>

ငယ်စဉ်ကျောင်းနေအရွယ်တုန်းက သင်ခဲ့ရဖူးသည့် ကွမ်းအကြောင်းရေးစပ်ထားတဲ့ ကဗျာလေးနှစ်ပုဒ် အကြောင်းကို “ငယ်ဘဝမှာမှတ်မိသောကဗျာများ”ဆိုတဲ့ တက်ပိုဒ်လေးမှာ ထည့်ရေးခဲ့ဖူးပါတယ်။ ဒီကွမ်းယာ၊ ကွမ်းသွေးအကြောင်း အပြိုင်ရေးဖွဲ့ခဲ့ကြတဲ့ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့ကို လူတိုင်းနီးပါးလောက်က သူတို့အကြောင်းနှင့် သူတို့နှစ်ဦး အပြိုင်ရေးစပ်သီကုန်းခဲ့ကြသော အခြားသောကဗျာတွေကို သေချာမသိကြပေမယ့် လူဦးမင်းရယ်၊ ဖိုးသူတော်ဦးမင်းရယ် လို့သာဆိုလိုက်ရင်ဖြင့် အကုန်နီးပါးသိကြဖူးမှာပါ။ (ကျွန်တော်လဲ အတူတူပါပဲ။) သူတို့နှစ်ဦးဟာ မြန်မာတို့ရဲနောက်ဆုံးနန်းဆက် ကုန်းဘောင်မင်းဆက်မှာ အတော်လေးကို အမည်ကျော်ကြား ဂုဏ်သတင်းထွားခဲ့ကြတဲ့ မြန်မာ့စာဆိုတော်ကြီးတွေထဲမှာ ပါဝင်တဲ့ မြန်မာကဗျာစာဆိုနှစ်ဦးပါပဲ။
ဖိုးသူတော်ဦးမင်း
ခတ်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်-ချီ တောင်သူကြီးရုပ်ဖွဲ့ ဒုံးချင်းရေးသူ ဖိုးသူတော်ဦးမင်း၏ မွေးဌာနီမှာ မိတ္ထီလာကန်အောက် ပင်းတလဲမြို့အနီး ရေဝေရွာ ဖွားရာဇာတိဖြစ်သည်။ ငယ်အမည်မှာ “မောင်မင်း” ဖြစ်သည်။ နောက်ဖိုးသူတော်အဖြစ်နေရာ ငယ်နာမည်မပျောက်ပဲ ဖိုးသူတော်ဦးမင်းဟု အမည်ထင်ရှားလေသည်။ အမရပူရမြို့ ပုဂံမင်း၊ မင်းတုန်းမင်းတိုရဲ့ ဘကြီးတော် ရတနာပူရ စတုတ္ထမင်းတရားကြီး (စစ်ကိုင်းမင်း) လက်ထက်တွင် စာတိုတော်အဖြစ်ဖြင့် ဝင်ထွက်ခစားရသည်။ စာဆိုတော် လူဦးမင်းနှင့် အချီအချဆိုရ ရေးရသည်။ကုန်းဘောင် ရွှေဘိုမင်းတရားကြီး လက်ထက်အထိ ဖိုးသူတော်ဦးမင်းသည် တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ လေးချိုးကြီး၊ ရတု၊ ဒုံးချင်းများကို ရေးသားဖွဲ့ဆို သီကုန်းလေ့ရှိသည်။
ရေဝေရွာကို နှုတ်လွှတ် “ရဝေ”ဟု အခေါ်များကြသည်။ ရှေးက ယင်းအရပ်၌ မိုးရွာသွန်းသည့်အခါ တောရေတောင်ရေများ ပြည့်လျှံတက်လာရာ အရှေ့ဘက် မိတ္ထီလာကန်အရောက် စီးဆင်းသွားသည်။ထိုအရပ်မှနေ အရှေ့အနောက်သို့ ရေများခွဲဝေ စီးဆင်းသွားကြသဖြင့် “ရေဝေအရပ်”ဟုခေါ်ကြောင်း မှတ်သားရပေသည်။
သက္ကရာဇ် ၁၁၉၉-ခုနှစ်တွင် ကုန်းဘောင်ရွှေဘို မင်းတရားကြီး နန်းတတ်၍ ဥကင်သမင်္ဂလာ အခမ်းအနားဖွင့်သောအခါ အမတ်ကြီး ဦးပေါ်ဦးစာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား ဒုတိယ န၀ဒေးတို့နှင့်အတူ ဘုန်းတော်ဖွဲ့ ရတုများကို အပြိုင် ရေးသားဆက်သွင်းရသူဖြစ်သည်။
လူဦးမင်း
သက္ကရာဇ် ၁၁၆၂ ခုနှစ် တပေါင်းလဆန်း ၅ ရက် အင်္ဂါနေ့ဖွားမြင်သည်။ဇာတိမှာ ရွှေဘိုမြို့ မြောက်လက်အရပ်၊ ရှေးအခေါ် ငါးရာနဲ၊ ယခုအခေါ် ငရနဲဇာတိဖြစ်သည်။ငယ်မည်မှာ မောင်စံရွှင် ဖြစ်ပြီး မယားမှာ ငရနဲမြို့သူ မခက်ဖြစ်သည်။
အမရပူရ ဒုတိယမြို့တည် ကုန်ဘောင်မင်းတရားလက်ထက် နေမျိုးသီရိကျော်ထင် ဟူသောဘွဲ့အမည်ဖြင့် ကွမ်းဖိုးစား၊ ကွမ်းဖိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်ရသည်။
ပုဂံမင်းတရားလက်ထက် ယောက်ဖမင်းသား မောင်ကျောက်လုံးက ကွမ်းဖိုးထိန်း နေမျိုးသီရိကျော်ထင်ကို သနားတော်မူပါမည့်အကြောင်း သံတော်ဦးတင်ရာ ခွင့်သနားတော်မူသောကြောင့် မင်းသားမောင်ကျောက်လုံးနှင့် အတူနေရသည်။နောင် တောင်ငူ၊ ရွှေကျင်သို့ စစ်ချီရာ လိုက်ပါရ၍ ရွှေကျင်မြို့၌ ခေတ္တနေရသည်။
နောက် မင်းတုန်းမင်းတရားကြီးလက်ထက်တော်၌ အိမ်ရှေမင်းတပ်မင်းတော်တွင် ခစားရသည်အခါ နေမျိုးသင်္ခယာဘွဲ့အမည်ဖြင့် နာခံတော်ရာထူးကို သနားတော်မူ၍ ရိက္ခာတော်လစားများဖြင့် ချီးမြှောက်ခံရသည်။
စာဆိုတော် ဖိုးသူတော်ဦးမင်းဆက်သွင်းသမျှ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ ဘုန်းတော်ဘွဲ့၊ လေးချိုးကြီး၊ ဒုံးချင်း၊ ၁၂ရာသီဖွဲ့သော သီချင်း၊ ကဗျာများကို ဖတ်လျှောက်ရသည်။
မိမိကိုယ်တိုင်လည်း လေးချိုးကြီး၊ တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ ၁၂ရာသီဖွဲ့၊ ဒွေးချိုး၊ လေးချိုး၊ သီချင်းများကို ရေးသားလေ့ရှိသည်။၁၂၃၃ ခုနှစ် အသက် ၇၁နှစ်မှာ အဖျားရောဂါနှင့် အနိစ္စရောက်ရသည်။
လူဦးမင်းအနိစ္စရောက်သည့်အခါ ဝတ်လျှက်ရှိသော အင်္ကျီအိတ်ထဲမှ ထန်းရွက်စာလွှာလေးတစ်ခု တွေ့ရသည်မှာ-
“အဇ္ဇတဂ္ဂေ၊ နေ့ရေလို့ လွမ်း။
နှမမောင့်ကိုချစ်တာဖြင့် နည်းရစ်တော့ဝမ်း။”
ထိုစာလွှာလေးကို ကျန်ရစ်သူဆွေးမျိုးတို့က လူဦးမင်းဇနီးကိုပေး၍ လူဦးမင်း၏ နောက်ဆုံးအချိုး သဖြန်းလေးကို သူဇနီးသည်က ကောင်းစွာသိမ်းဆည်းထားလေတော့၏။
လူဦးမင်း၏အကြောင်းကို စစ်ကိုင်းမြို့ ညောင်ပင်သာဆရာကြီး သူတော်ဦးပုည မိန့်ချက်မှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီးလက်ထက်တော်တွင် မုံရွေးဆရာတော်မေတ္တာစာကို သက္ကရာဇ် ၁၁၈၉ ခုနှစ် နယုန်လဆန်း ၃ ရက် တနင်္လာနေ့တွင် ရေးစီ၍ပြီးသည်။ နောက်တနေ့ နယုန်လဆန်း ၄ ရက်တွင် ဘကြီးတော်မင်းဆီသို့ ဆက်သွင်းရာ ဖောင်တော်ဦး စနုဆောင်တွင် စံတော်မူနေစဉ် ညီလာခံမူးမတ်အပေါင်းတို့ရှေ့တွင် ရွှေတိုက်အတွင်းဝန်မင်းကြီး မဟာသက်တော်ရှည် ဆက်သသည်။ သံတော်ဆင့် မင်းကျော်သီရိ ၊ ငယ်မည် မောင်ရွှင်ဟု ဖတ်လျှောက်ရသည်ဟု မိန့်သည်။ ထိုမောင်ရွှင်ဆိုသူမှာ မောင်စံရွှင် ခေါ် လူဦးမင်းဖြစ်ပေသည်။
ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ ကျော်စောသောအခါသည်ကား ဘကြီးတော်မင်းတရား နန်းမတော်မယ်နုတို့ လက်ထက်က စလာပေသည်။
ထိုလက်ထက်တော်က ဖိုးသူတော်ဦးမင်းနှင့်အတူ စာဆိုတော်အမှုကို ထမ်းရွက်ရသောကြောင့် လူမောင်မင်း ဟုခေါ်တွင်စေရန် အမိန့်တော်မှတ်တော်မူသဖြင့် လူမောင်မင်း ဟု ထင်ရှားခြင်းဖြစ်သည်။
ရတနာပူရအင်းဝမြို့ နန်းမတော်မယ်နု တောင်လေသာ၌ ညအခါလသာတွင် စံတော်မူနေစဉ် ဦးမင်းနှစ်ပါးအား “မောင်မင်းတို့ စာဆိုရမည်။ သူတော်ဦးမင်း စာခံတာကို လူဥိးမင်းက စာ အုပ်ရမည်”ဟု မိန်တော်မူသဖြင့်-
သူတော်ဦးမင်းက – ကုဏ္ဍလာ ဒုမ္မာကပေါ။
လူဦးမင်းက – ဂုမ္ဘောဂုမ္ဘီနှင့် တပသီဇာဓိုရ်ဝိတ်ကယ်တို့ ဆေးကြိတ်တဲ့တော။
နောက်တနေ့ နန်းမတော်ကြီးက ပဲဖြူပြုတ်ကလေး ပွဲတော်တည်နေရင်း
“ဆရာကြီးတို့ ပဲဖြူကလေးသည် ငါတို့နိုင်ငံကသာထွက်လို့သာ။ တစ်ပါးနိုင်ငံကထွက်ရင် ပဲတစ်ပြည် ရွှေတစ်ကြက်ဥတန်တယ်။ အလွန်မှ စားလို့အရသာရှိပေတယ်။ လူမောင်မင်းက စာခံ၊ သူတော်ဦးမင်းက စာအုပ် စာဆိုရမည်။ ”
လူဦးမင်း- ပဲကလေးက စိမ့်လိုက်တာ၊ ပြောစရာ ရဘူး။
သူတော်ဦးမင်း- ညအခါ လသာကို တော်သုံးတယ်၊ လေပုန်းကမြူး။
နန်းမတော်ကြီးလဲ ရယ်တော်မူ၍ ဆုတော်များပေးတော်မူသည်။
ထားဝယ်မြို့ဝန်က မယ်ကယ်နှစ်ကို လှပစွာပြုလုပ်၍ နားပန်တော် ဆက်သရာ ထိုနားပန်းတော်ကို စာဆိုတော် လေးဦး စာဆိုတော်မူပြီးမှ ပန်တော်မူမည် ဟု မိဖုရားကြီးမိန့်တော်မူချက်အရ ပထမအပိုဒ်ကို လူဦးမင်း၊ ဒုတိယအပိုဒ်ကို ဖိုးသူတော်ဦးမင်း၊ တတိယအပိုဒ်ကို ရကန်ဆရာကြီး ဦးတိုး၊စတုတ္ထအပိုဒ်ကို ရကန်ဖျက်ဆရာ ဦးလန်း စာဆိုတော် လေးဦးက အလှည့်ကျ နှုတ်ဖြင့်လျှောက်တင်ကြသည်မှာ –
လူဦးမင်း။ ။ ဆင်တော်ရန် ပန်နားကပ်၊ ကျောက်မြတ်ကတဲ့ မခြယ်၊
ဖိုးသူတော်ဦးမင်း ။ ။ သင်္ဘောပါ မယ်ကယ်နှစ်မှာ၊ နတ်ယစ်သည့်နှယ်၊
ရကန်ဦးတိုး။ ။ သီလကုတ် ကြောင်ကြိုးသွယ်၊ စံပယ်တင်ခြယ်သန်း၊
ရကန်ဖျက်ဦးလန်း။ ။ ရွှေဥဘာ ရောင်ခြည်ဝှေ့တယ်၊ နန်းမေ့ဆင်ပန်း။
ရုတ်ခြည်းပေါ်၍ ဆီလျော်အောင် မဆိုင်းမတွ လျှောက်ဆိုကြလျှင် မိဖုရားခေါင်ကြီး အလွန်ဝမ်းမြောက်တော် မူပါသဖြင့် နားပန်းတော် ဆင်မြန်းတော်မူပြီးလျှင် စာဆိုတော် လေးယောက်တို့ကို ဝတ်စုံတစ်စုံစီနှင့် တစ်ပိဿာရှိ ဒိုင်ခွက်တစ်ခွက်စီ ချီးမြှောက်တော်မူလေသည်။

ဆက်ရန်……

ဆက်လက်ကြိုးစားပါဦးမည်။