>

ဒီဝတ္ထုတိုကလေးက ဆရာနီကိုရဲ လက်ရာပါ။မူရင်းစာက ဇော်ဂျီဖောင့်နဲ့ မဟုတ်တော့ Adobe Readerမှာ ဖတ်မရတာနဲ့ မူရင်းအတိုင်း စာရိုက်ပြီးတင်ပေးလိုက်တာပါ။ကျွန်တော့်လို ဖတ်မရခဲ့တဲ့သူတွေ အတွက်ရော၊ မဖတ်ရသေးတဲ့သူတွေ အတွက်ပါ ဆရာနီကိုရဲ ရေးထားတဲ့ စာကောင်းလေးတပုဒ် ဖတ်နိုင်စေရန် ရည်ရွယ်ပြီး တင်ထားရခြင်းပါ။ဟာသတွေ အရေးများတဲ့ ဆရာရဲ့ သာမရိုးကျ အတွေ့အကြုံလေးကို စာရေးဆရာတယောက် အမြင်နဲ့ ခံစားမှုရသလေး ပြောင်မြောက်သွားအောင် ဖန်တီးထားတဲ့ ဆရာ့ရဲ့လက်ရာလေးပါ။ကျွန်တော်ဖတ်ရင်းနဲ့ ဇီးသီးသည်ကလေးရဲ့ဘဝလေးကို တွေးရင်း အရင်က ချောင်းသာသွားခဲ့စဉ်က ဇက်ဆိပ်မှာ ဒီလိုဇီးသီးသည်လေးတွေ ရောင်းချနေတာတွေခဲ့ဖူးပေမယ့် ဆရာရေးထားသလို မတွေးမိခဲ့ဖူးပါဘူး။အခု ဆရာနီကိုရဲအတွေးလေးနဲ့ ရေးထားတာဖတ်ကြည့်ကြပါဦး………..။


ဇက်ပေါ်ကဇီးသီး

ကျွန်တော်တို့ရှုတင်အဖွဲ့ ချောင်းသာက နေ့ကားရိုက်ပြန်လာကြတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့အဖွဲ့ဟာ ချောင်းသာမှာ အားလုံးဆယ့်တစ်ရက် နေခဲ့ကြရပါတယ်။ချောင်းသာဆိုတာက အပန်းဖြေတဲ့နေရာပါ။ဒါပေမဲ့ ကျွန်တော်တို့အတွက်ကျတော့ အလုပ်သွားလုပ်ရတဲ့နေရာ ဖြစ်နေတယ်။

ဒီတော့ ချောင်းသာသွားရတဲ့ခရီးမှာ ကျွန်တော်တို့နဲ့အတူသွား ခရီးသည်တွေဟာ ခံစားချက်ပြောင်းပြန်ဖြစ် နေလေ့ရှိပါတယ်။ သူတို့က ချောင်းသာကိုအသွားမှာ ပေါ့ပါးလွတ်လပ်နေပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာကြီးကို ခရီးသွားတဲ့အရသာ ခံစားနေကြတာကို သူတို့မျက်နှာမှာ အတိုင်းသားကို မြင်နေရပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လောက် မပေါ့ပါးနိုင်ဘူး။ မပျော်ရွှင်နိုင်ကြပါဘူး။ ဟိုကိုရောက်ရင် အလုပ်လုပ်ရမှာကိုး။ ချောင်းသာမှာ ကျွန်တော် ဇာတ်ညွှန်းရေးခဲ့တဲ့ ဇာတ်ကား(၁၀) ကားမှာ ကိုးကားကလမ်းမှာ ဇာတ်အိမ်တည်တာများပါတယ်။ မင်းသား နဲ့မင်းသမီးတို့ လမ်းမှာ ခရီးစကတည်းက အဆင်ပြေမှု၊ မပြေမှုကလေးနဲ့ စတွေ့ကြတယ်ပေါ့လေ။ထားပါတော့လေ။

ကျွန်တော်ပြောချင်တာက ရုပ်ရှင်ရိုက်တဲ့ အကြောင်းမဟုတ်ပါဘူး။ ချောင်းသာက အပြန်လမ်း မှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးအကြောင်းပါ။

ချောင်းသာကမ်းခြေကနေဆင်းလာပြီး (အဲဒီအချိန်က) ရှောပြာဇက်ဆိပ်မှာ ဟိုတစ်ဖက်(ပုသိမ်ဘက်)ကို ကူးဖို့ ဇက်စောင့်နေရတာပါ။ဇက်ကတစ်စင်းတည်းမို့ ဒီဘက်က လူနဲ့ ကားကိုတင်၊ ဟိုဘက်က လူနဲ့ကား တွေကို တင်ပြီးပြန်လာ၊ အဲဒီလို လွန်းထိုးဆွဲရတာပါ။ ဒီဘက်ဇက်ဆိပ်မှာရော ဟိုဘက်ဇက်ဆိပ်မှာပါ တစ်နာရီ စောင့်လေ့ရှိပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ရှုတင်ကား ရှောပြာဆိပ်ကိုရောက်တော့ ဇက်က ငဝန်မြစ်အလယ်မှာ လှမ်းမြင်နေရပါတယ်။ ၁၀-မိနစ်လောက် နောက်ကျသွားတယ်ဆိုပါတော့..။

ဟိုဘက်ပြန်လာမယ့် ဇက်ကိုစောင့်ရင်း ဇက်ဆိပ်က ဆိုင်လေးတွေမှာ ထိုင်သူကထိုင်ပါတယ်။ ကျွန်တော်ကတော့ ငဝန်မြစ်ကိုကြည့်ဖို့ လေကလေးတဖြူးဖြူးတိုက်နေတဲ့ ကမ်းစပ်က သစ်ပင်ရိပ်မှာ သွားရပ်ရင်း ငဝန်မြစ်ထဲမှာ ပိုက်ချတဲ့လှေကလေးတစ်စင်းကို ငေးနေမိတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော်ရပ်နေတဲ့ သစ်ပင်ရိပ်ကို သံလင်ပန်းလေးခေါင်းမှာရွက် သစ်သားခုံကလေးကို လက်မှာကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ဝင်လာပါတယ်။
ပြီးတော့ ကျွန်တော်နဲ့မလှမ်းမကမ်းမှာ လက်ထဲကခုံကိုချပြီး ခုံပေါ်ကိုခေါင်းပေါ်က ဗန်းကလေး တင်ပါတယ်။ ဗန်းထဲမှာပါလာတာ ဂေါ်လီလုံးအရွယ် တောဆီးသီးကလေးတွေရယ်၊ မည်းတူးနေတဲ့ဝိုင်အိုလက်ပေါင်ဒါဘူး လေးတစ်ဘူးရယ်၊ ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့အထုပ်ရယ်၊ ဆားနဲ့ငရုတ်သီးအစိမ်းမှုန့် စပ်ထားတဲ့ကော်ခွက် ကလေးရယ်ပါ။

ကလေးမလေးက ပိန်ပိန်ပါးပါးလေးပါ။ သူဝတ်ထားတဲ့ ဂါဝန်ကလေးက အရောင်လွင့်လို့၊ အင်္ကျီကတော့ ဘာအရောင်ရယ်လို့တောင် အတိအကျပြောလို့မရတော့လောက် အောင်ပါပဲ။ ကျွန်တော်တို့ခရီးသွားရင် လမ်းဘေးတို့၊ ကားဂိတ်တို့မှာ တွေ့နေကျ ဈေးသည်မကလေး ဆိုပါတော့။ ထုံးစံအတိုင်း ဖိနပ်ကလည်းမပါဘူး ။

ကလေးမလေးက အမောဖြေရင်းနဲ့ ဗန်းထဲက ဆီးသီးတွေကို တောင်ပူစာကလေးတစ်ခုဖြစ်အောင် စုပုံနေတယ်။ သူ့ဗန်းထဲက အမြင်ကောင်းတယ်လို့ ထင်ရတဲ့ဆီးသီးတွေကို အပေါ်မှာတင်နေတာပါ။ ငဝန်မြစ်ကို ငေးဖို့လာတဲ့ကျွန်တော်ဟာ ကလေးမလေးကိုငေးရင်း ရင်ထဲမှာ သနားသွားတယ်။
ကျွန်တော့်သနားစိတ်က ထူးထူးဆန်းဆန်းရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ပုံမှန်ကရုဏာစိတ်ရှိတဲ့သူတိုင်း ရင်ထဲမှာဖြစ်လေ့ရှိတဲ့ သနားစိတ်ပါ။ ကျောင်းမနေရရှာဘူး ထင်ပါရဲ့၊ သူ့ဘဝရှေ့ရေးအတွက် ဘာလုပ်မှာလဲ၊ အမိအဖရောစုံရှာရဲ့လား စသည်ဖြင့်အတွေးတွေပါ။

ကျွန်တော်ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားတယ်။ ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ သိရတော့ ရင်မောသွားတယ်။ ကျွန်တော့်ရင်ထဲမှာ ကရုဏာတရားရှိပါတယ်။ ဒါပေမဲ့ အဲဒီကရုဏာက မာသာထရီဆာရဲ့ကရုဏာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်ရင်ထဲက ကရုဏာက ဆရာကြီးဦးရွှေအောင်စကားနဲ့ပြောရရင် ပါရမီထိုက်တဲ့ကရုဏာ မဟုတ်ပါဘူး။ သာမန်ကရုဏာမျိုးပါ။

ကျွန်တော် သူ့ကို ဘာကူညီနိုင်သလဲဆိုတော့ သူ့ဆီက ဆီးသီးလေးတွေ ဝယ်စားရင်းနဲ့ကူညီနိုင်ပါတယ်။ ကျွန်တော်တတ်နိုင်တာ ဒါပဲမဟုတ်လား။
“ဆီးသီးဘယ်လိုရောင်းတုံးဟ လုပ်စမ်းပါဦး”
“တစ်ဘူးတစ်ဆယ်”
“အင်း..ဒါဆို..ငါးဆယ်ဖိုး ငါးဘူးထားလိုက်”

ကျွန်တော်နောက်တာက ရိုးလွန်းလို့ ဘယ်သူမှ မနောက်တော့တဲ့ပြက်လုံးပါ။ ကျွန်တော်ကလည်း ဘာရယ် မဟုတ်ဘူး၊ ပါးစပ်က ထွက်သွားတာ။ ဒါပေမဲ့ကောင်မလေးက တစ်ချက်တွေသွားတယ်။ ပြီးတော့ ကျွန်တော့်ကို မျက်လုံးမွဲကလေးနဲ့ မော့ကြည့်ရင်း..
“မရပါဘူးဦးရယ်၊ မေမေက သူပြောတဲ့ဈေးအတိုင်းမရောင်းရင် ရိုက်လိမ့်မယ်”

သူ့အကြည့် သူ့စကားသံကြောင့် ကျွန်တော်ဘာမှမပြောနိုင်ဘဲ ရင်ထဲဆို့သွားတယ်။ ဒုက္ခပဲ စာလည်း မတတ်ဘူးထင်ပါရဲ့လို့ စိတ်ထဲတွေးရင်း မှတ်ထားဟဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်ပေးလိုက်ပါတယ်။
“ဦးက စတာပါ သမီးရယ်။ တစ်ဘူးတစ်ဆယ်ဆို ငါးဘူးငါးဆယ်ပေါ့ မဟုတ်ဘူးလား”
ကလေးမလေးက တစ်ချက် စဉ်းစားပြီးတော့ ခေါင်းညိတ်ရှာပါ တယ်။
“ဦးက အလကားနောက်တာ ပါ။ ကဲ တစ်ရာဖိုးပေး”
ကလေးမလေးက ဝမ်းသာအားရ ကျွန်တော့်ကိုမော့ကြည့်တယ်။ ပြီးတော့ ထိုင်နေရာကထရပ်ရင်း
“ဦး ခဏစောင့်နော်”ဆိုပြီး ကုက္ကိုပင်နောက်ကို ပြေးထွက်သွားတယ်။ ဘာကြောင့်မှန်းမသိတော့ ကျွန်တော်လည်း ကြောင်ပြီး ကြည့်နေရုံပါပဲ။

ကျွန်တော် ဆီးသီးများများဝယ်တာက အကြောင်းရှိပါတယ်။ ပထမ တစ်ခုကတော့ သူ့ကိုအားပေးချင်တာပါ။ ဒုတိယတစ်ချက်က ဟိုဘက်ကမ်းရောက်လို့ ပုသိမ်ကနေ ရန်ကုန်ကို မောင်းတဲ့လမ်းတစ်လျှောက်မှာ လူတွေငိုက်ကြမှာပါ။ အဲဒီတော့မှ တောဆီးသီးကလေးတွေကို ဆားနဲ့ တို့စားပြရင် အေးသီတာတို့၊ ဖြူဖြူလွင်တို့ စတဲ့ဇာတ်ပို့အုပ်စု သွားရည်ကျကြမှာအမှန်ပဲ။ သူတို့တောင်းစားရင် ကျွန်တော်က သွားရည်ကျတံတွေးမျိုစတဲ့ ဣနြေ္ဒတော်တော်ပျက်မှ ကျွေးမယ်လို့ စိတ်ကူးပြီး ဝယ်တာပါ။ အခုတော့ ကလေးမလေးက ဘယ်ကိုပြေးပြီး ဘာလုပ်မှန်း မသိတော့ ကျွန်တော်အူကြောင်ကြောင်နဲ့ စောင့်နေရတာပေါ့ဗျာ။

ခဏကြာတော့ပြန်ရောက်လာတယ်။ မျက်နှာမှာလည်းပျော်လို့ လက်ထဲမှာ နို့ဆီခွက်တစ်လုံးနဲ့ ..။
“အမေက ပြောတယ်၊ တစ်ရာဖိုးဆိုရင် ဒါနဲ့ငါးခွက်တဲ့”
နို့ဆီခွက်ကို မြှောက်ပြရင်းပြောတော့ ကျွန်တော်ဘာမှပြန်ပြော မနေတော့ပါဘူး။ သူက ဆီးသီးလေးတွေကို သေသေချာချာထည့်ပေးပါတယ်။
“မင်း ကျောင်းမနေတော့ဘူးလား။”
သူက ခေါင်းကို ခါပါတယ်။ သူ့မျက်နှာပေါ်မှာ ဘာအရိပ်မှမရှိဘူး။
“ဘယ်နှတန်းအထိနေဖူးလဲ”လို့ ဆက်မေးတော့ ဘာမှပြန်မဖြေဘူး။ ကျွန်တော်ဟာ သူ့ဘဝနဲ့ဘာမှ မဆိုင်တာတွေကို လျှောက်မေးသလို ဖြစ်နေတယ်ထင်ပါရဲ့။
“ဆားကို သပ်သပ်ထုပ်ပေးနော်။”
“ဟုတ်ကဲ့”
“နင့်အမေက ဈေးမရောင်းဘူးလား။”
“ဖျားနေတယ်။”
“ဘာဖြစ်လို့ ဖျားတာလဲ။”
“ဟို ခြေထောက်ကို သစ်စစူးတာ။”
“ဆေးခန်းမပြ…”
ကျွန်တော်စကားကို ရပ်ပစ်လိုက်တယ်။ မလိုအပ်တဲ့စကားကို ဘာဖြစ်လို့မေးနေမှာလဲ။ သူ့ကို ဆီးသီးဖိုး ပိုက်ဆံပေးရင်း ပိုက်ဆံထပ်ပေးဖို့ စိတ်ကူးလိုက်မိပေမယ့် ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဇက်မောင်းတဲ့ဘကြီး ပြောတဲ့စကားကို ပြန်သတိရတယ်။
“မောင်ရင်တို့ကတော့ စေတနာနဲ့သနားလို့ ပေးပေးသွားတာပဲ။ ဒါပေမဲ့ ကြာတော့ ကလေးတွေက အကျင့်ပါပြီး ရောင်းမစားတော့ဘူး တောင်းစားကုန်ရော။”တဲ့။

ဒါနဲ့ ကျွန်တော်ဆီးသီးထုပ်ကို ကျောပိုးအိတ်ထဲထည့်ရင်း ရှုတင်ကားဆီပြန်လာရတယ်။ အိတ်တွေအောက် တော်တော်ရောက်နေတဲ့ ကျွန်တော့်အိတ်ကိုရအောင်ထုတ်ပြီး ကျွန်တော်ဆောင်လာတဲ့ ကိုယ်ပူကျဆေးရယ်၊ အကိုက်အခဲပျောက်ဆေးရယ်၊ ဘာမီတွန်ရယ် ယူလာပြီး သူ့ဆီသွားပေးရတယ်။
“အစာစားပြီးရင် ဒါတစ်လုံး ဒီဟာ တစ်လုံးသောက်ရမယ်။ အစာမစားဘဲ၊ အစာမရှိဘဲနဲ့ မသောက် ရဘူး ကြားလား။ လေးနာရီခြား တစ်ခါသောက်ရမယ်။ ဟောဒီပန်းရောင် အလုံးလေးကိုတော့ အိပ်ခါနီးမှ သောက်ရမယ်။ ကဲ ပြန်ပြောစမ်း”

သူက သွက်သွက်လက်လက်ပဲ ပြန်ပြောပြပါတယ်။ မှားနေတာကို နှစ်ခါပြင်ပေးပြီး မှန်သွားတော့မှ သူ့အမေဆီ သွားပေးခိုင်းရတယ်။ သူ ပြေးထွက်သွားတော့ ကျွန်တော်တို့ ကူးရမယ့်ဇက်က ရေလယ်ကို ရောက်နေပါပြီ။

ဇက်ပေါ်ကားရောက်တော့ ထုံးစံအတိုင်း ဆူဆူညံညံပေါ့လေ။ ကျွန်တော်ကတော့ နောက်ကျိနေတဲ့ငဝန်မြစ်ရေကို ဇက်လက်တန်းကိုကိုင်ရင်း ငေးကြည့်နေမိတယ်။
သတိရလို့ ကျောပိုးအိတ်ထဲက ဆီးသီးကလေးတစ်လုံးထုတ်စားတော့ စားလို့ကောင်းသားခင်ဗျ။ ကြွပ်ကြွပ်နဲ့ချိုလို့ မချဉ်သလောက်ပါပဲ။ ဒါနဲ့ ကျွန်တော်လည်း ခံတွင်းတွေ့ပြီး ထုတ်စားနေမိတယ်။ ဆားလေးနဲ့တို့ စားတော့ အိုကေပဲ။

မြစ်လယ်ရောက်တော့ ကျွန်တော်လည်း ရှုတင်ကားပေါ်ထိုင်လိုက်ရင်း ဆီးသီးစားရင်းပေါ့လေ။ ကျွန်တော်ထင် တဲ့အတိုင်း ဟိုအငတ်တွေကလည်း တောင်းစားတာပါပဲ။ ကျွန်တော်က ဆီးသီးသည်ကလေးအကြောင်း ပြောပြတော့ သူတို့စိတ်ဝင်စားကြပါတယ်။ ကျွန်တော့်ဆီက ဆီးသီးစားကောင်းအောင်ဟန်ဆောင်တာလား၊ ဘာလားတော့ မသိဘူး ပေါ့လေ။

မြစ်လယ်ရောက်တော့ ကျွန်တော့်ဆီးသီးလည်း ကုန်ရောပေါ့လေ။ တစ်ယောက်တစ်လက်ဆိုတော့ ဘယ်ခံနိုင်မှာတုံး၊ အဲဒီအချိန်မှာပဲ “ဆီးသီးချိုချိုလေး”ဆိုတဲ့ ကောင်မလေးရဲ့အသံကို ကျွန်တော်ကြားရတော့ ဝမ်းသာသွားတယ်။ ခေါ်လိုက်ရင် ဒီကောင်မလေး ကျိန်းသေရောင်းရတော့မှာ မဟုတ်လား။
“ကြားလား၊ အဲဒါသူ့အသံပဲ ခဏနေဦး။”

စောင့်ကြည့်တော့ သူဖြစ်နေတာနဲ့ လှမ်းခေါ်ရတယ်။ ကားပေါ်က ဇာတ်ပို့တွေကလည်း ကျွန်တော်က ပူပူနွေး နွေးဇာတ်ပို့ထားတော့ ကောင်မလေးကို စိတ်ဝင်စားပြီးဝိုင်း ဟိုမေးဒီမေးပေါ့။ သူကလည်း ရုပ်ရှင်ထဲက အစ်မကြီးတွေဆိုပြီးပျော်လို့။
“ကဲ နင့်ဆီးသီးတွေကို ငါတို့ အကုန်ဝယ်မယ်။ ဟုတ်ပြီလား၊ ကဲ အားလုံးကို ငါးရာယူ”
“ဟင့်အင်း မရဘူးအစ်မ၊ အမေ ဆူလိမ့်မယ် မရဘူး။”
သူ့စကားကြောင့် ငတိမတွေ အံ့ဩသွားကြတယ်။ နို့ဆီဘူးတစ်ဘူးမှ နှစ်ဆယ် သူ့ဗန်းထဲကဆီးသီးက ဘယ်လိုမှ ငါးရာဖိုးမရှိဘူး။
“အံမယ်မရွှေစာ..ညည်းဟာက တစ်ဘူးမှနှစ်ဆယ်၊ ငါးရာဆိုတာ ငါတို့က နင့်ကိုပိုပေးထားတာ။”
“ဟင့်အင်း ခြင်ကြည့်မယ်လေ အစ်မရယ်… နော်။”
“ကဲ.. ကဲ ခြင်မယ်ဆိုလည်း ခြင်ခြင်။”

သူက ဇက်ပေါ်မှာ ထုံးစံအတိုင်း ဒူးကလေးထောင်ပြီး ထိုင်ပါတယ်။ ပြီးတော့ နို့ဆီခွက်ထဲ ဆီးသီးတွေထည့်၊ လွတ်တဲ့နေရာမှာပုံ၊ နောက်တစ်ခါထပ်ထည့်တုန်း ပထမဆီးသီးတွေကရောကုန်နဲ့ ဒုက္ခများနေရှာ တယ်။ ဇက်ကလှုပ်နေတော့ ဟိုဘက်ဒီဘက် ပုံထားတဲ့ဆီးသီးတွေက ဘယ်ငြိမ်ပါ့မလဲ။

နောက်ဆုံးတော့ ကောင်မလေး စိတ်တိုလာပုံရတယ်။ ဒူးခေါင်းထောင်ထားတဲ့ သူ့စကတ်ထဲ ဗန်းထဲက ဆီးသီးတွေ အကုန်လောင်းထည့်ပစ်လိုက် တော့ ရှုတင်ကားပေါ်က ငတိမတွေ အော်လိုက်ကြတာ ဆူညံကုန်တာပဲ။ သူ့စကတ်က ညစ်လည်းညစ်ပတ်ရ တဲ့ထဲ ဒူးခေါင်းထောင်ထားတဲ့ထဲ ထည့်တော့ဘယ်ဟုတ်တော့မှာလဲ။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။

အားလုံးခြင်ကြည့်တော့ တစ်ရာ့ လေးဆယ်ဖိုးပဲရှိတာပေါ့။ ဒါပေမဲ့ သူ့ကိုငါးရာပဲ ပေးလိုက်ပါတယ်။ဇာတ်ပို့ငတိမ တွေက ကျွန်တော့်ကို ဆီးသီးတစ်အိတ်ပြန်အစားပေးတယ်။ ဒါပေမဲ့ကျွန်တော်က ဘယ်စားမလဲ။အဲဒီအဖြစ်ကို မသိတဲ့လူလာရင် ဆီးသီးထုတ်ကျွေး။ စားရင်ဝိုင်းရယ်ကြနဲ့ ကျွန်တော်လုပ်တာထက်တောင်မှ ပျော်စရာကောင်းနေသေးတယ်။ ငှက်ပျောကြော်တို့ ၊ကင်းကောင်တို့လည်း အဲဒီဆီးသီးနဲ့ခံရပါတယ်။ဇက်ဆိပ်ရောက်လို့ ကားပေါ်တက်တော့ ကောင်မလေးက ဆီးသီးဗန်းကလေးကိုင်ပြီး ကျွန်တော်တို့ကို ငေးလို့..။

အိမ်ရောက်လို့ ၃၊ ၄ရက်ကြာ တော့ ကျွန်တော့်ဇနီးက ခရီးဆောင် အိတ်လျှော်ဖို့လုပ်တော့..။
“ဟင် ဒီမှာ ဆီးသီးထုပ်ကြီးပါလား။ ဘယ်တုန်းက ဆီးသီးလဲ”
“ချောင်းသာကအပြန်ဇက်ပေါ်က ဆီးသီးပါကွာ၊ မကောင်းတော့ပါဘူး။ လွှင့်ပစ်လိုက်ပါတော့..”
ကျွန်တော်တစ်ချက်သတိရမိသွားတယ်။ ဒီအချိန်ဆို ကောင်မလေးဆီးသီးရောင်းနေမှာပဲ။ သူ့အမေရော နေကောင်းသွားပြီလားလို့ပါ။

နီကိုရဲ
ဆရာနီကိုရဲကို ဤစာမူဖြင့် နှုတ်ဆက်ပါသည်။
PDF နဲ့ဖတ်ချင်သူများအတွက် ဒီမှာ ဖတ်ပါ။