>

အလျားအနံတော့မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်ဆိုတဲ့ စကားလေးက လူတိုင်းလူတိုင်း ကြားဖူးနေကြပါ။မေတ္တာတရားအကြောင်းကို ပုံနှိုင်းပြကြတဲ့ စကားလေးပါ။လူသားတွေဟာ တစ်ဦးပေါ်ကို တစ်ဦးက မေတ္တာသက်ရောက်မှုရှိမယ်ဆိုရင် မှန်သားပြဒါးပြင်ပေါ် အလင်းကျရောက်လာလို့ တဖန်အလင်းပြန်တဲ့ သဘောတရားလိုပေါ့ မေတ္တာတရားဟာလဲ အမြဲတမ်း စတင်ပို့လွှတ်တဲ့သူဆီကို တနည်းတဖုံ ပြန်လည်ရောက်ရှိလာတတ်စမြဲပါ။ ဒီလိုအကြောင်းကျိုးတရားတွေကြောင့် လူသားတွေ တစ်ဦးပေါ်တစ်ဦး မနာလိုဝန်တိုစိတ်၊ ခိုက်ရန်ဒေါသ ဖြစ်လိုစိတ် အရှင်းနဲ့ မေတ္တာထားခဲ့ကြလို့ ငြိမ်းချမ်းတဲ့ သာယာကြည်နူးဖွယ်ကောင်းသော အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ကြဖူးပါတယ်။ ဒီလိုအကြောင်းတရားတွေဟာ အခုလဲ ရှိနေဦးမှာပဲ။နောင်လဲ လာကြဦးမှာပါပဲ။
မေတ္တာတရားရဲ့ အင်အားကြီးမားပုံကိုတော့ လူတွေအတော်များများ သိရှိခံစားနားလည်ဖူး ကြပါလိမ့်မည်။မေတ္တာတရားဟာ လူသားတွေတင်ပဲလား၊ ဒီသတ္တလောကကြီးပေါ်မှ အခြားခြားသော သက်ရှိသတ္တဝါတွေ အပေါ်မှာလဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန်သက်ရောက်မှုတွေကို ဖြစ်ရပ်မှန်သတင်းတွေ၊ ရုပ်ရှင်တွေ၊ မျက်မြင်ကိုယ်တွေ့တွေ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ မြင်ကြ၊ တွေ့ကြ၊ သိမြင်ခံစားဖူးကြမှာပါ။


+++++++++++++++++++++++++++++++++++++++++++++++++++++++

အချိန်ဆိုတဲ့ကာလတွေဟာ သက်တမ်းနှင့် အမျှကို ဝေးကွာသွားတတ်ကြပေမယ့်လဲ ဖြစ်ပျက်ခဲ့ကြတဲ့ အမှတ်တရ ရှိမှုလေးတွေကတော့ စိတ်နှလုံးသားသဏ္ဍာန်ကနေ ဘယ်နည်းဘယ်ပုံနည်းနှင့်မျှ ရွှေ့ရှားပျောက်ကွယ် သွားလေ့မရှိကြပါဘူး။တခါတရံမှာသာ မေ့ပျောက်ကောင်း မေ့ပျောက်သွားတတ် ကြပေမယ့်လည်း အလားတူ ဖြစ်ပျက်မှု၊ တိုက်ဆိုင်မှုလေးတွေကို ပြန်လည်တွေ့ရှိရတိုင်း မိမိတို့ခံစားဖူး၊ ဖြစ်ပျက်ခဲ့ဖူးသော အဖြစ်အပျက်ကလေးတွေဟာ ပြန်လည်မှတ်မိလာတတ် စမြဲပါပဲ။

တနေ့ ရေချမ်း ရုံးထဲမှာ အလုပ်ပါးလို့ နက်ထဲဝင်ကြည့်ရင်း ကိုပီတာတင်ပြထားတဲ့ လူသားသခင်က အလွန်တရာမှ ဆိုးရွားလွန်းလို့ သေဒဏ်ပေးထားတဲ့ သူရဲ့ခွေးကြီးကို ကာကွယ်လိုတဲ့ မေတ္တာအကြောင်းလေးဖတ်ရတော့ ရေချမ်းတစ်ယောက် ဟိုးအတိတ်ငယ်စဉ်က သူနှင့် ကောက်ရတို့ ပုံရိပ်လွှာလေးကို မြင်မိရင်း……………………………………………………………။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

“တယ် ဒီခွေးမ သတိထားဟေ့ ….လူတွေကိုလဲ လိုက်ကိုက်နေတယ်။ဟဲ့ကလေးတွေ အနားမကပ်ကြနဲ့နော်။ဒီခွေးမကြီးက သားကျထားတာ၊ သူ့ကလေးတွေနားကပ်မှာဆိုးလို့ လမ်းသွားလမ်းလာ လူတကာကို လိုက်ဟပ်နေတာ။”
အထက်ပါ မအေးသန်းရဲ့ ခုနှစ်အိမ်ကြား သူ့အသံပြဲကြီးနဲ့ လမ်းသွားလမ်းလာများ၊ ကလေးများကို အော်ပြောပြီး သားကျပြီးကာစ ခွေးမကြီးရဲ့ လူတကာကို ရန်လိုနေမှုကို အော်ပြောရှင်းပြနေတာကို ရေချမ်းတစ်ယောက် အိမ်ပေါ်မှ အတိုင်းသားကြားနေရသည်။ဒီခွေးမကြီးကလဲ သူအရင်စံပျော်ရာ ရေချမ်းအိမ် မျက်စောင်းထိုးလောက်က ညောင်ပင်ကြီးအောက်မှာပင် သူ့ကလေးတွေကို မွေးခဲ့တာ ရက်ပိုင်းလေးပဲ ရှိဦးမည်ထင်သည်။

ဒီညောင်ပင်ကြီးက လမ်းနှစ်ခွဆုံထိပ်လေးတွင်ရှိပြီး ထိုနှစ်လမ်းလုံးမှလဲ ဈေးဘက်ကို သွားလို့ရ၍ ဒီလမ်းဆုံလေးသည် ဘယ်အချိန်ကြည့်ကြည့် ဈေးသွားဈေးလာဖြင့် ကင်းလှသည်မရှိလှပေ။ နောက်ပြီး တစ်ချို့ဈေးသွားသူတွေကလဲ ဈေးအသွားကို ဈေးထိပ်အမှိုက်ပုံကြီးမှာ ပြစ်ရန် အမှိုက်ထုပ်လေးတွေကို ဈေးခြင်းထဲထည့်လာတတ်ကြသည်။သူတို့တွေက ညောင်ပင်ကြီးအောက်နားက ဖြတ်သွားတိုင်း ဒီခွေးမကြီးက သူတို့ရဲ့ စားကျွင်းစားကျန် အနံအသက်ကြောင့် သူတို့နောက်က ကောက်ကောက်လိုက်ပြီး အစာတောင်းလေ့ရှိသည်။ဒါကို တချို့ ခွေးကြောက်သူ၊ သူတို့နောက်ခွေးလိုက်တာ မကြိုက်သူတချို့ကတော့ ခွေးမကြီးကို ဟိန်းလွှတ်ကြ၊ ခြောက်လွှတ်ကြသည်။ သနားဓာတ်ခံရှိသူတွေကတော့ ညက ဟင်းကျန်ကျွေးကျန်လေးများကို ကျွတ်ကျွတ်အိတ်လေးတွေနှင့် ထုတ်လာပြီးချကျွေးတတ်ကြသည်။

ရေချမ်းကတော့ ညဘက် ဒီခွေးမကြီးအတွက် ထမင်းကြမ်းအချို့နဲ့ ဟင်းကျန်ကလေးများ နယ်ဖတ်ပြီး ခြံထောင့်မှာ သူအတွက် စာခွက်လုပ်ပေးထားသည်။ဒါကြောင့်လဲ ဒီခွေးမက ညနေပိုင်းဆို ရေချမ်းတို့ အိမ်ဝန်းကျင်မှာ တဝဲလည်လည်ရှိနေတတ်သည်။ရေချမ်းက ဒီခွေးမကြီးကို “ကောက်ရ”လို့ သူ့ဘာသာ အမည်ပေးထားသည်။ ခွေးမကြီးကလဲ သူ့နာမည်ကိုသိသည်။အစာကျွေးခါးနီး “ကောက်ရရေ” ဟုခေါ်လိုက်ရုံဖြင့် အမြီးလေးတနှံနှံဖြင့် ပြေးလာတတ်ပြီး သူ့အစာကို မစားသေးမှီလဲ ရေချမ်းကို ကျေးဇူးတင်ကြောင်း သူ့မျက်လုံးတွေဖြင့် ကြည့်ပြောတတ်သည်။

တခါတုန်းကလဲ ကောက်ရကြောင့် ရေချမ်းတို့အိမ်ကို သူခိုးကပ်တာမိသွားခဲ့ရဘူးသည်။ မနက်လင်းအားကြီး လူတွေအိပ်ကောင်းချိန်ပေါ့ ကောက်ရတစ်ကောင် တခါဘူးမျှ အူသံရှည်ရှည်မဆွဲဘူး။ ဟောင်လဲ တစ်ချက်နှစ်ချက်လောက်ဟောင်ပြီး တိတ်သွားတတ်သည်။အဲဒီနေ့မှ ရေချမ်းအဖေကလဲ “ဒီခွေးမ သူ့လလဲမဟုတ်သေးပဲ ဘာကြောင့်အူနေတာလဲမသိဘူး”ဟု သတိထားပြောသည်။နောက်သူ့အသံက အူယုံတင် မဟုတ်သေး တစ်ချက်တစ်ချက် ရေချမ်းတို့အိမ်ရှေ့တဲ့တဲ့ကြီးမှာ လာဟောင်သေးတယ်။အဖေလဲ ထူးခြားတယ်ဆိုပြီးထကြည့်တာ ကိုရွှေငတက်ပြားက ခြံထောင့်က စံပယ်ရုံကြီးထဲမှာ ရှေ့ထွက်မရ နောက်ထွက်မရပဲ ဖြစ်နေတာ အဖေကတွေ့သွားပြီးမိသွားသည်။သူက ဘယ်ရှေ့တိုးထွက်နိုင်မလဲ ကောက်ရမက သူအရှေ့က ပိတ်ပြီးဟောင်နေတာ။သူခိုးက အဲဒီမှာ ဂိမ်တာပဲ ရှေ့တိုးရင်လဲ ခွေးမပါးစပ်က ဖြဲဖြဲကြီးနဲ့အဆင်သင့်၊ နောက်ဆုတ်ရင်လဲ ရေချမ်းအဖေက ကိုးသင်းချိုင်းဓားကြီး တဝင့်ဝင့်နဲ့ မတတ်သာတဲ့အဆုံး စံပါယ်ရုံထဲမှာပဲ တဟင့်ဟင့်နဲ့ ရှိုက်ငိုရတဲ့ အဆင့်ရောက်သွားပါတယ်။ (ကိုးသင်းချိုင်းဓားဆိုတာက ရေချမ်းတို့ရပ်ကွက်က ချိုင်းရောင်တဲ့ကိုသင်း လာအပေါင်ခံထားတဲ့ ကိုသင်း(ချိုင်း)ရဲ့ဓားမပါ။အခုတော့ သူလဲ လာမရွေးနိုင်တော့လို့ ရေချမ်းအဖေလက်ထဲ ရောက်လာတာပါ။:P)

ကောက်ရနဲ့ ရေချမ်းတို့အဖေ မျက်လုံးချင်းဆုံပြီး အပြန်အလှန် ကျေးဇူးသက်ကာရတွေ တင်လိုက်ကြသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီနောက်ပိုင်းမှာ ကောက်ရလဲ သူ့ညောင်ပင်အောက်ကနေ အတော်လေးကြာအောင် ပြောက်သွားသည်။ရေချမ်းတို့မိသားစုလဲ သူလာနေကြ ညနေတိုင်းအစာလာမစားတော့လဲ သူကိုမေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြသည်။အစာခွက်ထဲမှာတော့ အစာတွေထည့်မြဲတိုင်းတော့ ထည့်ထားပေးသည်။ကောက်ရကြီး ပြန်ရောက်လာလို့ ဗိုက်ဆာရင်စားလို့ရအောင်တဲ့ သူမဟုတ်လဲ အခြားကောင်တွေ စားကြစေဆိုတဲ့ သဘောနဲ့ ညတိုင်းရေချမ်းကို အဖေက ကောက်ရရဲ့အစာခွက်ကို သွားဖြေ့ခိုင်းလေ့ရှိသည်။

တနေ့ ရေချမ်းအစာခွက်ဖြည့်နေရင်း ဟဲဟဲနဲ့ မောဟိုက်တဲ့ အသံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ ကောက်ရပြန်ရောက်လာသည်။လျာတန်းလန်းနဲ့ အဝေးကြီးက လာပုံလဲရသည်။သူကြည့်ရတာ အစာလည်း ဝဝလင်လင် မစားရခဲ့ဟန် ပိန်လှီခြောက်သွေ့နေသည်။ရေချမ်းလဲ “ကောက်ရ လာ…လာ”လို့ လက်ယက်ခေါ်လိုက်တော့ ထိုင်နေရာမှ ရေချမ်းနားထလာသည်။ရေချမ်းက သူနားခေါင်းလေးပွတ်ပြီး ဘယ်ပျောက်နေတာလဲမေးတော့ နားလည်ဟန်ဖြင့် မေးငေါ့ရင် မျက်လုံးအဝိုင်းသားဖြင့် ရေချမ်းကို မော့ကြည်နေသည်။နောက်ရေချမ်း သူ့အတွက် အစာကို အစာခွက်ထဲတည့်ပေးတာ ပြီးအောင်ထိုင်စောင့်နေသည်။ အစာထည့်ပြီးပြီဆိုမှ အစာခွက်နားလာပြီးစားသည်။

နောင်လအတန်ကြာတော့ ရေချမ်းအဖေက “ကောက်ရမမှာ ဇီးရှိလာပြီ ဧကန်န ဒီကောက်ရမ အရင်ပျောက်သွားတာ ချစ်သူအသစ်တွေ့သွားလို့ လိုက်သွားတာထင်တယ်”လို့ ရေချမ်းအဖေက ကဗျာဆန်ဆန် ကောက်ချက်ချလိုက်သည်။မကြာပါဘူး ကောက်ရမမှာ ခွေးပေါက်ကလေး လေးကောင် ပေါက်လာပြီး လမ်းပေါ်က ဈေးသွားဈေးလာတွေ သူ့ကလေးတွေ လာကြည့်မှာစိုးလို့ထင်တယ် တွေ့သမျှလူကို လိုက်ဟောင်နေသည်။ရေချမ်းတို့သွားကြည့်တော့ သူက ဘာမှမပြောဘူး ခပ်လှမ်းလှမ်းလေးမှာ သူရှေ့ခြေနှစ်ချောင်းကိုဆင်းပြီး မေးလေးတင်ကာ ဝပ်တွားပြီးကြည့်နေလိုက်သေးတယ်။ရေချမ်းအမေက
“သားရေ ကောက်ရတို့မိသားစု ညကြရင်အေးနေမှာ နွေးသွားအောင် ခွေးလေးတွေအောက်ကနေ ဂုံနီအိတ်ခွံတွေ ခင်းပေးမှထင်တယ်။နောက်ပြီး သူတို့မိသားစုအတွက် လမ်းထိပ်ထမင်းဆိုင်က ထမင်းဟင်းအကျန်တွေ အမေသွားတောင်းလိုက်ဦးမယ်”။
ဒါကိုကောက်ရက ရေချမ်းအမေပြောသွားတာ သူနားလည်တယ်ထင်တယ် “အူ”ဆိုပြီး ကျေးဇူးစကား တိုးတိုးလေးပြောလိုက်သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++

ရက်အတန်ကြာလာတော့ ကောက်ရရဲ့ကလေးတွေ လမ်းစလျောက်တတ်လာပါပြီ။ဟိုစမ်းတဝါး ဒီစမ်းတဝါးနဲ့ သူတို့ကလေးတွေ ဒယိမ်းဒယိုင် လမ်းလျောက်နေတာကိုကြည့်ရင်း ကောက်ရမကြီးရဲ့ မိခင်မေတ္တာအပြည့်ဖြင့် သူ့ကလေးတွေ ကာကွယ်စောင့်ရှောက်နေတဲ့ မြင်ကွင်းဟာ ရေချမ်းစိတ်ထဲ ဝမ်းသာကြည်းနူးနေမိတယ်။ ကောက်ရမချစ်သူက အကောင်လှတယ်ထင်တယ်။လေးကောင်လုံးက သူတို့အမေလိုမဟုတ်ပဲ အမွေးနုရှည်ရှည်လေးတွေ ရှိတယ်။ဈေးသွားဈေးလာတွေက ခွေးကလေးတွေကိုချစ်လို့ ကိုင်ရင်တောင် ကောက်ရမက သူ့ကလေးတွေကို ခေါ်သွားမှာဆိုးလို့နဲ့တူတယ် ဂီးဂီးနဲ့ မာန်ဖီလိုက်ရော ကိုင်ထားတဲ့သူတွေက ခွေးလေးတွေချပြီး လန့်ပြေးသွားကြတယ်။

ညနေ အစာစာဖို့သူတို့မိသားစုကို လှမ်းခေါ်လိုက်ရင် ဒီကောင်လေးလေးကောင်က လုံးလုံး လုံးလုံးနဲ့ သူအမေရှေ့ကနေ အပြေးလေးတွေလာကြပုံက ချစ်စဖွယ်လေးတွေ။ပြီးတော့ ရေချမ်းထည့်ပေးတဲ့ အစာခွက်ထဲက အစာတွေကို လေးကောင်သားအလုအယက်နဲ့ကို စားနေလိုက်ကြသေးတယ်။ရံဖန်ရံခါများ သူတို့အသံသေးသေးလေးတွေနဲ့ အစာမာန်ဖီနေလိုက်ကြသေးတယ်။ကောက်ရမကြီးကတော့ သူကလေးတွေ အစာဝလင်အောင်စားနေတာကိုပဲ အနောက်ကနေ ထိုင်ကြည့်နေတယ်။သူကလေးတွေ ဝသွားပြီဆိုတော့မှ သူကကျန်ခဲ့တဲ့အစာကိုဆက်စားတယ်။

တနေ့နံနက်စောစော အိမ်ရှေ့တံခါးမှာ တဂျစ်ဂျစ်နဲ့ တစ်ခုခုခြစ်သံကြားလိုက်ရတော့ ဘုရားရှိခိုးနေတဲ့ ရေချမ်းအမေက ထပြီးတံခါးသွားဖွင့်ကြည့်လိုက်တော့ ကောက်ရလေ သူ့ကလေးတွေကို ဂုတ်ကနေကိုက်ချီပြီး တကောင်ချင်းစီ တံခါးရှေ့လာချနေတာကို တွေ့လိုက်ရတယ်။နောက်ပြီး သူတစ်ကိုယ်လုံးလဲ သွေးတွေပေကြံလို ဒဏ်ရာတွေကလည်း ဗလပွနဲ့။နောက်ပြီး သူပါးစပ်မှာလဲ အမြုပ်တွေတစီစီနဲ့ အပြင်ကိုလျှံကြနေတာကို ရေချမ်းအမေကတွေလိုက်ရတော့ “လာကြပါဦး၊ ဒီမှာကောက်ရမ ဘယ်လိုဖြစ်နေလဲမသိဘူး။” ဟု လှမ်းအော်လိုက်တော့ ရေချမ်းနဲ့ သူ့အဖေ အပြေးလေး ထွက်လာကြည့်ကြတယ်။

“ဟာ ဒီပုံအတိုင်းဆို ကောက်ရမ အဆိပ်တုံးမိသွားပြီထင်တယ်။သူ့ကို ဘယ်သူတွေက ရိုက်လွှတ်လိုက်လဲမသိဘူး၊ ဒဏ်ရာတွေနဲ့”ဆိုပြီး ရေချမ်းအဖေက အိမ်အောက်ဆင်းသွားပြီး ကောက်ရမကို သွားကြည့်လိုက်တယ်။ကောက်ရမခမြာလည်း ဘယ်လောက်တောင်မှ အားတင်းပြီးထားရလဲ မသိဘူး သူ့ကလေးတွေ အားလုံးကို အိမ်ရှေ့လှေကားခြေရင်းနားမှာချထားပြီးတာနဲ့ သူလဲ ဘုန်းဘုန်းလဲကျသွားတယ်။နောက်ပြီး သူ့ဆီကို ပြေးဆင်းလာတဲ့ ရေချမ်းအဖေကို အားကိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး နောက်ဆုံးနှုတ်ဆက်သွားရှာတယ်။ခွေးကလေးတွေကတော့ သူတိုမိခင်ကြီး ဘာဖြစ်မှန်းတောင်မသိရှာကြဘူး ခွေးကလေးတို့ ဘာသာဘာဝ သူတို့အမေ အလောင်းဘေးမှာ လှည့်ပတ်ပြေးဆော့နေကြတယ်။

ရေချမ်းတို့သားအဖလဲ ကောက်ရရဲ့နောက်ဆုံးခရီးအတွက် သူနေခဲ့တဲ့ ညောင်ပင်အောက်မှာပဲ မြုပ်နှံသင်္ဂြိုလ်လိုက်ကြတယ်။ခွေးကလေးတွေကိုတော့ ရေချမ်းတို့ အိမ်အောက်မှာပဲ သူတို့အတွက် နွေးထွေးအောင် နေရာလေးတစ်နေရာလုပ်ပေးထားလိုက်တယ်။ညဘက်ညဘက်ဆိုရင်တော့ ရေချမ်းတို့အိမ်အောက်က ခွေးကလေးတွေ သူတို့စို့နေကြ ကောက်ရမနို့ကို တောင်းတလို့ ညီးနေသံတွေကိုကြားရတိုင်း ရေချမ်းတစ်ယောက် သူတို့လေးတွေရဲ့ ဖြစ်အင်ကို သနားနေမိတယ်။

ကောက်ရမဟာ သာမာန်ခွေးမတစ်ကောင်ဖြစ်ပေမယ့်လဲ သူ့အပေါ် ကျေးဇူးရှိတဲ့သူတွေ၊ မေတ္တာထားတဲ့သူအတွက် ကျေးဇူးတုံ့ပြန်မှုရှိတယ်မိခင်ပီသတဲ့မေတ္တာစိတ်နဲ့ အရင်းခံ၍ သူကလေးတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောင့်မှုလဲရှိတယ်သူသေဆုံးခါးနီးတိုင်အောင်တောင် သူ့ဝေဒနာကို လှစ်လျုပြုပြီး သူ့ကလေးတွေ နောင်ရေးအတွက် နားခိုစရာစီစဉ်သွားပေးသေးတယ်။ အခုဆိုရင် သူကလေးလေးကောင်ဟာ ရေချမ်းတို့အိမ်မှာ လုံခြုံရေးအတွက် အရမ်းကို အားကိုးရတဲ့ ခွေးကြီးလေးကောင် ဖြစ်နေပါပြီ။သူတို့အမေ ကောက်ရမတစ်ကောင် ကောင်းရာသုဂတိလားပါစေ။

ဆက်လက်ကြိုးစားပါဦးမည်။