>

(၁)

ဖားသည် မြွေကို ကြောက်၏ ။
ကြွက်သည် ကြောင်ကို ကြောက်၏ ။
သားသမင်သည် ကျားဘုရင်ကို ကြောက်၏ ။
သတ္တဝါအားလုံးသည် လူသားကို ကြောက်၏ ။
လူသားသည် သုံးလောက၏ စွမ်းအားရှင်ဖြစ်၏ ။
သို့ဖြစ်လျှင် လူတို့ကြောက်ရမည့် အရာကား အဘယ်နည်း။


✽✽✽✽✽

(၂)

“ဂွတ်နိုက်”
“ဂွတ်နိုက်”
မောင်မောင်ညိုက သူ့ဆရာ ဦးခင်မောင်ထွေးကို နှုတ်ဆက်၏ ။ဦးခင်မောင်ထွေးကလည်း နှုတ်တုံ့ပြန်၏ ။ နှစ်ဦးစလုံး၏ စကားသံကား ဗလုံးဗထွေးဖြစ်နေ၏ ။ ယစ်ရွှေရည်တန်ခိုးကြောင့် ယိမ်းထိုးနေပါ၏ ။
ပြီးတော့ ဦးခင်မောင်ထွေးကို လိုက်ပို့သော ကားသည် ” ဝူး ” ခနဲထွက်သွားတော့၏ ။

အိမ်ဖော်မိန်းမကြီး ဒေါ်သုန်က တံခါးဖွင့်ပေးသည်။ တအိမ်လုံး တိတ်ဆိတ်နေ၏ ။ ဒေါ်သုန်မှလွဲ၍ ဘယ်သူမှ မရှိကြပါ။
” ခင်မကော….. ” ဇနီးသည်ကို မေး၏ ။
” ဒီနေ့ သောကြာနေ့လေ “
” ဟုတ်ပ….ဟုတ်ပ ၊ ကိုတိုးကော……” သားတော်မောင်ကို သတိရ၍ မေး၏ ။
” ကိုတိုး ဟိုဘက်လမ်းထိပ်မှာ ဂစ်တာတီးနေတယ်လေ ၊ ဒီကတောင် ကြားနေရသေး “
” ကောင်းတယ်၊ ကောင်းတယ်၊ မွှေးမွှေးကော…..” သမီးဖြစ်သူကို မေးမိပြန်သည်။
” သူ့သူငယ်ချင်းမွေးနေ့ကို ညသွားအိပ်တယ်လေ။”
နောက်ထပ်မေးရန် အိမ်ထောင်စုမရှိတော့ပြီ။ ဒယိမ်းဒယိုင်နှင့် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။ မကြာမီ သူ၏ ဟောက်သံတွေက ထွက်ပေါ်လာတော့၏ ။

✽✽✽✽✽

(၃)

ဦးခင်မောင်ထွေးသည် ဆေးလိပ်၊ ကွမ်း၊ အရက်၊ လောင်းကစားကင်းသူဖြစ်၏ ။ ကော်ပရေးရှင်းတစ်ခုလုံး သူ့လောက် အပြစ်ကင်းစင်သူ တစ်ယောက်မှ မရှိ။ ဤသည်ကို သူ့ဆရာ ဦးစီးမှုးက သိ၏ ။ ဦးခင်မောင်ထွေး၏ ရိုးဖြောင့်တည်ကြည်ပုံ၊လုပ်ငန်းခွင် လူထုဆက်ဆံရေး ပြေပြစ်ပုံကို အမြဲတစေ ချီးမွမ်းခန်းဖွင့်လေ့ရှိ၏ ။

ဦးခင်မောင်ထွေး၏ အိမ်ထောင်စု အသိုင်းအဝိုင်းကိုလည်း ကြည့်ပါ။ ဇနီးသည် ဒေါ်ခင်မမက ပကတိ တောသူ၊ ရိုး၏ ၊ အ ၏ ။ အိမ်ထဲမှ အိမ်ပြင် ထွက်လေ့မရှိ။ ငွေဆိုလည်း အပိုတစ်ပြားမှ မသုံး။ အနေအထိုင်ကျစ်လစ်၏ ။
အချုပ်ဆိုရသော် အိမ်ရှင်မကောင်း တစ်ဦးဖြစ်၏ ။

သူ့သား ကိုတိုးနှင့် သမီးမွှေးမွှေးကိုလည်း ကြည့်ကြပါဦး။ လိမ္မာရေးခြားရှိ၏ ။လူကြီးသူမ မှန်းလည်း သိသည်။ ကျောင်းစာဆိုလည်း တစ်နှစ် တစ်တန်း မှန်မှန် အောင်သည်။ အောင်သည်ဆိုရာလည်း အဆင့်မြင့်မြင့် အောင်သည်။

သူ့ဆရာ ဦးစီးမှုးက အထက်ပါ ဦးခင်မောင်ထွေး၏ အရည်အချင်းကို သိ၍ သူနှင့် သင့်လျှော်သော ဌာနခွဲတစ်ခုကို အုပ်ချုပ်ရန် စေလွှတ်လိုက်၏ ။
” အခု မင်းအုပ်ချုပ်ရမည့် ဌာနကတော့ အရပ်စကားနဲ့ပြောရရင် ဖုန်းဆိုးမြေ ပေါ့ကွာ”
” စိတ်ချပါ ဆရာ၊ ကျွန်တော် အုပ်ချုပ်ရမှာက အသိဥာဏ်မဲ့တဲ့ သားရဲ တိရိစ္ဆာန်တွေ မဟုတ်ပါဘူး၊ ယဉ်ကျေးပြီး အသိဥာဏ်ကြွယ်တဲ့ လူသားတွေပါ ဆရာရယ်။ “

✽✽✽✽✽

ဤဌာနကို ရောက်တော့ မောင်မောင်ညိုနှင့် ဖက်လဲတကင်း ဖြစ်ရသည်။ မောင်မောင်ညိုက ဌာနခွဲစာရေးကြီးလည်းဖြစ်၊ ရုံးသက် အရင့်ဆုံးလည်း ဖြစ်သည်။ ရုံးလုပိထုံးလုပ်နည်းကို သေတ္တာမှောက် လုပ်နိုင်သူ ဖြစ်သည်။
သို့ဖြစ်၍ မကြာမီမှာပင် မောင်မောင်ညိုသည် ဦးခင်မောင်ထွေး၏ ညာလက်ရုံးတစ်ဆူ ဖြစ်လာသည်။
ဦးခင်မောင်ထွေး ရောက်စတော့ သူ့အတွက် ရုံးခန်းသီးသန့် မရှိပါ။ ခန်းမကြီးတစ်ခုထဲမှာပင် ရုံးသူ ရုံးသားများနှင့် ရောထိုင်သည်။ နောက်တော့မှ မောင်မောင်ညို၏ အကြံပေးချက်အရ သူ့အတွက် အခန်းဖွဲ့လိုက်သည်။ ဆင်နားရွက်တံခါးနှင့် ဖြစ်သည်။
တံခါးရွက်ပေါ်တွင် ” ဝင်ခွင့်တောင်းပါ ” ဆိုသော စာတမ်းကိုလည်း ချိတ်ထားသည်။ အခန်းဝတွင် မောင်မောင်ညို စားပွဲရှိသည်။ မောင်မောင်ညိုကို ကျော်ပြီး ဦးခင်မောင်ထွေးကို မတွေ့ရဆိုသည့် သဘောဖြစ်သည်။
” ဒီလို အာစရိရဲ့……”
မောင်မောင်ညိုက သူ့ကို ဤသို့ ဆန်းတင်ကာ ခေါ်၏ ။
” ဒီဌာနက အလွှာပေါင်းစုံ၊ လူပေါင်းစုံ ကျက်စားတဲ့ ဌာနဗျ၊ ဒီတော့ ကိုယ့်ကို လိုသူရော မလိုသူရော လာကြမယ်ဆိုတော့ကာ လူတိုင်းကို အတွေ့မခံရအောင် အခန်းဖွဲ့လိုက်မယ်။ “
ဤအကြောင်းပြချက်ဖြင့် အခန်းဖွဲ့လိုက်၏ ။

” နောက်တစ်ခု အာစရိကို ပြောထားရဦးမယ်၊ ဒီဌာနက ပစ္စည်းရောင်းတဲ့ ပါမစ်ထုတ်ပေးရတဲ့ဌာန ဖြစ်လေတော့ လာတဲ့သူတွေကလည်း မူနဲ့ဘောင်နဲ့ ညီအောင်လုပ်ပြီး လာကြမှာပဲ၊ ဘယ်သူလာလာ ဟန်ကိုယ့်ဖို့ဆိုတာတော့ ရှိသင့်တယ်။
ဥပမာ- ဒီပစ္စည်းကို ရောင်းချရမယ်လို့ သိကြားမင်းက အမိန့်ပေးတောင်မှ…..”
ပြတ်သွားသော မောင်မောင်ညို့စကားကြောင့် ရှေ့ဆက် ဘာများ ဥပမာ ဥပမေယျစကား ထွက်လာဦးမလဲဟု သူ စိတ်စောနေ၏ ။
” အကြံတုံး ဥာဏ်တုံး ပုံစံနဲ့ ခေါင်းကုတ်တာမျိုး၊ အကြံအိုက်ကာ အကြောတက်ပြီး ဇက်ကြောကိုလဲ မလှည့်ချင်ပဲ လှည့်ရတဲ့ ပုံစံမျိုး လုပ်ပြီးမှ တစ်ဒါဇင်လောက်ရှိတဲ့ ဘောပင်တွေကို ကိုင်၊ စိမ်ပြေနပြေ တစ်ချောင်းခြင်း ရွေးနေလိုက်၊
ရှင်းရှင်းပြောရမယ်ဆိုရင် မြစ်ကို အလျားလိုက်ကူးပါ၊ ကြမ်းပိုးကို ခါးတောင်းကြိုက် ရှာပါ”
“ဘာ…ဘာ…ဘယ်လို…..”
“ဟဲ… ဟဲ… အာစရိ မျက်စိလည်သွားပြီကိုး…..၊ ဒီလိုလေ အာစရိရဲ့၊ ပါမစ်ကို လက်မှတ်ထိုးခါနီးမှာ ကိုယ့်အမေ ဟိုဒင်းပစ္စည်းကို ပေးရသလို တွန့်တိုနေတဲ့ ပုံစံလုပ်ပြရမယ်၊ စက္ကန့်ပိုင်းအတွင်း ပြီးမယ့်ကိစ္စကို မိနစ်ပိုင်း နာရီပိုင်းလောက် ကြာတဲ့အထိ
အချိန်ဆွဲထားရမယ်”
” ဟာ… မင်းကလဲကွာ၊ မြန်မြန်ပြီး မြန်မြန် ရှင်းတာပေါ့ကွာ၊ သူ့ကို မြန်မြန် လက်မှတ်ထိုးပေးလိုက်တော့ သူလဲ မြန်မြန်သွားရော မဟုတ်လားကွ”
” အာစရိ ခုထိ သဘောမပေါက်သေးဘူးပဲ၊ အာစရိက လွယ်လွယ်ကူကူ လုပ်ပေးလိုက်ပြီ ဆိုပါတော့ အာစရိ လုပ်ငန်းကို ဘယ်သူက တန်ဘိုးထားမှာလဲ၊ ရပါတယ်ကွာ သူဌေးသွားသွား၊ ခွေးသွားသွား လုပ်ပေးတဲ့ ပုဂ္ဂိုလ်လို့ ထင်မှာပေါ့ဗျ။”
အခုလိုဆိုတော့လည်း ဟုတ်တုတ်တုတ်ပင် ဖြစ်၏ ။

မုဒုံ သုမွန်
ဆက်ရန်ရှိပါသေးသည်။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဝတ္တုတိုလေးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။လူ့လောက လူ့သဘာဝမှာ ကြောက်စရာ ကောင်းဆုံးသော အရာတွေကို စာရေးသူ မုဒုံ သုမွန်က ရေးသားဖော်ပြသွားတာကို သဘောကျ နှစ်ချိုက်မိလို့
စာရေးသူ မူရင်းအတိုင်း ပြန်လည်ရေးသားတင်ပြအပ်ပါသည် ခင်ဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။