>

အမိမြန်မာပြည်မှ အကြောင်းအသီးသီးဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာခဲ့ကြရပေမယ့် နိုင်ငံရပ်ခြားလဲရောက်ရော ဘာသာမတူတာတွေရော၊ တိုင်းရင်းသား ညီအကိုသွေးချင်းတွေရော၊ တစ်ဦးနှင့်တစ်ဦး တစ်ခါမျှ မတွေ့မြင်သေးစေကာမူ ဗမာစကားဟူသော ဘာသာစကား တစ်ခုတူညီစွာ ပြောဆိုတတ်ကြရုံနဲ့ပင် ငါတို့လူမျိုး၊ ငါတို့စကားဆိုတဲ့ “ရွှေ”ဟူသော မျိုးချစ်စိတ်ကလေးနဲ့ပင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြ၊ စကားပြောဆိုကြနဲ့ ရင်နှီးကျွမ်းဝင်လာကြပါတယ်။

ကျွန်တော်ဆိုလဲ ဒူဘိုင်းကိုရောက်ခါစကဆို အမြဲပဲကြားကြားနေရတာက ကုလားစကား၊ အင်္ဂလိပ်စကား ကိုယ်မိခင်ဘာသာစကားဆို နေစဉ်ကြားရဖို့ နေနေသာသာ ဝေလာဝေး။တခါတလေ ရွှေရွှေချင်း တမူးသာသူတွေက ဘူးယိုချင်ကြသေးတာ။ယိုသာယိုကြပါ ဒီစကားတွေတတ်မှလဲ ဒီနေရာတွေမှာ အလုပ်လုပ်နိုင်ရမှာ မဟုတ်လား။ရွှေရွှေချင်းကြတော့ ကိုယ်စကားကိုယ်ပြောမှ အရသာရှိမှာလေ။နောက်ပြီး အလုပ်ထဲလဲ ဒီကုလားစကား၊ အင်္ဂလိပ်စကား၊ အဆောင်မှာလဲ ဒီစကားတွေ၊ အပြင်သွားလဲ ဒီစကားတွေ ဘယ်နေရာရောက်ရောက် ဒီအသံတွေပဲ ကြားနေရတာ။တခါတလေ ဗမာသူငယ်ချင်းတွေ အခန်းတွေ၊အဆောင်တွေ သွားလည်မှ ဗမာစကားလေး ပြောကြရတာဗျာ။ လျာအရသာရှိလိုက်တာ။ရွှေဆိုလို့ ဒီစကားဘယ်သူစထွင်လဲမသိဘူး။ထွင်သွားတဲ့ နောင်တော်၊ အမတော်တွေကို လေးစားပါတယ်။

တခါကလဲ အလုပ်ထဲက ကုလားတစ်ယောက် သူက ဗမာတွေကို ခင်တယ်ဗျ။ သိတယ်မှတ်လား ရွှေတွေလေ မခိုဘူး၊ မကပ်ဘူး၊ မပျင်းဘူး၊ အလုပ်ဆို သေသေကြေကြေ ပြီးအောင်တော့ လုပ်တယ်ဆိုတော့။နောက် ဒီကောင်က စကားအားကြီးများပြီး ဘာအလုပ်မှ သေချာမလုပ်ချင်တဲ့ ငပျင်းဗျာ့။အလုပ်ထဲမှာ ကျွန်တော်ထက် နဲနဲကြီးတယ်ဗျ(အရင်ဆုံးရောက်တဲ့ စီနီယာလေ)။ရွှေဆိုအသေကြိုက်တယ်လေ ကျွန်တော်က အလုပ်တွေလုပ်နေရင် ဒီကောင်က လေဖမ်းပြီး ဝေလေလေလုပ်တယ်၊ မန်နေဂျာလာရင် စာရွက်လေးကိုင်ပြီး မရောင်ရာဆီလူး အလုပ်တွေများပြနေသေး။ကျွန်တော်ကလဲ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရော ဒီကောင်က အခြားကုလားတွေ ထက်စာရင် လေသာများတာ စိတ်ဓာတ်က အောက်တန်းမကျဘူးလေ။

တနေ့ ဒီကောင် ကျွန်တော်ဆီလာပြီး ကျွန်တော်တို့ရွှေစကား သူကိုသင်ပေးပါဆိုပြီး ပြောလာတယ်။ဗမာအချင်းချင်း တစ်ဦးကိုတစ်ဦး ဘယ်လိုခေါ်လဲ ဥပမာ သူငယ်ချင်းဆိုရင် ဘယ်လိုလဲ မေးတော့ ကျွန်တော်က “ရွှေ” လိုပြောလိုက်တယ်။ဒါကိုသူက သူတွေ့သမျှ ဗမာတွေကို “ဟောင်းအာယူ…ရွှေ၊ ဟောင်းအာရူး..ရွှေ” ဆိုပြီး လိုက်ခေါ်တော့တာပဲ။သူရဲ့အသံကြားရတဲ့ ဗမာအားလုံးက ပြုံးစိစိနဲ့ လုပ်ပြတော့ ဒီကောင်က ကျွန်တော်ကို ဒီရွှေဆိုတဲ့ အဓိပ္ပါယ်လာပြန်မေးတယ်။ ဘာလဲပေါ့။ ကျွန်တော်ကလဲ အင်္ဂလိပ်လို ဂိုး(Gold)လို့ ရှင်းပြလိုက်တော့ ဘာလို့ဒီလို ရွှေလိုခေါ်တာလဲမေးတော့ ကျွန်တော်လဲ ဘယ်ရမလဲ အာရှလူလည်သား မဟုတ်လား။လက်ကိုင်ဖုံးထဲမှာ သိမ်းထားတဲ့ ရွှေတိဂုံဘုရားပုံတော်ပြပြီး ဒါက ငါတို့တိုင်းပြည်က ရွှေတိဂုံဘုရား။ ရွှေတွေ အများကြီးလှုထားတာတွေ့လား။အေးဒါကြောင့် ငါတို့က ဘုရားတောင် ရွှေနဲ့လှုထားနိုင်လို့ ငါတို့လူမျိုးကိုငါတို့ “ရွှေ”လို့ခေါ်ရတာလို့ ပြောလိုက်တော့မှ ဘသာချောလဲ ခေါင်းတညိမ်ညိမ့်နဲ့ ပါးစပ်ကနေ “ရွှေ…ရွှေ” လိုဆိုပြီး ထွက်သွားပါတော့တယ်။

ဒီကုလားတွေက ဒီလိုတွေပြောထားမှ မဟုတ်ရင် ဒီကောင်တွေက ကျွန်တော်အလုပ်ဝင်စကဆို မင်းဘယ်ကလဲ ဆိုတာအရမ်းမေးတယ်။”ဘာမား”လိုပြောရင် မသိသလိုလ၊ို မကြားဘူးသလိုလို ပုံစံလုပ်ပြပြီး ဒီကောင်တွေက ဘယ်နေရာလဲ၊ဘယ်မှာလဲ စသဖြင့် မေးခွန်းတွေလာပြန်ရော။ဒီတော့ ကျွန်တော်က “မင်းတို့ ကျောင်းတုန်းက ဂျီအိုဂရပ်ဖီ(Geography)မသင်ဘူးလား။မသင်ဘူးရင်လဲ မှတ်ထား မင်းတို့အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်က အိမ်နီးချင်းက ငါတို့နိုင်ငံလေ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်ကို မသိဘူးလား။”လိုမေးတော့မှ “အို ရက်စ်..ရက်စ်။အိုင်စီး” နဲ့ ဘာတွေရက်ပြီး ဘာတွေစီးသွားမှန်းတော့ မသိဘူး တရက်ထဲရက်ပြီး ဖိနပ်ဟောင်းတွေစီးသွားမှ တိုရွှေနိုင်ငံကို ဘယ်ဆီဘယ်ဝယ်က မှန်းသိသွားပါတော့တယ်။

အဖြစ်လေးရယ်တဲ့ကြုံ ဆုံရလေတဲ့ အိုဘဲ့ရွှေနိုင်ငံ လို့သာ ဆိုလိုက်ချင်ပါတော့တယ်။

ဆက်လက်ကြိုးစားပါဦးမည်။