>

ခေါင်းစဉ်လေးကို ကြည့်ရင် စိတ်ဝင်စားမှုလေးတစ်ခုတော့ရှိကြမယ် ထင်တယ်။ကိုယ်ရောင်ဖျောက်ဖို့ ကိုယ်ပျောက်ဆေးနည်းတော့ ရှိဖို့လိုတယ် မဟုတ်လား။ဆေးနည်းက ရေချမ်းဆီမှာ ရှိတယ်ဗျာ့။နေဦး အစအဆုံးလဲ ဖတ်ဦး။ဆေးနည်းပဲ လိုချင်တယ်ဆိုပြီး ကြော်မဖတ်သွားကြနဲ့ဦး။ဟဲ..ဟဲ စကားလေးတော့ နဲနဲ ပလ္လင်ခံဦးမှပေါ့ဗျာ။ဆေးနည်းက ဟိုကလူကြီးတွေ ပြောတာပေါ့ဗျာ။(ဟိုကလူကြီးဆိုတော့ နဲနဲဝေးတယ်ဗျာ။သိပ်ကိုဝေးတယ်။ဘယ်လောက်တောင် ဝေးလဲဆိုတော့ကာ မန္တလာစကားနဲ့ဆို တစ်ပြနှစ်ပြလောက်ကို ဝေးတာ။ဝေးကြလွန်းလို့တောင် ဘယ်လိုပြောရမှန်းမသိအောင်ကို ဝေးတယ်။ဝေးလွန်းတော့ ဒုံးဝေးတယ် ပြောရမလားပဲ။ လူကြီးတွေဆိုတာ ဝေးကိုဝေးလွန်းပါတယ်ဗျာ။ဝေးတာမှ အထက်မရောက် အောက်မရောက်။အလယ်ခေါင်မှာ ရပ်ပြီး ဟောင်ဖွာဟောင်ဖွာနဲ့။ဆေးနည်းပေးတာကို ပြောတာပါ။)ဆေးနည်းက ကျွန်တော်ပြောတဲ့ ဟိုဝေးတဲ့လူကြီး ဘေးအိမ်က ဦးကြက်ဖကြီးပေးတာဗျ။ကြက်ဖဆိုလို့ ဟို Rapperကြက်ဖနဲ့ သွားမရောလိုက်နဲ့ဦး။ကြက်ဖခြင်းတော့တူတယ် ဟိုက Rapper၊ ဒီက မရေမရာ။

အဲဒီ မရေမရာကြက်ဖကြီးက ရေချမ်းတစ်ယောက် အလုပ်အကိုင်မကောင်းလို့ ငြီးငြီးနေတာ။ မကြားရက်လို့တဲ့။ဘယ်ကြားရက်မလဲ ရေချမ်းငြီးတာက အဖျားတက်နေတဲ့ လူနာတင်မကဘူး။အငြီးဆုံးဆိုပါတဲ့ ခိုတောင် ရေချမ်းငြီးတဲ့ ကာရံတွေကြားပြီး ခိုငြီးချင်းတောင် တမ်ဘို (Tambo)မကိုက်ပဲ ရိုင်းယ်(Rhyme)မထပ်ဘူးဖြစ်သွားတယ်။ ကဲ အဲဒါကြည့် ရေချမ်းငြီးချင်းတွေ ဘယ်လောက်ပေါက်လဲဆိုတာ။ရေချမ်း စီးရီးထုတ်လိုက်ကြည့် အခုခေတ် ရက်ပ်ပါလောကကြီးမှာ ဖိန့်ဖိန့်တုန်အောင် ကာရံတွေနဲ့ ရိုင်းယ်အသစ်တွေ ဟဲလိုက်ရင် ရက်ပါတွေကော၊ ပရိုဂျူဆာတွေပါ ထမင်းအိုးမှောက်ပြီး ကြေးအိုးသောက်နေရမှာစိုးလို့။စီးရီးထုတ်မယ့်အကြံ အဲဒီနေရာမှာပဲ ရပ်လိုက်ပြီး စာကလေးခွေနဲ့ ခြင်ဆေးခွေ ရီမစ်လုပ်ပြီး ရောင်းလိုက်တာ ပေါက်လိုက်တဲ့ သောက်သောက်လဲ ဝက်ဝက်ကွဲအောင်ကို ရှုံးတော့တာပဲ။မဒမ်ရေချမ်းကလဲ ပေးလိုက်တဲ့အားပေးမှု လူကိုမတွေ့လိုက်နဲ့ တွေတဲ့နေရာမှာတင် ကြိတ်မနိုင်ခဲမရဘူး ဆိုတာကြီးပဲ။(ရေချမ်းကို ဘာကြောင့် ကြိတ်မနိုင် ခဲမရလဲဆိုတာ ရူးတိုတိုး သိတဲ့လူရင်းတွေ မဖွသွားကြနဲ့ဦး။ကွာစေ့နဲ့ နေကြာစေ့အခွံတွေ။လိုက်ကောက်သိမ်းနေရမှာစိုးလို့။ဟဲ..ဟဲ တိတ်တိတ်နေရင် ပြန်လာမှ လက်ဆောင်ယူလာခဲ့မယ်။ဒေါ်သီတစ်ထုပ် နဲ့ ဂေါ်ဖီပြုတ်။ဒေါ်သီအထုပ်ကတော့ သွေးစား..အဲလေ..ဘွာတေး ယောင်သွားလို့ သွေးလိမ်း၊ ဂေါ်ဖီပြုတ်ကတော့ လိုသလိုသုံးပေါ့ဗျာ။တို့စားစား၊ သုတ်စားစာ:P)

ရေချမ်းလဲ အပိုဝင်ငွေလေးများ ဘာလေးများရမလားဆိုပြီး ဦးကြက်ဖပေးတဲ့ ကိုယ်ရောင်ပျောက်ဆေး ဖော်ရောင်းမလားလို့ ကြံနေတာ။နည်းကတော့ တကယ်တမ်း သိပ်မခက်ပါဘူး။ မသိသူကျော်လွှား၊ သိသူကောက်စားနေတဲ့ အခုလိုခေတ်ကြီးထဲမှာ ဘယ်ကိုယ်ရောင်ပျောက်ဆေး လွယ်လွယ်နဲ့ ပေးမလဲ။လိုချင်ရင်တော့ အသွားအပြန် ကားခလေးတွေ လှမ်းထားမယ်။အဲလေ ယောင်သွားလို့ မကြားသေးမှီ ကာလကမှ စပယ်ယာပြုတ်လာတာဆိုတော့ တောင်းတာလေးတွေ အကျင့်ပါသွားလို့။စပယ်ယာဆိုလို့ ကြုံတုန်းလေး လေယာဉ်စပယ်ယာဂါထာလေးပေးရဦးမယ်။ဂါထာက မဟာရွှေနိုင်ငံသွား တောလားဆိုတဲ့ လေဘတ်စ်ကားချောက်ဂျက်ယာဉ်(အဲယားဘစ်ထက် မသာတဲ့ ဂျောက်ဂျက်ဂျောက်ဂျက်နဲ့ ပြေးဆွဲလေယာဉ်)ပေါ်က လေယာဉ်စပယ်ယာလေးတွေ ပေးတဲ့ဂါထာပါ။ဂါထာပေး တေးဖြစ်မဟုတ်လား။ပေးတဲ့ဂါထာ တေးဖြစ်အောင်ဆိုကြည့်ပေါ့ဗျာ။

လက်တို့ပြီးတော့ ပြောရဦးမယ်၊
လက်တို့ပြီးတော့ ပြောရဦးမယ်။
လက်တို့တောင်းရင် ရှက်ဖို့ ကောင်းတယ်။
ဆောင်ထားကြ ဆောင်ထားကြဟေ့
အကြွေ ဒေါ်လာတန်လေးတွေ။
ဘာလုပ်ဖို့…… ဘာလုပ်ဖို့လဲ။
မင်္ဂလာဒုံဘေးမဲ့တောကြီး
ပြုပြင်ရေး အလှုခံပါတယ်ရှင့်။

အန္တရာယ်လဲကင်း၊ ဘေးလဲရှင်းတဲ့ဂါထာပါ။ဘေးရှင်းဆိုတာ ပေးသာပေးပေါ့ ကိုယ့်နဘေးရှင်းမရှင်းဆိုတာလဲ ကြည့်ပေါ့။မဟုတ်ပါဘူး ဘေးမဲ့တောဆိုတော့ အကောင်ဘလောင်တွေ ရန်ကကြီးတယ်မဟုတ်လား။တော်ကြာ ဘာကောင်တွေ ညာကောင်တွေ ထွက်လာမှာဆိုးလို့ပါ။သိပ်လဲတွေးပြီးလဲ မရယ်ကြနဲ့ဦး။:P

ရေချမ်း ခင်ဗျား ဆေးနည်းပေးရမှာမို့လို့ အချိန်ဆွဲနေတာမှတ်လားဆိုပြီး ပြောမနေကြနဲ့ဦး။မဟုတ်ဘူးလား ဆိုတော့ ဟုတ်ပါတယ်။ဆေးနည်းက ကိုယ်လဲ လွယ်လွယ်နဲ့မရခဲ့တော့ ဘယ်လိုလုပ် ရော့…အင့်ဆိုပြီး လွယ်လွယ်နဲ့ ပေးလို့ဘယ်ဖြစ်မလဲ။ခုနက ဂါထာလို လွယ်လွယ်ပေးတော့ ဆေးမဖြစ်ပဲ တေးဖြစ်သွားမှာဆိုးလို့။

ခင်မြားဗျာ.. ဆေးနည်းများ ပေးမှာဖြင့် မြန်မြန်မပေးဘူး။အိုင်တင်တွေ။မူလကျီတွေ။ဘူလချီတွေ။ဘာဂျီတွေ(ကုလားပြည်အနေကြာသွားတော့ ကုလားစကားတွေရောသွားတာ) လုပ်နေတယ်လို့ အထင်တော့ ခပ်စောစော မစမောပါနဲ့ဦး။ကျွန်တော်လဲ စင်ပေါ်ရောက်တုန်း ကိုယ်ပဲအလှည့်ဆိုပြီးတော့ အပြတ်ကို ဟဲချင်သေးတာပေါ့။ “ အချစ်ရေ ကိုယ်ဟာ မုဆိုးမပါ။အချစ်ရေ ကိုယ်ဟာ နတ်ဆိုးလေးပါ။”ရေချမ်းအရင်တုန်းကပေါ့။သီတင်းကျွတ်ရေကျော်ပွဲတွေ လုပ်ရင် ဘာရမလဲ ကိုယ်ရဲ့ အသံပြာ၊အသံဝါ၊အသံနက်၊ အသံတက်ဂနီကာလာစုံနဲ့ စတိတ်ပေါ်တက်ဟဲချင်တာပေါ့။ဟဲသာဟဲချင်တာ သီချင်းဆိုရင်တောင် စာသားက အပြည့်အဝမရဘူး။ဟိုနားစပ်စပ် ဒီနားစပ်စပ် ပြတ်တောင်းပြတ်တောင်းနဲ့ လဒကြီး လှည်းကြိတ်ထားတဲ့ အတိုင်းပဲ။ရေချမ်းအမေကဆို “စင်ပေါ်တက်မဆိုပါနဲ့လားသားရယ်။အားပေးမယ့် ပရိတ်သတ်တွေကြောင့် အမေတို့အိမ်လေး တိုက်ဆောက်စရာ အုတ်ခဲတွေရနေပါဦးမယ်”တဲ့။
“အရင်ထဲက မကြီးတဲ့ အထင်များ သေးလိုက်တာအမေရယ်။ရေချမ်းအသံ မိုးထက်ညံအောင်ကို ဆိုပြဦးမှာပါ။အားပေးမယ့်လူမရှိလဲ နားလေးလို့သွားရအောင်တော့ ရေချမ်းဆိုနိုင်ပါတယ်ဗျာ။”

ဒီပွဲမျိုးမှာ ရေချမ်းမဟဲရလိုတော့ မဖြစ်ဘူး။ရေချမ်းလိုက်နေတဲ့ နောင်မဒမ်ချမ်းဖြစ်လာမည့် အေးမြလဲ လာနားထောင်မယ်ဆိုတာ သိနေတယ်လေ။သူကြွေအောင် မကြွေရင်လဲ ပင်စည်ကနေ လှုပ်ချရမှာပဲ။လှုပ်ချလို့မှ ပြုတ်မကျရင် တုံးခုပြီးခူးမယ်။တုံးခုလိုမှ လှမ်းမရရင်၊ လှေကားတက်ခူးမယ်။ဒါပေမယ့် ငါဟာ လှေကားငှားရမယ်။(ဦးလွှမ်းမိုးစာသားကို ရေချမ်းက ကော်ပီလုပ် စာသားပြောင်းဟဲမှာ)

ရပ်ကွက်လူကြီးကိုလဲ စင်ပေါ်တက်နိုင်ဖို့ ကန်တော့လိုက်ရတာ ဖင်ဘူးထောင်းကို ထောင်နေတာပဲ။(ထောင်မှာပေါ့ဗျာ အစမ်းဟဲတာတွေများလို့ ဟိုခေါင်းထွက်သွားတာ) ပြန်ကိုမထနိုင်ဘူး။ဦးနဲ့ ကြမ်းနဲ့တိုက် ရတာလဲ အကြိမ်ပေါင်းကိုမနဲဘူး။ဦးက ကြမ်းကို တိုက်လိုက်၊ ကြမ်းကလဲ ဦးကို တိုက်လိုက်နဲ့။နောက်ဆုံး ရပ်ကွက်လူကြီးသမီး ကြမ်းကြမ်းဆိုတဲ့ ကလေးမလဲ ဦးနဲ့ လိုက်ကိုပြေးသွားတယ်။အတိုက်ကိုမခံတော့တာ ကျောက်ဆောင်တွေတောင် တိုက်ပါများ နဲ့သေးဆိုသလိုပေါ့။ကြမ်းကြမ်းလဲ လူပဲ တိုက်ပါများတော့ ချစ်လာတာပေါ့။ချစ်ပါများတော့ အင့်(တမျိုးမထင်နဲ့ဦး အချစ်တွေများလာလို့ ရင်ထဲ ပြည့်အင့်လာတာကို ပြောတာပါ။)အင့်ပါများတော့ ကြမ်းကြမ်းဆိုတဲ့ကောင်မလေးလဲ ဦးလက်ထဲပါသွားတာပေါ့ဗျာ။ဟဲ..ဟဲ ရေချမ်းရေးနေလို့ ဦးဆိုတာ ရေချမ်းလာလို့လဲ မထင်လိုက်နဲ့ဦး။ဦးဆိုတာ ဟိုကိုယ်ပျောက်ဆေးပေးတဲ့ ဦးကြက်ဖကြီးပါ။ ရေချမ်းလား ဒီလိုဦးနဲ့သမီးဇာတ်လမ်းတွေ ဘယ်လုပ်မလဲ။

အဲဒီတုန်းကများဗျာ ကြမ်းကြမ်းအဖေ ရပ်ကွက်လူကြီးလဲ သူသမီးလုပ်ဇာတ်ကို ရှက်လို့ သူ့မျက်နှာ ဘယ်နားထားရမလဲလို့ ဒေါသလှိုင်လှိုင်ထပြီး ပြောပြောနေတာ။ချောင်းကြည့်နေတဲ့ ရေချမ်းလဲ ကြားဖန်များတဲ့ ဓာတ်ပြားဟောင်းဖြစ်ဖြစ်လာတော့
ဦးလေးရေ ……ဦးလေးမျက်နှာကြီး ထားစရာမရှိရင်လဲ ရာမဇာတ်ပွဲထဲက ဒဿခေါင်းနဲ့သာ လဲထားလိုက်တော့ဗျာ
လို့ဆိုပြီး အော်လဲပြေး။ ဦးကြက်ဖဆီ ရောက်နေတဲ့ ကြမ်းကြမ်းအဖေ ဒေါသလဲ ရေချမ်းနောက် တောက်လျောက်ကို လိုက်တာ တွေးသာကြည့်တော့ဗျာ။လိုက်ရင်းနဲ့ မော။မောရင်းနဲ့ ပြေး။ပြေးရင်းနဲ့ ဆွေးနေတဲ့ သူဖိနပ်သဲကြိုးကြီး ဗြုတ်ခနဲပြတ်။ ဘုတ်ခနဲဆိုပြီး မှောက်ယှက်လဲတာ ရပ်ကွက်လူကြီးလဲ ကာယားကြီးကို လန်လို့။တော်သေးလို့ဗျ လန်သာလန်သွားတာ အောက်ခံလေးတစ်ထပ်ပါတော့ ပြန်လှည့်ကြည့်တဲ့ ရေချမ်းလဲ ပြုံးဖြီးဖြီးနဲ့ လျှပ်တပျက်ရိုက်ချက် မခံလိုက်ရတာ။

ဦးကြက်ဖတို့ ဦးနဲ့သမီးအတွဲကတော့ ဦးနဲ့ဇနီးဖြစ်သွားကြပါပြီ။ ကြားထဲက ရေချမ်းကတော့ အချောင်ပါးစပ် စပ်ဆော့မိလို့ စင်ပေါ်တက်ရမည့်အရေးနိမ့်ခဲ့ရတယ်ဗျာ။

ပြောနေရင်းနဲ့ မရေမရာကြက်ဖကြီးပေးတဲ့ ကိုယ်ရောင်ပျောက်ဆေးပေးဖို့ကို မေ့သွားတယ်။ဒီကိုယ်ရောင်ပျောက်ဆေးကို ဦးကြက်ဖကလည်း သိပ်မပေးချင်ဘူး။သူမိန်းမခိုးစဉ်က သူယောက္ခထီး သူအပေါ်ကျနေတဲ့ ဒေါသတွေကို လမ်းကြောင်းပြောင်းပေးခဲ့လို့ဆိုပြီး ရေချမ်းကို ပေးလိုက်တာ။မဟုတ်လို့ကတော့ သူဆေးနည်း ဘယ်သူမှ မရဘူး။ဒီဆေးနည်းက ဂါထာတော့ရွတ်ရတယ်။ဆေးမြစ်တွေလဲ တူးရတယ်။ဆေးအညွန်းလဲ ပါတယ်။နဲနဲတော့ခက်သဗျို့။ဘာပဲဖြစ်ဖြစ် ကိုယ်ရောင်ကြီးတောင် ပျောက်မှာဆိုတော့ လုပ်ချင်လုပ်ကြည့်ကြပေါ့ဗျာ။ပထမဦးစွာ ဝိဇ္ဇာတွေ(ကာတွန်းဝိဇ္ဇာလို့ မထင်လိုက်နဲ့ဦး။)၊ဇော်ဂျီတွေလိုပဲ မဟာမြိုင်တောကြီးထဲဝင်ပြီး ဟိုဟိုဒီဒီ ပေါက်ပန်းလေးဆယ်အမြစ်တွေတူးနေရင်းရင်းက အောက်ပါဂါထာကို-

ဥုံ ရတာမလို လိုတာမရ
အဲဒါငါ့ ယောက်ခမ၊
လိုတာမရလို့ ရတာဆွဲယူ၊
မလောက်သေးဘူး ပြောပြောနေတဲ့
ဒါလားဟဲ့ ငါ့ယောက်ခထီး၊
သူတို့လိုအင်တွေ ဖြည့်မပေးနိုင်တဲ့
ငါ့လိုသမက်လောင်းကို
လာဟဲ့ အပ်ချလောင်း
မြောင်းထဲကို ဂျောင်း
ဆိုပြီး အထက်ပါ အောက်ပါ အဝီစိပါမကျန်အောင် စိတ်ထဲမှာမှတ်ပြီး ရွတ်နိုင်သလောက် များများရွတ်။များများရွတ်လေ မြန်မြန်ပျောက်လေပဲလို့တောဆိုသတဲ့ဗျာ။

ဆေးကျမ်းအဆိုကတော့
ချိုသောအဆင်းရှိဧ။်
ရသတဏှာကိုစား၏ ။
ရာဂဘ၀င်ကို ဖန်စေ၏ ။
ရှိုက်မက်သော အတွေ့ဖြစ်စေ၏ ။
အသိဥာဏ်ကို မှိုင်တွေ၏ ။
လုံးစုံဘ၀ကို ချုပ်စေ၏ ။
ထိုသို့ ဖြစ်ကုန်သော်
(၀ါ) ဖြစ်လာလတ္တံသော်
ဘောဇနကျမ်း အလိုအရ
” အချစ် ” ဖြစ်၏……….။

ဆေးအညွန်းမှာရေးထားတာဖတ်လိုက်ကြည့်ကြပါဦး။

ကြမ်းပိုးအမတစ်ကောင်၏ အပေါ်အရေခွံကို ခွာပါ… ထို့နောက် ဆား စာပွဲတင်ဇွန်းတစ်ဇွန်းကို မီးကင်ပြီး ၃ ရက်တိတိနေလှန်းပါ….
နေလှန်းထားသော ဆားနှင့် ငြုပ်ကောင်းစေ့ကို ဆတူရောထောင်းပြီး ရေနွေးဖြင့် ကျက်အောင်ပြုတ်ပါ။
နေပူ ၆ လတိတိ ပြပါ…။ပုလင်းတစ်လုံးထဲ ထည့်ကာ မြေအောက် ၆ ပေအနက်တွင် ၆ လ ထပ်မြှုပ်ထားပါ…
၆ လကြာလျှင် အဆိုပါ ပုလင်းကို ဖော်ပြီး မိမိပျောက်စေချင်သောနေရာတွင် လိမ်းပါ။😛
ကျွန်တော်ကတော့ မရေမရာကြက်ဖကြီးပေးတဲ့ ဆေးပုလင်းအညွန်းစာကိုဖတ်ပြီးမှာတဲ့အတိုင်းလုပ်တာ ပြောက်တယ်ဗျာ။ပြောရင်းမှ သတိရတယ်ဗျာ။ကျွန်တော်ခေါင်းစဉ်က “ကိုယ်ယောင်ပျောက်ဆေး” တဲ့။ဆော်ရီး စာလုံးပေါင်းမှားသွားလို့ဗျာ။:P တာ့တာဗျာ။ဘိုင်းဘိုင်း။

ချမ်းလင်းနေ

ကျွန်တော် အမြဲသွားငေးနေကြဖြစ်တဲ့၊ ကျွန်တော်ရဲ့ စာများကို လာရောက်အားပေကြတဲ့ ညီအကိုမောင်နှမ ဘလောဂ်ဂါများဖြစ်ကြသော
အမအပြုံးပန်း၊ မရောင်(မေတ္တာရောင်ပြန်)၊ တောထဲကဇာတ်လမ်းလေးတွေရေးတဲ့ မငယ်နိုင်၊ ဟင်းကောင်းတွေ ချက်ချက်ကျွေးတဲ့ မဂျာ(ဂျာမုန်းဒန်)၊ တကယ်တမ်းမာယာ မများတတ်တဲ့ မနှင်း(နှင်းနဲ့မယာ)၊ ကန္တာရကြီးကို မိုးတွေသည်းပေးတဲ့ မငုံ(ကန္တာရမိုးစက်များ)၊ ရန်ကုန်မှာ အလည်သွားနေတဲ့ ညီမဇော်(ကျွန်တော်တို့အိမ်)၊လေထဲမှာပဲ ဝဲပျံနေတဲ့ ညီမကောင်းကင်(ကောင်းကင်သမီးပျို)၊ ကန္တာရမြေကို ကျောခိုင်းတော့မည့် ညီမDIM(ဖြူစင်ကြယ်) ၊ချည်ပေါင်မစားရရှာဘူးဆိုတဲ့ ညီမ စိတ်၏ဖြေရာ၊တစ်ကို အမြဲဦးအောင် နေရာယူတတ်တဲ့ ညီမ ဝက်ဝံကလေး ၊မေမြို့မှာသွားနေချင်တဲ့ ညီမအနော်၊နို့သောက်ပြီးနိုး (No)နားထောင်တယ်ဆိုတဲ့ညီမနေခြည် ၊ c for chan ကို တဂ်သွားတဲ့ ညီမဝိုင်း၊အမလား ညီမလားမေးထားတာ မပြောသေးတဲ့ အမရာ၊ မောင်လေး(ကောင်လေးငယ်)နဲ့ စာအတူတူ ရေးကြတဲ့ မချစ်ရ၊ yakiniku ကြော်ကျွေးတဲ့ ခွန်သဒ္ဒါ၊ နှုတ်ဆက်ခြင်းကဗျာနဲ့ ရှေးဆက်မတိုးသေးတဲ့ ညီမကြယ်ဖြူစင်၊ စိတ်ထဲရှိရှိသမျှဆိုပြီး ကဗျာလေးရေးတဲ့ ရွှေညာသူလေး(ခ)မိုးစက်ပွင့်လေး၊ မန္တလာသူလေး မန်းလေရူး၊ မချိုကိုးသဇင်၊ဖိတ်စာနဲ့တကွ ကြွလာပြီးမှ လက်မှက်ပြောက်သွားပါတဲ့ လင်းကြယ်စင် ……..

လာပြီလာပြီ ဘရိုတို့ရေ။ မိန်းကလေးတွေချည်းပဲ မဟုတ်ပါဘူး (Lady Fat ဆော်ရီး Lady First:P)တွေမို့လို့ပါ။

အလုပ်တွေနဲ့ ပိပြီးပြားနေတဲ့ သယ်ရင်းကြီးအယ်ကေဖြူ(လင်းကြယ်ဖြူ)၊ ဆရာမင်းလူစာတွေ ကြိုက်တဲ့ ကိုရေတမာ၊ အတွေးအားအားကောင်းကောင်းနဲ့ ကိုလူထွေးကြီး၊ သုတစွယ်စုံကြီး ကိုတာ(ကိုပီတာ)၊ကဗျာတွေ လှိမ့်ရေးတဲ့ ကိုဟန်၊ဇော်နဲ့ မွေးရက်တူလတူ ညီလေးဖိုးစိန်၊ချစ်ဇနီးချောရဲ့ ကိုယုယ
(ဓာတ်ပုံထဲမှာတွေ့ဘူးတာ။:P)၊ ထိထိမိမနဲ့ အတွေးကောင်းဝတ္ထုတို လေးတွေရေးတဲ့ ကိုနွေဆူး(နွေဆူးအလင်္ကာ)၊စာသားလှလှလေးတွေ အရောင်ခြယ်ကဗျာဖွဲ့တဲ့ ညီလေးမိုးစက်အိမ်၊ သိဟ်ရာသီဖွားများဖြစ်ကြတဲ့ သူငယ်ချင်းသီဟသစ် နှင့် ညီလေးဧရာဝတီသား(ပျောက်ချက်သားကို ကောင်းနေတာ။)၊ ရန်ကုန်ပဲ သတိရနေတဲ့ စိုင်း(စိုင်းလောင်ပိန်း)၊ အတွေးနဲ့နှိပ်စက်နေတယ်ဆိုတဲ့ ကိုနေစိုးနိုင်၊ ဒဒွေးက ကိုမိုးမှောင်၊ ငါကိုနားလည်ပါဆိုတဲ့ လင်းငယ် (လင်းငယ်၏ စာအုပ်လေး တစ်အုပ်)၊ မအိမ်ကံ အခန်းဆက်ကြီးရေးနေတဲ့ ကိုရီနိုမာန်၊ ဘရိုလို့ ခေါ်တတ်တဲ့ ညီလင်းဆက်၊ သိလား?(သိဘူး။:P)ဆိုတဲ့ အဖြူလေး၊ မလေးမြေမှ ညီလေးခရာတွန်၊ သူစာတွေပြန်ရေးသွားမှ ဟင်းချလိုက်မိတဲ့ မြစ်ကျိုးအင်း(စာရေးကောင်းသူတစ်ယောက်မို့ ပါ)၊ မောင်လှမျိုး(ချင်းချောင်းခြံ)ကို ကြိုက်နှစ်သက်လို့ပါဆိုတဲ့ ရင်ဘတ်ကြီး (ခ)ဘကြိုင် (ချဉ်ပေါင်ခြံ)၊ ကဗျာအားအရမ်းကောင်းတဲ့ ကောင်းကင်ကို၊ ကျောက်တွေကြည့်ပြီး ပြုံးနေတတ်တဲ့ ငချမ်းကောင်၊ အိုင်တီအကြောင်းတွေ ရေးကြတဲ့ ညီလေး လောလောဆည် နှင့် ညီနေမင်း၊ မချစ်ရရဲ့မောင်လေး ကောင်ငယ်လေး၊လနဲ့ချီ ပြောက်နေတဲ့ ခေတ်ခမ်းကောင် ။ရေးရင် အများကြီးဗျာ။နာမည်မရေးမိခဲ့တာရှိရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါ ခင်ဗျာ။

ကျွန်တော် အခုကနေ တစ်လတိတိ ကိုယ်ရောင်ပျောက်တော့မယ်ဗျာ။စာတွေ လာမဖတ်နိုင်တာကိုတော့ ခွင့်လွှတ်နားလည်ပေးပါ။(ခွေးတော့မလွှတ်လိုက်နဲ့နော်။:P)

ကျွန်တော့်ဘလောဂ်ကို အမြဲလာလည်ကြတဲ့ နာမည်ပါတဲ့ သူများကော၊ မပါတဲ့သူများဖြစ်သော၊ ခေတ္တမျှ ခြေရာချသွားကြသော၊ နောင်လာလည်ကြဦးမည့်သူများကော သူငယ်ချင်းမိတ်ဆွေ ညီအကိုမောင်နှမများကိုလဲ ကျွန်တော်ရဲ့ဇာတ်ကောင် မောင်ရေချမ်းနှင့်အတူ ကျွန်တော် ချမ်းလင်းနေမှ အမြဲ ကျေးဇူးတင်နေပါမည်။နောက်နောင်များကိုလဲ လာရောက်လည်ပတ်ဖို့ပါ ထပ်မံဖိတ်ခေါ်ပါသည်။စာအရေးအသားမှာ တစ်စုံတရာမှားယွင်းမှုများရှိခဲ့လျှင်လည်း သည်းခံနားလည်းပေးကြပါ ခင်ဗျာ။ကိုယ်ရောင်ပျောက်ဆေးနဲ့ ကျွန်တော့် ကိုယ်ယောင်နေတာတွေ ပျောက်သွားပေမယ့် ကျွန်တော်စာတွေ အပတ်စဉ် ထွက်လာကြမှာပါ။စာကို စိတ်ရှည်စွာ ဖတ်ရှုသွားကြတဲ့ အတွက် ကျေးဇူးပါ။ကျွန်တော်စာတွေ ဖတ်ပြီး ပျော်ရွှင်ကြည်နူး ပြုံးပျော်နိုင်ကြပါစေဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။