>

“ဒိုင်း
ဆိုသော သေနတ်သံသည် အရှေ့ဘက်တောင်တန်း တစ်လျှောက်သို့ ဝေါကနဲ ပဲ့တင်ရိုက်ခတ်သွားလေ၏။ အိမ်သားတို့မှာ တစ်ပြိုင်နက် လက်ဝါးဖြင့် မျက်နှာကိုအုပ်ထားလိုက် ကြသည်။ ပြန်၍မရဲတရဲဖွင့်ကြည့်လိုက်ကြသောအခါတွင် အဖေသည် သူ၏ လက်ထဲမှသေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှစိုက်ကြည့်ကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး တပွက်ပွက် ယိုစီးထွက်ကျ လျက်ရှိသောသွေးအိုင်ထဲတွင် တုံးလုံးကလေး လဲနေရှာသည့် “တာတီး” ကို ယူကျုံးမရ နှမြောတသစွာ ငေးစိုက်ကြည့်ရင်း မရှူနိုင် မကယ်နိုင်ဖြစ်နေဟန်တူ၏။ ထို့နောက် တာတီးလဲနေရာသို့ ပြေးသွားပြီး အနီးတွင် ဒူးထောက်၍ ထိုင် ကာတာတီး၏ ပူပူနွေးနွေးပျော့ခွေ လျက် ရှိသော ကိုယ်ကလေးကို တအားပွေ့ယူလျက်မျက်နှာချင်း အပ်ထားလိုက်ကြသည်။
ထိုစဉ်က အဖေ ငိုသည် မငိုသည်ကို သေချာမသိခဲ့သော်လည်း ဖားဖိုကြီးလို ပိန်ချည်ဖောင်းချည် ဖြစ်နေသော အဖေ့ကျောပြင်ကြီးကိုတော့ နောက်ဘက်မှ အတိုင်းသား မြင်ခဲ့ရသည်။ လူတိုင်းပင် ကျောက်ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီးရပ်ကာ ကြောင်တောင်ငေးနေကြသည်။ အကျိုးအကြောင်း စုံစမ်းမေးမြန်းရန် အပြေးအလွှား ရောက်လာကြသည့် အိမ်နီးချင်းများပင်လျှင် အဖေနှင့် တာတီးတို့ အဖြစ်ကို မြင်ကြသောအခါ အံ့သြမိန်းမော ကုန်ကြ၏။
ဤသို့ အားလုံး ငြိမ်သက်တိတ်ဆိတ်လျက်ရှိရာမှ အတန်ကြာသော် အဖေသည် တာတီး၏ သွေးများဖြင့် ပေကျံလျက်ရှိသော မျက်နှာကြီးကို မော့ကာ နားထင်ကြောများ ပြိုင်းပြိုင်းထအောင် အံကိုခဲထားရာမှ ရင်ဝတွင် ဆို့တက်နေသည့် အပူလုံးကို
“ဂလု”
ကနဲ မျိုချရင်း အမေ့အား……
“မရီ…… သူ့ကို ငါဟိုတစ်နေ့က ဝယ်ခဲ့တဲ့ သက္ကလပ်စောင်နဲ့ ထွေးပြီး ခေါင်းရင်းက ယုဇနပင်အောက်မှာ ကျကျနနမြုပ်ပစ်လိုက်၊ သူနဲ့ဆိုင်တဲ့ပစ္စည်းမှန်သမျှ အကုန်ထည့်၊ သူစားနေကျ ထမင်းဇလုံလေးကိုတော့ သူ့မြေပုံပေါ်မှာ မှောက်ထား၊ ငါမပြန်လာခင် အစအန မကျန်အောင်လုပ်ထားနှင့်…..၊ ကြားရဲ့လား”
အမေက မျက်ရည်များကြားမှ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားသောအဖေ့ကို ကရုဏာသက်စွာ ငေးကြည့်ရင်း ခေါင်းကို ဖြေးလေးစွာ ခါလိုက်လေ၏။
အင်္ဂလိပ် အုပ်စိုးစဉ်က အမေရိကန် သာသနာပြုကျောင်းတွင် ကျောင်းအုပ်အဖြစ် တစ်လ သုံးရာမျှသော လခကိုစားရသည့် အဖေ့မှာ သားမယားကို လူတန်းစေ့ တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည်။ သားသမီးများကို ချစ်သည် မှန်သော်လည်း ဘယ်သောအခါမှ လက်ပွန်းတတီး ရင်းရင်းနှီးနှီးမနေ၊ တည်တည်ပင် ဆက်ဆံ၍ ကျွေးစရာရှိ ကျွေး၊ ဆော်စရာရှိ ဆော်ခဲ့သည်ဖြစ်ရာ အဖေ့ကို ချစ်ကြောက်ရိုသေခဲ့ကြသည်။
ကျောင်းသား တပည့်များကလည်း ထိုနည်းတူစွာပင်…….
သို့သော် တာတီးနှင့်ကျတော့ အဖေ့မှာ ဈန်လျှောရလေ၏။ မိမိသိက္ခာကို ပင်မဆည်နိုင်အောင် တာတီးကိုချော့ရ မြူရ ယုယပိုက်ထွေး ခဲ့ရလေသည်။ တစ်ခါတရံ အမေက အဖေ့အား ကိုယ်သားသမီးများထက် တာတီင်္းကိုပို၍ ချစ်သည်ဟု ရန်တွေ့ပြီး စွဲချက်တင်သောအခါ အဖေက နှစ်ခြိုက်စွာပြုံး၍
“မင်းမလဲကွာ….. တိုစရာမရှိတိုရန်ကော ဒို့ကလေးတွေမှာက ချစ်ခင်ယုယမယ့် ဆွေမျိုးသားချင်း အပြည့်အစုံနဲ့ကွ တာတီးမှာတော့ ဒီလို မေတ္တာရိပ် ခိုလှုံစရာရှိတာမဟုတ်တော့ ပိုပြီး သနားရတယ် ကြင်နာရတယ်ကွ…… မှတ်ထား”
အဖေ့၌ မည်သူကမှ တားမြစ်ဆုံးမလို့ မရသော ဝါသနာဆိုး တစ်ခုရှိသည်။ ၎င်းမှာ အချိန်အားရှိတိုင်း တောတက် အမဲလိုက်နေခြင်းပေတည်း။ နွေရာသီကျောင်း ရက်ရှည်ပိတ်သောအခါ အဖေသည် အိမ်၌ အေးအေးလူလူ နားနေသည်ဟူ၍မရှိ။ သူ့အပေါင်းအဖော်များနှင့် တစ်တောဝင် တစ်တောထွက် အမဲလိုက်ရင်း အချိန်ကုန်ခဲ့သည်ချည်းပင်။ အိမ်သို့ ပြန်ရောက်သောအခါ ရလာသမျှ ဂျီင်္သား၊ ဆတ်သား အခြောက်များ၊ တိရိစ္ဆာန် သားရေများ၊ ဦးချိုများကို တစ်ခုစီ ထုတ်ပြရင်း ဘယ်ဥစ္စာကဖြင့် ဘယ်လို ရခဲ့တာပဲ …စသည့်ဖြင့် သူလက်ရာကို ဝင့်ကြွားစွာ မြိန်ရေရှက်ရေ ပြန်လည် ပြောပြ တက်ပေသည်။ တစ်ခါတစ်ရံ ယုန်၊ ကြက်တူရွေး၊ ဇီးကွက်စသော အကောင်ကလေးများကို အရှင်ဖမ်းခဲ့ပြီး သားသမီး ကစားရန်အလိုငှာ ယူဆောင်ခဲ့တက်သေးသည်။ မှတ်မိပါသေးသည်။ တောမှပြန်ရောက်စ တစ်ခါက သားသမီးများ စုရုံးစေပြီး အိတ်တစ်ခုကို မလျက် အတွင်းမှ လှုပ်နေသော သဏ္ဍန်ကို ပြကာ…..
“အထဲမှာ ဘာကောင် ရှိသလဲ ပြောကြစမ်း”
မချိုမချဉ် မျက်နှာပေးဖြင့်မေးရာ မည်သူမျှမှန်အောင် မဖြေနိုင်သောအခါမှ အထုတ်ကိုဖြေပြရာ ဆောင့်ကြောင့်ထိုင်လျက်ရှိသော မျောက်မကလေး တစ်ကောင်ကို ဘွားကနဲ တွေ့ကြရလေ၏။ ထို့နောက် ၎င်းမျောက်မကလေးကို ဘယ်ပုံရခဲ့ကြောင်း ရာဇဝင်ခင်းပြရာ မောင်နှမတစ်တွေမှာ တသောသောရယ်ရင်း မျောက်နှင့် လူအသွင်ချင်းတူ၍ နီးစပ်ပုံကို ရင်သပ်အံ့သြ ခဲ့ကြရသည်။ မဲတူ(မျောက်မကလေးကို ပေးထားသော နာမည်) ရခဲ့ပုံကို အလျဉ်းသင့်၍ အနည်းငယ်ဖော်ပြပါရစေ။
အဖေတို့ လူသိုက်မှာ ထိုနေ့က ကျားပစ်ရန်ထွက်ခဲ့ကြရာ နေပြောက်ထိုးမဝင်အောင် အုံ့ဆိုင်းညှို့မှိုင်းနေသော တောစပ်သို့ရောက်၍ ခေတ္တ အပန်းဖြေကြစဉ် သစ်ကိုင်းများပေါ်တွင် မရေတွက်နိုင်အောင် များပြားသော မျောက်တစ်အုပ်ကို တွေ့ရသည်ဆို၏။ သို့သော် ကျားနှင့် မတွေ့မှီ သေနတ်သံ မပေးလို၍ မျောက်များကို ပစ်ခတ်ခြင်း မပြုကြပေ။ အဖေတို့ ရှေ့တူရှုး သစ်ကိုင်းကြီးတစ်ခုပေါ်၌ မျောက်ထီး၊ မျောက်မနှင့် မျောက်ကလေးသုံးကောင်မှာ တစ်ဘက်အပင်မှ သစ်ကိုင်းကို ခုန်ကူးရန်စီစဉ်နေကြ၏။ မိခင်လုပ်သူက မျောက်ငယ်ကို ကျောပိုးထားလိုက်ပြီး မျောက်ထီးကြီးကအရင် လွှဲ၍ကူးသွားသည်။ ထို့နောက် ဟိုဘက်ကိုင်းမှ လှမ်း၍ မျောက်မအား ကူးခဲ့ရန်
“ကွိကွိ ကွကွ”
နှင့်ခေါ်ငင်လေရာ မျောက်မသည် ကျောပေါ်မှ သားငယ်ကို မြဲမမြဲစမ်းသက်ပြီး ကိုယ်ကိုလွှဲ၍ ကူးလိုက်ရာ “ဟယ်” ဆိုသော အဖေတို့၏ အသံတွေနှင့်“ဖုတ်”ကနဲ မျောက်ငယ်မှာ မြေပေါ်သို့ ကျလာလေတော့သည်။ ထိုအချင်းအရာကိုမြင်သော မျောက်ထီးကြီးမှာ ဒေါသ ကြီးစွာဖြစ်၍ သစ်ခက်တစ်ခုကို ချိုးတဲ့ကာ မျောက်မအား သားလွတ်ကျရပါ့မလားဟု တဖုန်းဖုန်းရိုက်တော့သည်။ အဖေတို့လည်း ငိုအားထက် ရယ်အားသန်ကြကာ မိမိတို့ ရှိနေလျှင် ၎င်းတို့သားငယ်ကို ဆင်း၍ မကောက်ဝံ့ဘဲ နေမည်စိုး၍ ထိုနေရာမှ ဖဲခွာခဲ့ကြသည်ဆို၏။
သို့ရာတွင် အဖေတို့မှာထိုနေ့အဖို့ ကျားမတွေ့ရဘဲ ညနေစောင်းပြန်ခဲ့ကြသော် ထိုသစ်ပင်အောက်တွင် တကျီကျီအော်ဟစ်နေသည့် မျောက်ငယ်ကို ထီးထီးတွေ့ရ၏။ (လက်မမြဲ၍ မြေသို့ကျရသော မျောက်ကို ညံ့ရကောင်းလား၊ မျောက်မပီသဟု မျောက်အုပ်က ထပ်မံလက်မခံတော့ဘဲ ဝိုင်းပယ်လေ့ရှိသည်ဟု ကြားဖူးသည်။)
ထိုနောက်တော့ အဖေက အနှီဒုက္ခိတ မျောက်မငယ်လေးအား သနားဂရုဏာသက်၍ အိမ်သို့ ထုပ်ပိုးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မဲတူသည် အမည်နှင့်လိုက်အောင် အကျည်းတန်သည်။ သို့သော် သူ့တွင် ချစ်စရာ ကောင်းသော အပြုအမူများစွာရှိ၏။ သူသည် တက်သိစ အရွယ်ကပင် လူနှင့်အတူ ကြီးပြင်းခဲ့ရသည်ဖြစ်ရာ လူကလေး တစ်ယောက်နှင့်ပင် တူသေးသည်။ မောင်နှမတွေ ထမင်းဝိုင်းတွင် သူပါဝင် စားရသည်ဖြစ်ရာ သူ့ကိုယ်နှိုက်က ဟင်းမစားဘဲ သက်သက်လွတ် ငှက်ပျောသီး၊ သင်္ဘောသီးတို့နှင့်သာ စားသည်ဖြစ်သော်လည်း အလစ်တွင် အခြားပန်ကန်ထဲမှ ဟင်းတုံးကိုယူ၍ သူ၏ထမင်းအောက်တွင် ဝှက်ထားတက်သည်။ မောင်နှမတစ်တွေမှာ ဟင်းကို အတိုင်းအစနှင့် ဝေပုံကျဖြစ်၍ နောက်ထပ်မရသဖြင့် ပထမဦးဆုံး မဲတူ၏ ဓာတ်မသိခင်က တစ်ယောက်ဟာ တစ်ယောက်ဘုံးသည်ဟု ရန်ဖြစ်လိုက်ရသည်မှာ အမော၊ မဲတူကပြန်ပေးမှ ရယ်အားသန် ကြရသည်။
မဲတူသည် အင်မတန်လူပါးဝ၏။ အဖေကျောင်းသွားခါနီးတိုင်း ကိုင်နေကျ တုတ်ကောက်ကို ယူပေးကာ လောကဝတ်ပြုတက်သေးသည်။ မောင်နှမတစ်တွေ၏ခေါင်းကို သန်းရှာပေးရန် ဝါသနာပြင်းထန်လှပြီး ငြိမ်ငြိမ်မခဲလျှင် လူကြီးမိဘသဖွယ် ခေါင်းခေါက်တက်သေး၏။ အဖေက စိတ်ဆိုး၍ ကြိမ်းမောင်းဆူပူသောအခါ တံခါးကြား ထဲတွင် ဖင်ဘူးတောင်း ထောင်၍ ပုန်းအောင်းလေ့ရှိ၏။ နောင်အသက်အရွယ် ကြီးရင့်လာသောအခါတွင် မဲတူသည် ပန်းနာရောဂါဖြင့် ကွယ်လွန်ရှာ၏။ သူ့ပန်းနာမှာ ဝမ်းတွင်းပါဖြစ်၍ သူ့မိခင်ကျောပေါ်က ပြုတ်ကျဟန်တူပါသည်။ ယင်းသို့ဖြင့် ကျွန်မတို့ အိမ်တွင် မဲတူ၏ ဇာတ်လမ်း ဆုံးခဲ့ပါ၏။
နောက်တစ်ကြိမ်တွင်မူ အဖေတို့သည် သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်သွားသော စိုင်ကြီးတစ်ကောင်နောက် အတင်းထိုးလိုက်ကြရာ မွန်းတည့်အချိန်ခန့်ရောက်လျှင် ကိုင်းတောအစပ်သို့ ရောက်၍ အဖေနှင့် အဖော်သုံးယောက်မှာ ချုံကြီးတစ်ခုအနီးမှဖြတ်၍ ကိုင်းတောထဲသို့ ဝင်မည်ပြုစဉ် ကျားဟိန်းသံကို ချုံထဲမှမမျှော်လင့်ဘဲ ရုတ်တရက်ကြားလိုက်ရသည်။ လူတိုင်းပင် ကြက်သေသေကာ မလှုပ်နိုင် မရှားနိုင်ဘဲ ဤတစ်ချီတော့ ကျားစာဖြစ်ကုန်တော့မည်ဟု တစ်ထစ်ကျမှတ်ယူကြလေ၏။ အခါတိုင်းဆိုလျှင် ဤမျှလောက် နီးကပ်နေသော သားကောင်ကို ကျားက တစ်မဟုတ်ချင်း ခုန်အုပ်လေ့ ရှိသော်လည်း ယခုတော့ ချုံထဲမှ ကျားဟိန်းသံကိုသာ ကြားရ၍ လှုပ်ရှားမှုကိုတော့ မတွေ့ကြရပေ။ ကျားက မလှုပ်ရှား၍ လူက အနည်းငယ် လှုပ်မည်ဟန်ပြင်လျှင် ချုံထဲက ကျားက မာန်ဖီပြန်လေသည်။ ဤသို့ဖြင့် အထဲမလှုပ် အပြင်မလှုပ်ဖြင့် မိနစ် နှစ်ဆယ်မျှကြာလျှင် အဖေတို့က အထဲကရန်သူသည် မလှုပ်ရှားနိုင် လောက်အောင် ဒဏ်ရာရနေသော ကျားနာဖြစ်ရမည်ဟု တွတ်ချက်လာတော့သည်။
ထို့ကြောင့် ၎င်းတို့အချင်းချင်း လက်ဟန်ခြေဟန်ဖြင့် ချုံကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝိုင်းမိအောင် တဖြည်းဖြည်း ရွှေ့သွားကြလေ၏။ မကြာမီ တောင်ဘက်သို့ရောက်နေသော ကရင်မုဆိုးထံမှ ‘ရွှီး ရွှီး ရွှီး’ ဟူသော လေချွန်အချက်ပေးသံကြားရပြီး ကလစ်ကနဲ သေနတ်မောင်းတင်သံနှင့်အတူ `ဒိုင်း´`ဝေါ´`ဝုန်း´ ဟူသည့် သေနတ်ပစ်သံ၊ ကျားအော်သံ၊ လဲပြိုသံကို တစ်ပြိုင်နက်တည်းလိုလို ကြားလိုက်ရသော ကျန်လူများမှာ လျင်မြန်စွာ တောင်ဘက် မုဆိုးရှိရာသို့ ပြေးသွားကြလျှင် မိမိတို့ထင်သလို ကျားကလူကိုခုန်အုပ်သည် မဟုတ်ဘဲ ချုံနှင့်တစ်လျားခုန်ခန့်တွင် နဖူးတည့်တည့် ကျည်ဆန်ပေါက်နှင့် သေရှာပြီဖြစ်သော ကျားမကြီးတစ်ကောင်နှင့် ၎င်းအနီးတွင် အချင်းတန်းလန်းနှင့် ထွေးလုံးရစ်ပတ်နေသော မွေးကာစ ကျားပေါက်ကလေး တစ်ကောင်ကိုတွေ့ရလေ၏။ ထိုအခါမှ ချုံထဲမှ ကျားမှာမွေးလုမွေးဆဲ ကမ္မဇလ လှုပ်ရှားနာကျင်နေ၍ မိမိတို့ကို ရန်မမူနိုင်သည့် အဖြစ်ကို တွေ့ရလေ၏။ အဖေသည် ကျားမကြီးနှင့် ကျားငယ်ကလေးကို တစ်လှည့်စီကြည့်ရင်း မည်သူချွတ်၍မျှ မကျွတ်ခဲ့သော အထုံဝါသနာကို စွန့်လွှတ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည့်အထိ နောင်တကြီးစွာ ဖြစ်ခဲ့ရလေ၏။ သူတို့ပယောဂကြောင့် အမိမဲ့ရှာသော ကျားငယ်ကို အဖေက သနားခြင်းဂရုဏာပြင်းပြစွာဖြစ်၍ ရင်ခွင်ဝယ် ပွေ့ပိုက်ပြီး အိမ်သို့ ယူဆောင်ခဲ့သည်။
ထို့ပြင် ချစ်စနိုး `တာတီး´ ဟုလည်း အမည်ကင်ပွန်းတပ်လိုက်သေး၏။ တာတီးကို ဂလက်ဇို နို့မှုန့်နှင့် တယုတယ ပိုက်ထွေးမွေးမြူခဲ့ရသည်။ နို့ကို နေ့သုံးကြိမ် ညသုံးကြိမ် တိုက်ရာ ညအချိန်တွင် မည်သူမျှ ဤဒုက္ခကို မခံယူလို၍ အဖေကိုယ်တိုင် ဂရုတစိုက် နို့ဖျော်တိုက်လေ၏။ ခါတိုင်းဆိုလျှင် ညစာစားလျှင် အရက်ကို အဝသောက် အစားကို ကျကျနနစားပြီး အိပ်လိုက်ရာ မိုးလင်းမှ တရေးနိုးလေ့ရှိသော အဖေ့မှာ တာတီးကြောင့် အသောက်အစား လျှော့ပေါ့ဆင်ခြင်ရလေ၏။
အဖေ့၏ အလေ့ဆိုးများကို ချွတ်ပေးခဲ့သော တာတီးကို အမေက အလွန်ကျေးဇူးတင်သော်လည်း တစ်ခါတစ်ရံ သူမ၏ သားသမီးများကို မပြုခဲ့သော ယုယခြင်းမျိုးကို အဖေက တာတီးအပေါ်တွင် အစွန်းကုန်ပေးလျက် ရှိသည်ဟု ယူဆလျက် မသက်မသာငြူစူလိုစိတ် ဖြစ်ပေါ်တက်သေးသည်။ ဤသို့ဖြင့် တာတီးကလေးသည် အဖေ့၏ မေတ္တာ ဂရုဏာရိပ်အောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့လေရာ တစ်နေ့ထက်တစ်နေ့ အဖေ့အချစ်မှာလည်းပိုသထက်ပိုခဲ့လေ၏။ အဖေအိမ်သာ တက်လျှင်တောင် လှေကားထစ်ပေါ် ဆောင့်ကြောင့်ထိုင်လျက် တော်တော်နှင့် ထွက်မလာလျင် တံခါးကို လက်သည်းနှင့် ကုတ်ခြစ်၍ “ညူညူ” ဟုခေါ်တက်သည်။ အဖေ ပန်းခြံထဲ လမ်းလျှောက်လျှင် သူက နောက်မှ ခုန်ပေါက် မြူးထူး၍ ပါစမြဲ။ အဖေကျောင်းသွားလျှင် သူ့ကို မည်သူမှ မထိန်းကျောင်းနိုင်၍ သံကြိုးချည်ထားပစ်ခဲ့ရာ ရှေ့လက်နှစ်ဘက်ပေါ် မေးတင်လျှက် မျက်စိကို ပေကလပ် ပေကလပ် လုပ်ပြီး လူလာတိုင်း ညည်းပြနေလေ့ ရှိ၏။ တစ်ခါတစ်ရံ သူ့ရှေ့တွင် မှန်တစ်ချပ် ထောင်ပြလိုက်လျှင် မှန်ထဲတွင်မြင်ရသော သူ့အရိပ်ကို ရုတ်တရက် လန့်ဖျပ်ကာ နောက်ဆုတ်ပြေး၍ ခဏကြာမှ သူ့အရိပ်ကို ကြည့်လျက် ဒေါသတကြီး ညီးကနဲ မာန်ဖီတက်လေ၏။
ထိုမျှသာမကသေး၊ အဖေနှင့် လမ်းလျှောက်ပြီဆိုလျှင် တစ်လံလောက်မှနေ၍ အဖေက လက်ဖျစ်တီး၍ “တီးတီးရေ သားရေ မတ်တက်ရပ်စမ်း၊ ရှေ့တိုး” ဟုခိုင်းလိုက်လျှင်သူ၏ နောက်ခြေနှစ်ချောင်းဖြင့် ပတက်ရပ်ကာ ရှေ့သို့ ယိုင်တိယိုင်တိုင် အနိုင်နိုင် လျှောက်လာရင်း တစ်ခါတစ်ရံ ကိုယ်ကိုမဟန်နိုင်၍ ဖုတ်ကနဲ လိမ့်ကျသောအခါ အဖေက ဟက်ဟက်ပက်ပက် ရယ်မော၏။ တာတီး၏ ဝမ်းဗိုက်ကျားကျားလေးကို နှာခေါင်းနှင့် ကလိနေတက်သည်။ ထိုအခါ တာတီးက သူ၏လက်ဝဝကလေးဖြင့် အဖေ၏မျက်နှာကို တွန်း၍ ထုတ်တက်ပေသည်။ ဤသို့ အဖြစ်သည်းနေကြသည်ကို မြင်ပြင်းကပ်လာသော အမေက မကြားတကြား ရေရွတ်သောအခါ အဖေက အမေ့ထံသို့ အပြေးကလေးသွား၍
“ဟေ့……မရီရဲ့ မင်းကလဲ ငါတို့ကိုသာ အပြစ်ပြောနေတာပဲကွာ …ဒို့တိုင်း ဒို့ချစ်ကြတာများ ဘယ့်သူထိခိုက်နေလို့လဲ၊ ဒို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ ချစ်ခြင်းကိုမနာလိုမဖြစ်ပါနဲ့ကွာ……”
ထိုအခါ အမေက နှုတ်ခမ်းစူ ပါးစူနှင့်.
“အမယ်လေး …. တော်စမ်းပါ၊ တိရိစ္ဆာန်တစ်ကောင်များ သန့်ရှင်းမွန်မြတ်တဲ့ အချစ်လေးဘာလေးနဲ့၊ ကြီးကျယ်လိုက်တာတော်…. ကြီးကျယ်လိုက်တာ”
“ဟ… ဒါကို မင်းနားမလည်သေးပါဘူး၊ ဒီမယ် မရီ… သန့်ရှင်းမွန်မြတ် တယ်ဆိုတာ လူချင်းလူချင်း ချစ်တဲ့ အဓိပ္ပာယ်နဲ့ တွက်လို့မရဘူးကွ၊ လူချင်း ချစ်ကြတာက ကိုယ်ကောင်းဖို့၊ ကိုယ့်ဖို့ဆိုတဲ့ အခြေခံက စကြတာ။ ဟော…. ငါနဲ့ တာတီး ချစ်တဲ့နေရာမှာ တာတီးဆီက ငါဘာမှ မမျှော်လင့်ဘူး။ ငါ့ဆီက ဘာမှ တာတီး မျှော်လင့်ရကောင်းမှန်းမသိဘူး။ ဘာပယောဂမှမပါတဲ့ ချစ်ခြင်းမျိုးမို့ သန့်ရှင်းတယ်လို့ ဆိုတာကွ၊ နားလည်ပလား”
ဤသို့ဖြင့် အဖေနှင့် တာတီးတို့သည် ချစ်ခင်ပျော်ရွှင်စွာ နေခဲ့ကြရာမှ ဂြိုဟ်ဆိုးဝင်၍ ကြမ္မာဆိုးငင်လေပြီ။ တစ်နေ့ နံနက်တွင် အဖေနှင့် တာတီးသည် ထုံးစံအတိုင်း ပန်းခြံထဲဝယ် ပြေးလွှားဆော့ကစားနေခိုက် အဖေ၏ အမဲလိုက်မိတ်ဆွေ နှစ်ဦးက အလည်အပတ် ရောက်လာကြသည်။ သူတို့နှင့် အတူ မျက်နှာဖြူ ရဲဝန်ထောက် တစ်ယောက်လည်း ပါလာသေးသည်။ သူတို့အား အဖေက ပန်းခြံထဲ၌ပင် ဧည့်ခံ၏။ တာတီးကမူ အဖေ့ကုလားထိုင်ဘေး၌ စင်းစင်းကြီးဝပ်လျက် ရှိ၏။ ထိုစဉ်က တာတီး၏ အရပ်အမောင်းမှာ ကျောတစ်တောင်လောက်ရှည်၍ တောကြောင်ကြီးခန့် ရှိသည်။
ကာဖီသောက်နေရင်း ရဲဝန်ထောက်က တာတီးကို အခုမှသေချာစွာ ကြည့်မိသည်ဖြစ်သောကြောင့် အံ့ဩဟန် မျက်ခုံးနှစ်ဖက်ကိုပင့်လျက်.
“အိုးခင်ဗျားရဲ့ (pet) အချစ်တော်က ကျားကလေးတစ်ကောင် ပါလားဗျ… ကျုပ်က ရုတ်တရက်ဆိုတော့ ကြောင်ကြီးတစ်ကောင်လို့ အောက်မေ့တာ”
အမေကပြုံးနေစဉ် အဖေ့မိတ်ဆွေ ဤကျားငယ်ကို ဘယ်ကဲ့သို့ ရခဲ့ကြောင်း၊ အဖေက မည်မျှ ယုယချစ်ခင်ကြောင်း၊ ပြောပြလျှင်မျက်နှာဖြူက နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ပြုံးလိုက်ပြီး….
“ကောင်းတော့ ကောင်းပါရဲ့….. ဒါပေမယ့် ဒီ့ထက်ကြီးလာရင် လူတွေကို ရန်မူမှာစိုးရတော့ အစိုးရက ခွင့်ပြုမယ်မထင်ဘူး၊ တိရိစ္ဆာန်ရုံပို့ရမှာပဲ..”
အဖေ ကမျက်နှာပျက်ပျက်ဖြင့်
“ကျွန်တော်ကောင်ကလေးက ငယ်ငယ်ကတည်းက လူနဲ့နေလာတော့ ဒီလောက်ရိုင်းမယ် မဟုတ်ပါဘူးဗျာ၊ နောက်ပြီး ကျွန်တော်က သူနဲ့မခွဲနိုင်ဘူး။ အင်းလေ..မတော်တဆ အစိုးရက မညှာမတာလို့ တိရိစ္ဆာန်ရုံ ပို့မယ်ဆိုရင်တော့ ကျွန်တော်ပါ လိုက်နေမှ ဖြစ်လိမ့်မယ်ဗျ….. ဟိုကကော ကျုပ်ကို လက်သင့်ခံပါ့မလား”
အဖေ့ အပြောကို ကျန်လူများက သဘောကျစွာ ရယ်မောကြ၏။ ရဲဝန်ထောက်ကလည်း ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်ပြီး …
“ဒါပေမယ့် ခင်ဗျားတစ်ခုတော့ ကောင်းကောင်း သတိထားရလိမ့်မယ်။ ခင်ဗျား ကျားကလေးဟာ ခင်ဗျားကိုဖြစ်စေ၊ ခင်ဗျားကလေးတွေကို ဖြစ်စေ မတော်တဆ သွေးထွက်သံယိုဖြစ်အောင် မကိုက်မိပါစေနဲ့၊ တကယ်လို့ ဖြစ်ခဲ့ရင်လည်း ကျုပ်ကို ချက်ချင်း အကြောင်းကြားစေလိုပါတယ်”
သူသည် မရယ်ချင့် ရယ်ချင် ရယ်လိုက်ပြီး ဆက်လက်၍
“ဘာပြုလို့လည်းဆိုတော့…. ကျုပ်တို့က ဥပဒေလေးစားကြရမယ် မဟုတ်လားဗျ….. ကျုပ်တို့လို၊ ခင်ဗျားတို့လို လူမျိုးတွေက အမိန့်တော်ရ ပြင်ဆင် ပြုလုပ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်မယ်ဆိုရင် ဘယ်ကောင်းမလဲ၊ ကျုပ်ပြောတာ သဘောတူရဲ့လား”
အဖေက အောင့်သက်သက်နှင့် ………
“ကောင်းပါပြီဗျာ ကျုပ်ကောင်လေးကလည်း ဒီလို ဘယ်တော့မှ နာကျည်းအောင် လုပ်မယ်မဟုတ်ပါဘူး။ ဒါထက် ခင်ဗျား စကားအရဆိုတော့ ကျုပ်ကောင်က ဒီလိုမလုပ်မချင်း သူ့ကို ကျုပ်အိမ်မှာ မွေးထားနိုင်ခွင့် ရှိတာပေါ့ မဟုတ်လား”
ရဲဝန်ထောက်မှာ သူ့စကားနှင့် သူမိနေ၍ မချိသွားဖြဲ ဟဲ.. ဟဲ..” လိုက်ရလေ၏။
ထို့နောက် သူတို့သည် ထွေရာလေးပါး ပြောနေကြသည်။ ထိုအခိုက် အဖေ့ ဘေးဝယ် ဝပ်စင်းနေသော တာတီးမှာ ပျင်းလာပြီ ဖြစ်ရကား အဖေ့ကလည်း သူ့ကို ဂရုမစိုက်နိုင်သေးသဖြင့် အဖေ့ လက်ကို လျှာနှင့်လျက်ကာ လျက်ကာ ချော့မြူနေ၏။ အဖေ့မှာ စကားထဲတွင် စိတ်ဝင်စားနေသဖြင့် သူ့ကို သတိမပြုနိုင်လေ တာတီးက လျှာဖြင့်လျက်၍ သတိပေးခေါ်လေသည်
ကျားလျှာဆိုသည်မှာ အလွန်ကြမ်းတမ်း၍ ဆူးတောင်ကလေးများသဖွယ် ဖြစ်နေသောကြောင့် ကျားမများသည် သားငယ်ကို နို့မတိုက်နိုင်ဘဲ သစ်ရွက်ပေါ်သို့ နို့ကိုသက်စေ၍ ကျားငယ်များက လျှာနှင့် လျက်စားရသည်။ သွေးကလေးများပင် စို့စပြုလာသည်။ တာတီးသည် သူ၏နှာခေါင်းကို ရှုံချည် ပွချည်ဖြင့် လက်ကိုနမ်းကြည့်လိုက်၊ လျက်လိုက်လုပ်နေရာ မည်မျှကြာသည်အသိ၊ အဖေသည် စကားပြောနေရာက လက်ဖဝါးဆီမှ မြက်ကနဲ မြက်ကနဲ နာလာတော့မှ ငုံ့၍ကြည့်လိုက်ရာ အားလုံးကလည်း အဖေ့ဆီသို့ အာရုံစိုက်နေခိုက်ဖြစ်သဖြင့် အဖေ့လက်မှ သွေးများ တစိမ့်စိမ့်ယိုစီးလျက် ထိုသွေးများကို တာတီးက မြိန်ရေ ရှက်ရေ လျက်နေသည်ကို မြင်လျှင် အဖေနှင့်တစ်ကွ အားလုံးပင်`ဟာကနဲ ပြိုင်တူ ရပ်လိုက်ကြ၏။ အဖေသည် ဘယ်တုန်းကမှ မဖြစ်ပေါ်ဘူးသော ထိတ်လန့် ကြောက်ရွံ့ခြင်းဖြင့် ရဲဝန်ထောက်ကို ကြည့်လိုက်သည်။
ရဲဝန်ထောက်က မျက်မှောင်ကြုတ်၍ တာတီးကို စိုက်ကြည့်နေ၏။ ထို့နောက် အလုပ်ခွင်ဝယ်ဝတ္တရားကို ဆောင်ရွက်ဆဲ လေသံဖြင့် အဖေ့အား
“ဝမ်းနည်းပါတယ် လူကြီးမင်းခင်ဗျား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ခုလိုလာပြီးဖြစ်ရတာ ကျွန်တော်စိတ်မကောင်းပါဘူး။ သို့သော် ဘုရင်မင်းမြတ်ရဲ့အခကို စားနေတဲ့ ကျွန်တော်ဟာ ကိုယ်တာဝန်ဝတ္တရားကို ကျေပွန်ပါမှ သစ္စာတော်ကို စောင့်သိရိုသေရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်ပြန်သွားပြီး မကြာမီပင် ခင်ဗျားရဲ့ ကျားငယ်ကို အယူလွှတ်လိုက်ပါရစေ။ တကယ်ဆိုတော့ လူသွေး မြည်းဘူးတဲ့ ကျားဟာ နောက်နောင် လူသွေးကိုချည်း တောင့်တမြဲဖြစ်ကြောင်း ခင်ဗျားတို့လဲ သိမှာပေါ့။ ဥပဒေ အရဆိုရင် လူကိုက်ဘူးတဲ့ကျားကို တိရိစ္ဆာန်ရုံကတောင် လက်မခံပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ကျားကလေးအတွက်တော့ ကျုပ်အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
အဖေ့ဇက်မှာ ကျိုး၍ကျနေလေပြီ၊ ဘေးမှ အဖော်နှစ်ယောက်က ဝိုင်း၍ နှစ်သိမ့်ကြသည်။
“ဆရာရယ် တိရိစ္ဆာန်ရုံမှာဆိုရင်လည်း ဒီမှာနေရတာလိုပဲ ကောင်းပါ တယ်၊ စိတ်လဲချရပါတယ်၊ နောက်ပြီး ကိုယ်တွေ့ချင်တဲ့အခါ သွားတွေ့နိုင်သားပဲ”
အဖေက ငိုသံပါကြီးနှင့်
“ခင်ဗျားတို့ မသိပါဘူးဗျာ ဟိုမျောက်ဖြူကောင်က ကျုပ်ကလေးကို ရန်ရှာနေချင်တာပါ။ ကျုပ်လက်ထဲက လွတ်ရင် သူ့တို့နှိပ်စက်ပစ်တာနဲ့ သေမှာဗျ။ တိရိစ္ဆာန်ရုံရောက်အောင် ခံမယ်မထင်ဘူး”
ဟု ဗမာလိုပြောသည်။ မျက်နှာဖြူမှာ ဗမာစကား နားမလည်ပါ။ ပြောရင်း အဖေသည် မျက်ရည်မကျသော်လည်း ရှိုက်၍လာသည်။ နောက်မှ သူ့ကိုယ်သူ အားတင်း၍ ရဲဝန်ထောက်အား
“ခင်ဗျား ဘယ်လိုမှ မသက်ညှာနိုင်တော့ဘူးလားဗျာ”
“ဝမ်းနည်းပါတယ် မိတ်ဆွေ”
အဖေသည် အံကို ကြိတ်ထားရာမှ တက်တစ်ချက်ခေါက်လိုက်ပြီး အိမ်ဘက်သို့ လှမ်း၍ အမေ့ကိုခေါ်ကာ
“ဟေ့ မရီ၊ ငါ့ရိုင်ဖယ်နဲ့ အံဆွဲထဲက ကျည်ဆံနှစ်ခု ယူခဲ့စမ်း”
အဖေ့မိတ်ဆွေနှစ်ယောက်က အံ့ဩဟန်ဖြင့် ကပျာကယာ
ဟာ….. ဆရာ ဘာလုပ်မလို့လဲ ဆရာရယ်တိရိစ္ဆာန်ရုံသာပို့လိုက်ပါဗျာ၊ ဝန်ထောက်ကလည်း ကြိုးစားပေးပါ့မယ် ဆိုထားတာပဲ”
အဖေက သူ့မိတ်ဆွေနှစ်ယောက်ဘက်လှည့်၍
“ကြိုးစားပါ့မယ် ဆိုတာ အာမခံတာနဲ့ တခြားစီဘဲဗျာ၊ နောက်ပြီး သူ့လိုလူမျိုးတွေက စကားအလှ သုံးတာဗျ၊ ကျုပ် တစ်သက်လုံး အရိပ်တကြည့်ကြည့် လက်ဖျားနဲ့ မထိရက်ဘဲနဲ့ မွေးလာရတဲ့ ကျုပ်ကလေးကို ဘာကြောင့် သူ့ကိုနှိပ်စက်မယ့် လူတွေ လက်ထဲ အပ်ရမှာတုန်း
နောက်ပြီး သူနဲ့ကျုပ် ရှင်ကွဲ ကွဲရတာက သေကွဲ ကွဲရတာထက် ပိုဆိုးလိမ့်မယ်၊ ဒီတော့ သူ့အတွက် ကျုပ်စိတ်ဒုန်းဒုန်းချရအောင်…..”
ထိုအခိုက် ဘုမသိဘမသိနှင့် သေနတ်ယူလာသော အမေ့နောက်မှ အိမ်သားတွေကလည်း ကပ်ပါလာကြသည်။ အမေ ကမ်းပေးသော သေနတ်ကို လှမ်းယူလိုက်စဉ် အဖေ့ မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေလျှံလျက်ရှိသည်။ သူသည် ရှေ့လက်နှစ်ဖက်ကိုထုတ်၊ ခြေထောက်ကို နောက်သို့ဆန့်ပြီး ကိုယ်ကလေးကိုဖြန့်လျက် အညောင်းဆန့်နေသော တာတီးကိုတစ်ချက်မျှ စိုက်ကြည့်၍ တစ်လံကွာခန့် ပြေးထွက်သွားသည်။ ထို့နောက် အဝေးမှ လက်ဖျစ်တစ်ချက် တီးလျက် ကြေကွဲ တုန်ရီသောအသံနှင့်
တီးတီးရေ..သားလေး မတ်တက်ရပ် ရှေ့တိုးခဲ့”
ဟုခေါ်လိုက်ရာ တာတီးသည် အညောင်းဆန့်နေရာမှ ကပျာကယာ နောက်ခြေပေါ်ရပ်လျက် ယိုင်တိယိုင်တိုင် တစ်လှမ်းချင်း လှမ်းသွားလေတော့သည်။
“ဒိုင်း”
ဟူသည့် သေနတ်သံက တောင်တစ်ကြောဝယ် မျောကာမျောကာ ပဲ့တင်ရိုက်ရင်း တဖြေးဖြေး ဝေး၍ ဝေး၍ သွားလေ၏။ ၎င်းပဲ့တင်သံနှင့် အတူ တာတီး၏ ဝိဥာဉ်နှင့် အဖေ၏ အသဲနှလုံးတို့မှာ ထွေးလုံးရစ်ပတ်၍ ပါသွားကောင်း ပါသွားမည်တည်း။
သော်တာဆွေ