>

“အသိုက်

တိမ်တွေက ပြို
မိုးမည်းတွေ ညို
ခေါင်က မိုးယို
တဲအိုလေးထဲ
ကြောက်အားပို
သားငယ် အငို
ချော့မြူအားပေး
ရင်ငွေ့ထွေးကာ
နို့တိုက်ရှာတဲ့
အို..ဘယ့် မိခင်။

အမယ်က အို
သားက ပျို
ကြင်ယာစုံ
သိုက်မြုံလေးထဲ
အူစိုအောင်
တစ်ကိုယ်စာ
ကြံဖန်စားရှာတဲ့
အမယ်အို့ ဒုက္ခ
သားငယ်ပျို
ဂဃနဏ
မသိရှာဘူး။

ချမ်းဧအိမ်

♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡

“အမေ့အလွမ်းသင်ရိုး တမ်းချင်း”

ဒီကနေ့ ………..
အမေများနေ့ ရောက်ပြန်ပြီ မေမေ။

မေမေ့ မွေးကျေးဇူးကျွေးကျေးဇူး
မဆပ်နိုင်တဲ့ သားအတွက်
မေမေ ခွင့်လွှတ်နားလည်ပါစေ မေမေ။

ရင်ခွင်တစ်စုံ ပျောက်ရှခဲ့တဲ့
အမိမဲ့သား ကျွန်တော်တစ်ယောက်
တုနှိုင်းမရ မေမေ့ မေတ္တာတွေ
ခဏခဏ ငတ်မွတ်နေတယ် မေမေ။

အမှောင်ကွယ်ရာ ချောင်တစ်ချောင်မှာ
တိတ်တိတ်ကလေးဆွေး၊ ငြိမ့်ငြိမ့်ကလေးငေးလို့
အမေထွက်သွားတဲ့လမ်း မျော်မှန်းတမ်းတနေမိတယ် မေမေ။

တစိမ့်စိမ့်ယို စီးဆင်းကျလာတဲ့
မေမေ့ကိုလွမ်းတဲ့ သားမျက်ရည်တွေကလေ
ဘယ်သူ့မှမမြင်နိုင်တဲ့ နှလုံးသားအတွင်းပိုင်း
တနေရာမှာလေ “တမ်းချင်းမြစ်” ဖြစ်လို့ပေါ့။

မေတ္တာရုံလွှာ လွှမ်းခြုံထားတဲ့
အမေ့ကွန်းခို အေးရိပ်မြုံမှ
အနွေးဓာတ်ဆက်လက်နဲ့
တဖန်ပြန်ပြီး လှမ်းထွက်
ထွေးပိုက်လှဲ့ပါ မေမေ။

ချမ်းဧအိမ်

လူတွေအတွက်သာ တနေထွက် တနေဝင် အလုပ်ပြီးသွားကြပေမယ့်
အမေ့ အလုပ်ကတော့ ထာဝရ မပြီးနိုင်ဘူး။

လူသားတွေအတွက်သာ အချစ်သစ် အချစ်ဟောင်း ပြောင်းလဲသွားကြပေမယ့်
အမေ့ အချစ်ကတော့ ထာဝရ မအိုဟောင်းနိုင်ဘူး။

ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်

ဝသုန်တည်တဲ့သစ္စာ

ဆက်လက်ကြိုးစားပါဦးမည်။