလို ဒေါသတကြီးနဲ့

“ရေချမ်းစံ ဘယ်လိုဖြစ်တာလဲ၊ သတိထားမှပေါ့။လမ်းကူးရင် လူကူးမျဉ်းရှိတဲ့နေရာသွားပြီး လူကူးအချက်ပြမီးနှိပ်ပြီးမှ ကူးလို့ရတယ်။”

ကျုပ်လဲ သူအဲဒီလိုပြောမှ သတိရသွားတယ်။ဟီးဟီး မြန်ပြည်မှာက လမ်းကူးရင် ကားရှင်းရင် ဖြစ်သလိုပဲ ကူးလိုက်တာကိုး။သူတို့လို လူကူးမျဉ်းကျားတွေဘာတွေ တသီးတသန့်သွားကြတာမှ မဟုတ်တာ။မီးပွိုင်ဆိုတာကလဲ သူဘာသာ လင်းချင်ရာ လင်းနေတာ။တချို့နေရာဆို အလုပ်မလုပ်လိုတောင် ကိုယ်ဘာသာကိုယ် ကားလမ်းကြည့်ကူးကြရတာ။နောက်တစ်ခုက အခုကူးမယ့်လမ်းကလဲ လမ်းသွယ်လေးကျနေတာပဲ ကျဉ်းကျဉ်းလေးကို။ဒီလောက် အရှိန်ပြင်းပြင်း ကားတွေမောင်းလို့ရမှန်း ဘယ်သိမလဲဗျာ။ဂျပန်မှာ ကားလမ်းတွေက အတော်လေးသေးတာပဲဗျ။ ကိုယ်ကိုယ်ကိုတော့ နိုင်ငံကြီးသားကြီးတွေလို ကျင့်မှဆိုတဲ့ အသိလေးတော့ရသွားတယ်။ တော်သေးတယ် သူတို့ခေါ်တဲ့ ရေချမ်းစံတစ်ယောက် နတ်နန်းစံရမလိုဘဝမှ သီသီလေးလွတ်သွား၏။မဟုတ်ရင် ရင်စီးအနီလေးနဲ့ သပြေနှစ်ခက်လက်ကစွဲလို့ ဂျပန်မှာ လမ်းပြနတ်သားဖြစ်သွားမှာ။

ဘာလိုလိုနဲ့ ရေချမ်းအမိမြေကို ပြန်ဖို့နီးသထက်နီးလာပြီ။အေးမြကတော့ အမြဲပြောသည် ဂျပန်လိုနေရာမျိုး အခွင့်ရရင် အိုဗာစတေးပါလားတဲ့။မဖြစ်ပါဘူး အေးမြရယ်။ဒီဂျပန်တွေက တို့ထက်လည်တယ်။ဘယ်သွားသွားသူငှေးက သူရဲ့လူယုံခြောက်ယောက် လောက်ထည့်ပေးထားတယ်။ဒီမှာနေတဲ့တစ်လျောက်လုံးကလဲ ဘယ်ဗမာမှ မတွေ့ရဘူး။ တို့တွေရဲ့သစ္စာရှိရိုးသားမှုကို ပြသတဲ့အနေနဲ့ ဒီလိုအခွင့်မျိုးမလုပ်ချင်ဘူး။နောက်ပြီး ချစ်တဲ့အမိမြေကြီးမှာပဲ ရိုးသားကြိုးစားရင်းနဲ့ ဘယ်လိုပဲနေရနေရ အေးမြတို့သားအမိတွေနဲ့ပဲ နေချင်မိပါတယ်။အေးမြရဲ့ အကြံပေးချက်ကို ပယ်ဖျက်လိုက်မိသည်။ရင်ထဲမှာ အတော်တော့ပေါ့သွားသည်။သူတို့က ငါတို့နှစ်ယောက်ကို ယုံကြည်လို့ သူတို့နေရာကို ကြည်ကြည်ဖြူဖြူ ခေါ်လည်တာကို တို့ဗမာတွေကို ယုံကြည်မှု ကင်းမဲ့သွားအောင်တော့ မလုပ်ချင်ဘူး။နောက်ပြီး မြန်မာပြည်က အလုပ်ထဲမှ နောင်ကျုပ်တို့လို ဂျပန်ကို အလုပ်သင်ခွင့် အလားလာရှိတဲ့ နောင်လာမယ့်သူတွေ အတွက်လဲ ကျုပ်တို့ရဲ့ အခွင့်ကောင်းယူလိုက်မှုရဲ့ အမဲစက်သက်ရောက်မှုကြီး မရောက်စေချင်ဘူးလေ။နှစ်ပတ်လောက် ဒီအကြောင်းအရာကြီးကို လုပ်ရင်ကောင်းမကောင်း စဉ်းစားနေတဲ့ အိပ်မက်ဆိုးကြီးထဲကလဲ လွတ်မြောက်သွားပြီး နောင်လာမည့်ညတွေကို နှစ်ချိုက်စွာ အိပ်ပျော်တော့မယ်လေ။

မပြန်ခင်သူငှေးက ဈေးဝယ်ဖို့ငွေတွေပေးလိုက်သည့်အတွက် အေးမြဖို့ကီမိုနိုစအချို့ဝယ်လိုက်သည်။ ကီမိုနိုတွေကလဲ အစားစားပဲ ဈေးအကြီးဆုံးတွေကလဲ တကယ်ကို လက်နဲ့ယက်ပြီး သဘာဝအရောင်တွေဆိုးတာတဲ့။ ကျုပ်ကတော့ အမှတ်တရပါ ဈေးသက်သာတဲ့ စက်ယက်ကီမိုနိုတွေပဲ ဝယ်ဖြစ်တယ်။ဂျပန်မှာလဲ သူတို့ထုတ်ကုန်တွေက ဈေးကြီးတော့ သူတို့လူမျိုးတွေတောင် တရုတ်လုပ်တွေသုံးကြတာများတယ်။ဘာဖြစ်ဖြစ် ရေချမ်းကတော့ သူတို့တွေရဲ့ ယဉ်ကျေးမှု၊ စည်းကမ်းကြီးမှု၊ အသက်ကြီးသူတွေ လေးစားမှု၊ အချိန်တိကျမှု၊ စတဲ့ အတုယူစရာ အကျင့်ကောင်းလေးတွေကိုပဲ နေဝန်းထွက်ရာမြေရဲ့ အမှတ်တရအဖြစ်နဲ့ ကျုပ်တို့မြေကို အမှတ်တရ သယ်သွားတော့မယ်ဗျာ။တကယ်ကိုပါ ဘယ်တော့မှကို မမေ့ဖျောက်နိုင်တော့မယ့် သူတို့တွေရဲ့ အလေ့အထလေးတွေ၊ လွမ်းမောဆွတ်ပြန့်နေတဲ့ ချယ်ရီပင်ကြီးရယ်၊ အိမ်ကလေးနောက်က စမ်းချောင်းကလေးနဲ့ အမြဲသန့်ရှင်းလှပတဲ့ လမ်းသွယ်ကျဉ်းကျဉ်းလေးရယ်၊ ကီယိုမီဇုဒယ်ရာ့ဘုရားကျောင်းပေါ်က မြင်နေရတဲ့ ကျိုတိုမြို့လေးရဲ့ နေဝင်သွားတဲ့ ဆည်းဆာအလှ၊ ဖူရှီးမိမှ အိနားရိဗိမာန်က လိမ္မော်ရောင်တိုင်လုံးကြီးတွေက အတိတ်အိပ်မက်တွေထဲမှ အမှတ်တရတွေပါ။

တည်းခိုတဲ့နေရာကျိုတိုမှ အိုဆာခန်ဆိုင်း(Osaka Kansai)လေဆိပ်သို့ သူငှေးကစီစဉ်ပေးလိုက်သော လီမွန်စင်းကားအရှည်ကြီးဖြင့် ၁နာရီခွဲလောက်ကြာအောင်ကို စီးလိုက်ရသည်။အပြန်ကြတော့ စိတ်ထဲဘယ်လိုကြီးမှန်းမသိ တစ်ခုခုကို လွမ်းသလိုလို ဘာလိုလိုနဲ့ ရင်ထဲမှာခိုးလိုးခုလုကြီး ဘေးက သူငယ်ချင်းကိုတောင် ဘာစကားမှမပြောဖြစ်။သူလဲ ကျုပ်လိုပဲထင်တယ်၊ တလမ်းလုံးနှုတ်ဆိတ်ပြီး လိုက်လာသည်။အပြန်က မနက်ပိုင်းဖြစ်သဖြင့် အိုဆာကာလေဆိပ်ကြီးကို အပြင်မှ လှမ်းမြင်နေရပြီး ကြည့်လိုက်တော့မှ ပင်လယ်ထဲမှာ ထိုးထွက်တည်ဆောက်ထားတဲ့ လူလုပ်ထားတဲ့ ကျွန်းကြီးပဲဗျ။အလာတုန်းက ညအမှောင်ကြောင့် ဘာမှမမြင်လိုက်ရဘူး။လေဆိပ်ကို အသွားအတွက် တံတားတစ်စင်း၊ အပြန်အတွက် တံတားတစ်စင်း သပ်သပ်စီတည်ဆောက်ပေးထားတယ်။

ဂျပန်မှာ တခုတော့ရှိတယ် အရာအားလုံးကို အသွင်ဆန်းအမြင်ဆန်း ခေတ်မှီတိုးတက်လှပနေတဲ့ သူတို့နိုင်ငံလေးဟာ ရာသီဥတုဆိုးရွားမှုကို လှလှပပကြီးခံစားနေရပေသည်။အခုလဲ အပြန်လမ်းတံတားပေါ်မှာ ကားတစ်စီးတုန်းလုံး ပက်လက်လဲနေတာ မြင်ခဲ့ရသေးသည်။ သဘာဝဒဏ်ကိုတော့ မလွန်ဆန်နိုင်သေးဘူးပေါ့။လူသားတွေနဲ့ ရာသီဥတု တိုက်ပွဲတွေက ခေတ်အဆက်ဆက် ဒီလိုပဲနေနေကြဦးမယ် ထင်ပါတယ်။

ရေချမ်းနဲ့ အိုဆာကာခန်ဆိုင်းလေဆိပ်နဲ့က ဘယ်လိုအကျိုးပေးလဲ မသိပါဘူး။ လေဆိပ်ကထွက်တော့လဲ သူတို့လူဝင်မှုကြီးကြပ်ရေးက ကောင်တာပေါ် စာအုပ်နီနီလေးလှမ်းတင်ပေးလိုက်တော့ မပေးပဲထွက်သွားမှာ ကျနေတာပဲ ဆတ်ခနဲ လက်ထဲကနေ အမြန်လှမ်းယူလိုက်ပြီး လူကိုအသေအချာကြည့်လိုက် စာအုပ်ကို အသေအချာကြည့်လိုက်နဲ့ အလွတ်များ ကျက်နေလားမှတ်ရတယ်။ပြီးတော့မှ စောင့်ကြီးအောင့်ကြီးနဲ့ ထွက်ခွာတုံးထုပေးလိုက်တယ်။ငါလဲ ဘာအမှားမှမလုပ်ပဲ စာအုပ်အရောင်ကြောင့် အတော်ကိုဝတ်ကျေတမ်းကျေနိုင်လိုက်တာဗျာ။လေဆိပ်ဆိုတာ လာလည်တဲ့သူတွေ နိုင်ငံရဲ့စတင်ကြိုဆိုရာ၊နှုတ်ခွန်းဆက်သရာ အဝင်အထွက် နိုင်ငံရဲ့တံခါးဝကြီးပဲလေ။ဘာပဲပြောပြော ရေချမ်းအတွက်တော့ ဒီလေဆိပ်ကြီးဟာ အေးစက်မှုနဲ့ကြိုဆိုပြီး ခြောက်သွေ့မှုနဲ့ နှုတ်ခွန်းဆက်သပါလားလို့ပဲ ထင်လိုက်တယ်။အမိမြေမှ ရေချမ်းပြန်အလာကို မျော်နေမယ့် ချစ်ဇနီးအေးမြရဲ့ နွေးထွေးတဲ့အပြုံးတွေနဲ့ ကြိုဆိုနေမှုကိုပဲ တမ်းတမိရင်း ဘန်ကောက်သို့ထွက်ခွာမည့် လေယာဉ်ကြီးပေါ်ကိုပဲ ခြေလှမ်းသွက်သွက်လှမ်းရင်း မကြာခင်ပဲ ငါပြန်လာတော့မည် အမိမြေရေလို့ ရေရွတ်လိုက်ပါတော့တယ်။

ဆက်လက်ကြိုးစားပါဦးမည်။