>

ဟောင်းနွမ်းသွားတဲ့ ရက်စွဲလေးတွေထဲမှာ နတ်သမီးလေးတစ်ပါး ကြယ်ကြွေတွေနဲ့အတူ လောကမျက်နှာပြင်ပေါ်ကို ကြွေလွင့်သက်ဆင်းလာတယ်။ အနက်ရောင် မိုးသားဇာဝတ်ရုံအောက်မှာ ကြီးစိုးချယ်လှယ် ခံနေရတဲ့ ကမ္ဘာကြီးအတွက်တော့ တဒင်္ဂလေးအတွင်းမှာ ကြယ်ကြွေအလင်းရောင် မှုန်ပြပြလေး ဖြာထွက်သွားတာတောင် ရုတ်တရက် အငိုက်မဲ့ လွတ်လပ်သွားသလိုပါပဲ။ လက်ခနဲဖြာလို့။

✰✰✰✰✰

ကျွန်တော့်ဘဝထဲမှာ စွဲလန်းတမ်းတ အမိဆုံးကတော့ ကျွန်တော်မေမေနဲ့ နေခဲ့ရတဲ့ နေ့ရက်တွေပါပဲ။ အတိတ်တွေ လွင့်ထွက်မသွားခင်အထိတော့ ထိုအချိန်လေးတွေကို နှမြောရမှန်းကို မသိခဲ့ဖူး။ဘဝကို လွယ်လွယ်ဖြတ်သန်းနိုင်အောင် ပေါင်းကူးထိုးပေးခဲ့တဲ့ မေမေ့ကျေးဇူးတွေဟာ ကျွန်တော်အတွက်တော့ ထိုအချိန်က အမှတ်တမဲ့တွေပါပဲ။ အချိန်တိုင်း မေမေရဲ့တွေးပူမှုတွေအောက် ကြီးပြင်းလာရတဲ့ ကျွန်တော့်အတွက်တော့ ငြီးငွေ့မှုတွေ ပြည့်နှက်နေလျှက်ပေါ့။အမေ့ရဲ့ဆန္ဒ တသားထဲကျအောင် နေရမှုကို ခါးသီးနေမိတဲ့ ကျွန်တော်ပေါ့။ ကန့်လန့်တိုက်ခြင်းများစွာနဲ့ အကျွမ်းတဝင် နေခဲ့မိတယ်လေ။ အမေ့ရင်ခွင်ထဲ စိတ်ခပ်တိုတိုနဲ့ ကိုယ်လွတ်မြောက်ရာ ဖွေရှာလိုနေတဲ့ အမေ့ပက်ကြားအက်ကလေး တစ်ခုပေါ့။

အမေကတော့ အပြုံးမပျက်ပါဘူး။အမေရဲ့ အရိပ်စစ်တွေ အေးမြတယ်ဆိုတာ အနေနီးနေတော့လဲ သာမာန်ရောင်းကုန်တစ်ခုလိုပဲ ဈေးနှုန်းမကြီးပါဘူး။ဈေးနှုန်းလဲ မသိပါဘူး။အမေ့ရဲ့ဖြူစင်မှုကြားထဲ ကိုယ့်အတ္တနဲ့ ကိုယ် စွန်းထင်းညစ်ပေရင်းကနေ လူဖြစ်ရက်နဲ့ လူလားမမြောက်ပဲ လုံးလည်ချာလည်ရိုက်လို့ ဗျာများနေတယ်လေ။ ပုခက်လွှဲတဲ့ အမေရဲ့လက်တွေကနေ ထုဆစ်လိုက်တဲ့ အမေ့လက်ရာက ကမ္ဘာကြီးကိုတော့ မကိုင်လှုပ်နိုင်ပေမယ့် နေရာတစ်ထောင့်ကနေ အစွမ်းကုန် ပွင့်အာနေပြီအမေ။

အမေက ချောတယ်။အမေမှာ နှစ်လိုဖွယ် သွားတက်တစ်စုံရှိတယ်။ ကျွန်တော်အမွေမရတဲ့ ပါးချိုင့်လေးလဲရှိတယ်။အဖေနဲ့တူတဲ့ ကျွန်တော်ကို ဘာလိုများအမေရယ်၊ အမေလို အသားဖြူအောင် မမွေးတာလဲလို့လဲ မကြာခဏ အပြစ်တင်မိတယ်။ ကျွန်တော်ဂုဏ်ယူမိတာကတော့ အမေရဲ့ နူးညံ့ပျော့ဆင်းပြီး ပိတုန်းရောင် ဆံနွယ်ရှည်ရှည်တွေလေ။ ဆံပင်လျှော်ပြီးတိုင်း ခြေဖျားအထိ ဖျာဆင်းကြနေလိုက်တာ အမေဖဝါးနုနုတွေပေါ်ကို သက်ဆင်းနေလေရဲ့။အမေက နူးညံသိမ်မွေ့ပေမယ့် အားမာန်ပြည့်တဲ့ အရောင်လက်နေတဲ့ မျက်ဝန်းနက်နက်တစ်စုံကိုလဲ ပိုင်ဆိုင်တယ်။

အမေက ရိုးသားတယ်။သူက ပီကာဆိုကို မသိဘူး။ဒါပေမယ့် အိမ်ကို ဘယ်လိုလှအောင် ဖွဲ့တည်ရမယ်ဆိုတာသိတယ်။ အမေ လေးဖြူရဲ့ ကန္တာရလမင်းကိုလဲ မသိဘူး။သူသိတာ မနက်မနက်ဖွင့်နေကြ တောင်တန်းသာသနာပြု ဆရာတော် ပရိတ်ခွေ။အမေက ဂီတကိုမသိဘူး။ ဒါပေမယ့် ကျွန်တော်အတွက်တော့ ဆိုနီကက်ဆက်လေး ဝယ်ပေးတယ်။ သီချင်းနားထောင်ဖို့တဲ့။အမေက ကဗျာတွေ၊ ကာရံတွေ မသိဘူး။ ကျွန်တော့်ကဗျာတွေ ဖတ်ပြီးတိုင်း ငတ်ချင်နေတဲ့အကောင်တဲ့။ သူသိတာ ကျွန်တော်ပညာရှိကြီး ဖြစ်ရေးကိုး။ အမေက ကမ္ဘာ့ဈေးကွက် ဆိုတာမသိဘူး။ သူသိတာ မနက်ဖြန် ကုန်ဈေးနှုန်းမတက်ဖို့ပဲ။ အမေက ဟမ်ဘာဂါတွေ၊ ပီဇာတွေ မလုပ်တတ်ဘူး။အမေ့လက်ရာ ချည်ရည်ဟင်း တခွက်ကတော့ ကျွန်တော့်အတွက် နတ်သုဒ္ဒါပဲ။

အမေက သဘောကောင်းတယ်။အမေ့ကို ကျောင်းမှာ လောကတ်သန်ကျကွဲတယ်ဆိုပြီး မုန့်ဖိုးလိမ်တောင်ဖူးတယ်။ အမေက ဟက်ဟက်ပက်ပက်ကို ရီပြီး မုန့်ဖိုးတွေ ကုန်သွားပြီလား ဆိုပြီး ပိုက်ဆံထုတ်ပေးတယ်။သားက လောကတ်သန်ကြီးကိုများ ဘယ်လိုချခွဲလိုက်တာများလဲသားရယ်တဲ့။ကျွန်တော် မုန်ဖိုးရဖို့သာ သိတာ အမေက ဘီအီးဒီဆရာမ ဆိုတာ ကျွန်တော်မေ့သွားတယ်။အဘွားက ပြောတယ်။နင့်ကိုယ်ဝန်နဲ့ ကျောင်းအုပ်ဆရာမအဖြစ်နဲ့ ပူတာအိုကို ရွှေ့ရမှာ သူ့ကလေးလေး ဗိုက်ထဲမှာ ရှိနေတာ ဝေးလံခေါင်ဖျားတဲ့နေရာမှာ မွေးရင် ဒုက္ခရောက်မယ်ဆိုပြီး အလုပ်က ထွက်လိုက်တယ်တဲ့။ ကျွန်တော် မှတ်မိတဲ့ အရွယ်ထဲက မေမေက အိမ်မှာနေပြီး ကျွန်တော်တို့ ညီအကို နှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်ပြန်မပေးနိုင်တဲ့ အရာအားလုံး အမေက ကျွန်တော်အတွက် စွန့်လွှတ်ခဲ့လေရဲ့။

အမေက မိုးငွေ့တွေဝေနေတဲ့ စက်တင်ဘာထဲမှာ ကျွန်တော်ကို ထားခဲ့တယ်။ထိုနေ့က အမြဲမက်တဲ့အိမ်မက်ရှည် တစ်ခုပါပဲ။အခုထိတောင် အေးခဲစွာ အမှတ်ရမိနေတုန်းပဲ။ အဲဒီနေ့က ကျွန်တော်ကျောင်းမှာ ကိုးတန်း အတန်းတင် မြန်မာစာဖြေရတဲ့နေ့။ မိုးလေးတဖွဲဖွဲနဲ့ ကျောင်းသားတွေ အကြိုက် အေးအေးလူလူ စာမေးပွဲဖြေကြရတယ်။ ဖြေပြီးလို့ ကျောင်းကဆင်းတော့ ကျောင်းအုပ်ကြီး ရုံးခန်းက ကျွန်တော်ကို လာခေါ်တယ်။ ရုံးခန်းထဲမှာ အဖေရယ်၊ အမေ့မောင် ဦးလေးရယ် စောင့်နေကြတယ်။သူတို့မျက်နှာတွေက အပြင်မှာ ရွာနေတဲ့မိုးတိမ်တွေလို ပြိုဆင်းညိုမှောင်နေတယ်။အဖေကတော့ ကျွန်တော့်လက်ကို ခပ်တင်းတင်းကိုင်ရင်း သား စာမေးပွဲဖြေနိုင်လား။ ကြိုးစားနော်။ သူအသံတွေက တိမ်ဝင်လာတယ်။အဖေနဲ့ အိမ်ပြန်တော့ ကျွန်တော်တို့နေတဲ့ အိမ်ကိုမဟုတ်ဘူး။အမေ့အမေ အဖွားအိမ်ကို။

ကျွန်တော် အဖွားအိမ်ရှေ့လဲရောက်ရော ဆီမြင်ရတာက အနက်ရောင်ဘုတ်ကြီးပေါ်က အဖြူရောင်စာသားတွေ။အပေါ်ဆုံးက အမေ့နာမည်နဲ့ အသက်လေ။ကျွန်တော်မျက်စိတွေ ဘာမှမမြင်စွမ်းနိုင်တော့ဘူး။ မျက်ရည်တွေက ပိတ်ကားတားဆီးလိုက်ပြီလေ။ဒါဆိုရင် အမေက ကျွန်တော်ဆီက ထွက်သွားပြီပေါ့။ချန်ရစ်သူနဲ့ ကျန်ရစ်လေသူ ကြားမှာ သေခြင်းတရားကြီးက သွင်သွင်ကြီး စီးခြားနေပြီလေ။လွတ်ကျသွားတဲ့ အသံက အခုမှ ပဲတင်ရိုက်နေတယ်။ဆရာဦးသုခတို့လို အမေဆိုပြီး တမ်းတမ်းတတ ရွတ်ဆိုရင်း အမေကဗျာတွေ ဖွဲ့ဆိုရတော့မယ်လေ။ငါသေရင်မငိုရဘူးနော် အမေရဲ့မှာတမ်းထဲကနေ မျက်ရည်တွေ သွင်သွင်စီးထွက်ခွင့်ပြုပါအမေ။ သားငိုချင်နေတယ်။တုန်ရီတဲ့ လက်တွေနဲ့ အမေကိုဖွဲ့ဆိုတဲ့ ကဗျာတွေ စပ်ဆိုခွင့်ပြုပါအမေ။

မဆုံးခင် ခြောက်လလောက်ကတည်းက အမေက ကျွန်တော်တို့နဲ့ မနေတော့ဘူး။ အဖေဆီခွင့်တောင်းပြီး အဖွားဆီပြန်နေတယ်။နောက်ပြီး အရင်ထဲက တရားထိုင်နေတဲ့ အမေ အဲနောက်ပိုင်း ပိုပြီး စိတ်လာတယ်။အကြာကြီး ထိုင်နေတယ်။ တရားဓမ္မသံတွေကြားထဲမှာပဲ အမေပျော်မွေ့တော့တယ်။ အသိတရားနဲ့ သူ့သားတွေကို ဥပက္ခာပြုနိုင်အောင် ကြိုးစားခဲ့တယ်။သူဖြေနေတဲ့ အဘိဓမ္မာ ပထမပိုင်းကိုလဲ ဝေဒနာတိုက်ပွဲတွေကြားကနေ ခဲရာခဲဆစ် အောင်မြင်အောင် တိုက်သွားနိုင်ခဲ့တယ်။ သားယုံကြည်ပါတယ်အမေ အမေ ကောင်းရာဘုံဘဝရောက်နေတယ်ဆိုတာကို။

အမေက ကျွန်တော့်ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်တစင်းပါ။ ကြွေသာကျသွားပေမယ့်လဲ အလင်းရောင်တန်းအဖြစ်နဲ့ ဆက်လက်လင်းနေဆဲပါလေ။


✽✽✽✽✽✽✽✽✽✽✽✽


ဝသုန်တည်တဲ့သစ္စာ


အမေ…..
နားရှိတဲ့နေရာကနေ ဒီအသံတွေ ကြားပါစေ။

ဝေးခဲ့တဲ့ရက်လက်ချိုးရေတွက်ကြည့်ရင်လေ တစ်ဆယ့်လေးနှစ်၊
လနဲ့ကြည့် တစ်ရာခြောက်ဆယ့်ရှစ်လ၊
ရက်နဲ့ဆို ငါးထောင်တစ်ရာ့တစ်ဆယ်ပါအမေ။
သက္ကရာဇ်တွေသာခြစားသွားပေမယ့်
အမေ့သားကတော့ မာကြောတဲ့ကျောက်သားတွေလိုပေါ့
ဒီဝသုန်ပေါ် မားမားရပ်လို့ ငေးနေတယ်အမေ။
အမေပေးခဲ့တဲ့ ဂမ္ဘီရအတတ်တွေနဲ့ပဲ
မှော်ဆန်တဲ့ဘဝတွေကို မျက်လှည့်ပြနေရတာပေါ့။
ဂမူးရှူးထိုးအသားကျနေတာ အခုတော့
လေနှင်ရာလွှင့်လို့မျောခဲ့ ကြိုးမဲ့တဲ့စွန်ဖြစ်နေပြီလေ။
အမေ့ရင်ငွေလှုံရင်း ကိုယ်သင်းနံလေးကိုပြန်ရှိုက်ချင်တဲ့
စိတ်ခမ်းကောင်လေ အခွံမဲ့နောင်တတွေနဲ့
အတိတ်တံဆွေးခွက်ထဲ ပလက်မျောနေလိုက်တာများ ဆုံချည်ဆန်ချည်ပေါ့။
အဖန်တရာမက ရင်နာလှတဲ့ လောကဒဏ်ဟာ
ဇာခြင်ထောင်ချသလို ရင်ခွင်ထဲ သွတ်သွင်းဖို့ ချော့မြူနေတယ်။
မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။
ဇာတာမှာ အကျိုးပေးကောင်းပေမယ့်
ရာဇဝင်မှာ အလောင်းလှဖို့တောင် အတော်ကြိုးစားရဦးမယ် အမေ။
အချင်းတွေများခဲ့ပေမယ့် အခုတော့
ထပ်တရာပလာတာလို ကျောခြင်းကပ်လို့သွားတာ
အမေ့ရဲ့ ရင်ခွင်မဲ့သားနှစ်ကောင်ပါအမေ။
အမိမဲ့သားရေဝေးငါးလို့ အားမငယ်တော့ပါလို့
ကိုယ့်ဘာသာအားတွေပေးနေတဲ့ ကိုယ့်ငါးချဉ်လိုချဉ်တဲ့အကောင်ပါအမေ။
ဘဝစာမျက်နှာတွေပေါ် သုညတွေကုဋေစီနေဖို့
တစ်ဆိုတဲ့အစအက္ခရာရှာရင်း မောပန်းလို့နေပေမယ့်
ဟန်ဆောင်လို့ ပြုံးရယ်နိုင်အောင် ကြိုးစားနေဆဲပါအမေ။
လောကကြီးဆိုတာ လုံးဝန်းနေတဲ့ သံသရာဆိုပေမယ့်
ဒေါင်ကျကျပြားကျကျ နေနိုင်အောင်တော့ခင်းကျင်းရမှာပဲလေ။
ငါ့စေတနာငါမရှိမှသိဆိုတဲ့ မေ့ဝမ်းတွင်းစကား
နံရံတွေကြားကလွှင်စင်လာတဲ့ ပဲ့တင်သံလိုအခုထိတောင်နာကြားဆဲပါ။
ပြုံး၍လည်းကန်တော့ခံတော်မူပါအမေ။
ရယ်၍လည်းကန်တော့်ခံတော်မူပါအမေ။
ဆိုးမိုက်တဲ့အမေ့ရဲ့သားဆန္ဒကို အခွင့်ရေးလေးပေးတောင့်တခွင့်ပြုပါ။
အုတ်ချင်းတူပေမယ့် ဘုရားတည်သောအုတ်လို့
မြင့်မြတ်တဲ့အမိဂုဏ်အင်ဟာ မိန်းမသားတွေကြားရေပန်းစားဆဲပါအမေ။
စကြာဝဠာကကောင်းချီးပေးတယ့် အမေ့အဘိဓမ္မာဟာ
ရှစ်သောင်းလေးထောင်အကျယ်ဆောင်လို့ ဖတ်မကုန်နိုင်ပါပဲလေ။
မှန်ကန်သောတရားတွေသာ တည်မြဲနေမယ်ဆို
ဖြူစင်တဲ့အမေ့မေတ္တာ ဘယ်လောက်ကောင်းကြောင်း
သားဥဒါန်းချီရွတ်ဆိုပြနေမယ် အမေ။
ငါသည်ဤသို့ အမေ့၏ဂုဏ်၊အမေ့မေတ္တာ၊အမေ့စေတနာ
ပြန်မှန်းမျှော်ရင်း အဖန်ငါးရာငါးကမ္ဘာဝယ်
ပြန်ကာတလဲတွေ့ချင်သေးတယ်
အမေ့အတွက်သားသစ္စာလေ
ကမ္ဘာမြေပံသု သိလာထုလဲ သက်သေအထူးရှိဆဲပါ။

ဒီပိုစ်လေးနဲ့ပဲ ၂၀၀၉ ခုနှစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။လာမည့် ၂၀၁၀ မှာ သူငယ်ချင်းမိတ်ဆွေအပေါင်း ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေဗျာ။

ဓာတ်ပုံကို အမေဘလောခ့်မှ ကူးယူဖော်ပြပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။