>

မိဘတိုင်းရဲ့ စိတ်မှာ သားသမီးတွေအပေါ် လိမ္မာတဲ့ သားသမီးလေးတွေဖြစ်ဖို့သာ ရည်သန်ကြမှာပါ။ ဆိုးပါတယ်ဆိုတဲ့ သားသမီးတွေ ဘယ်လိုချင်ကြမတုန်း။ မိဘဆိုတာကတော့ လိမ္မာတာ၊ မိုက်တာရယ်လို့ ခွဲခြားပြီး မမြင်နိုင်ကြပါဘူး။ သားသမီးတိုင်းကို သာတူညီမျှ တသားထဲသော မေတ္တာစစ်စစ်တွေနဲ့ မိဘတိုင်းက ချစ်ကြတာချည်းပါ။

ဒီလိုပါပဲ သားသမီးတွေ၊ ကလေးတွေကလည်း မိုက်ချင်တိုင်းမိုက်နေကြတာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အသိလေးတွေမှာ သူတို့မိဘတွေက သူတို့ကို မေ့နေတယ်လို့ထင်ပြီး အမြင်အယူအဆတွေ ကွဲပြားနေကြတာပါ။ ဒီလို ဒွိဟစွာ ကွဲပြားနေ လွဲမှားနေတဲ့ အယူအဆတွေကို ရင်ခြားစေ့အောင်က အုပ်ထိန်းသူ မိဘတွေကလည်း မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဝေဖန်ကြည့်စေချင်ပါတယ်။

အခုခေတ်မှာ မိဘတစ်ချို့တွေဟာ ငွေတွေ၊ စည်းစိမ်တွေ၊ပကာသနတွေနောက် အရမ်းကာရော လိုက်နေကြတော့ ကလေးတွေ အမြင်မှာ ငါ့မိဘက ငါ့ကို မချစ်ဘူးလို့ မြင်လာကြရော။ မိဘတွေကလည်း ကလေးတွေအကြိုက် လိုက်ရောလိုက်ရင်ပြီးရော ဒါမိဘမေတ္တာပဲ ဆိုရင်တော့မှားပြီ။
အခုခေတ် အခြေအနေကလည်း နေရာတကာ ငွေဆိုမှငွေ၊ ကျန်တာ ဘာမှအရေးမကြီးဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ခေတ်ဗျ။ အဲဒီတော့ မိဘအများစုကလည်း ငွေနောက်ကို သဲကြီးမဲကြီး လိုက်နေကြရတယ်။ ကလေးတွေ အတွက်ပေးဖို့ အချိန်ဆိုတာ မရှိဘူးဖြစ်နေတယ်။ ကလေးတွေကို နာနီတွေနဲ့ထား၊ အမျိုးတွေနဲထားခဲ့ကြရတယ်။
အချိန်တန် အိမ်ပြန်လာရတော့လည်း မိုးချုပ်တော့ ကလေးနားနေဖို့ အချိန်လဲမပေးနိုင်ဘူး။ ရောက်တာနဲ့ ပင်ပန်းလို့ အိပ်ရော။ ဒီလိုနဲ့ပဲ ကလေးတွေနဲ့ မိဘတွေကြားမှာ ဝေးကွာသထက် ဝေးကွာလာပါတယ်။

ကလေးတွေရဲ့ဘဝကိုလည်း စဉ်းစားကြည့်ပါဦး။ ကိုယ့်မိဘနဲ့ တနေ့နှစ်ခါလောက်ပဲ တွေ့ရတာ။ သူတို့မိဘတွေနဲ့ နီးနီးကပ်ကပ် နေဖို့ကြပြန်တော့လည်း မိဘတွေကလည်း အလုပ်ကိစ္စတွေများလို့ ပင်ပန်းပြီးနားချင် ကလေးတွေကလည်း ဟိုဟာပူစာ၊ ဒီဟာပူစာဆိုတော့ စိတ်ရှုပ်ရှုပ်နဲ့ ရော့… အင့်ဆိုပြီး ငွေပေးရောဗျာ။
တဘက်က ကလေးတွေရဲ့ဆန္ဒကြတော့ တကယ်တမ်းကြတော့ ဒီငွေတွေ သူတို့မလိုချင်ဘူး။ သူတို့ရဲ့ရင်တွင်းခံစားချက်၊ သူတို့ရဲ့ ဘဝအကြောင်း၊ ကျောင်းအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ဒါတွေကို မိဘတွေ သိအောင်ပြောပြချင်တယ်။ ဒါပေမယ့် သူတို့တွေက ဒါတွေကို ဘယ်လိုပြောရမှန်းမသိဘူး။ မိဘတွေကလဲ အချိန်ပေးပြီး သေချာမမေးဘူး ဆိုတော့ကာ အခက်တွေ့နေကြတာပေါ့။
ဒီလို သားသမီးနဲ မိဘတွေကြား တစ်ယောက်နဲ တစ်ယောက် နီးနီးကပ်ကပ် နေကြပေမယ့် နှလုံးသားတွေ တစနဲတစ ဝေးလာကြတာ သူတို့ကို သူတို့တောင် မသိလိုက်ကြပါဘူး။ ဒီလိုအခြေအနေက ကလေးတွေ ငယ်တုန်းဆို သိပ်ပြီး ပြဿနာမရှိ၊ သိပ်မသိသာဘူးပေါ့။ ဟော… သူတို့လဲ အရွယ်ရောက်လာရော အဲဒီမှာ ပြဿနာစတော့တာပါပဲ။
သူတို့အသိစိတ်ကလေးတွေမှာ ငါ့မိဘက ငါတို့ကို ချစ်မှမချစ်တာ၊ ငါတို့လိုသလောက် တောင်းသလောက် ငါတို့မိဘတွေက ပေးနေတာပဲ ဆိုတဲ့အသိတွေ ဝင်လာပြီး ငါတို့လုပ်ချင်တာ လုပ်ပစ်မယ်ဆိုပြီး သူတို့တွေရဲ့စိတ် ရောက်ရာပေါက်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြပါတယ်။
တကယ်တော့ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမှန်တယ်ဆိုတဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည် ဒီအရွယ်တွေမှာ အလွန်နည်းပါသေးတယ်။ တချို့မိဘတွေက ဒီလိုအဆိုးအကောင်း ပိုင်းခြားတတ်အောင် ငါတို့ကလေးတွေကို ငါတို့ ကျောင်းထားပေးထားတာပဲ။ ဟုတ်ပါတယ်။ တစ်ချို့တစ်ဝက်တော့ မှန်ပါတယ်။
တကယ်တမ်း ကလေးတွေရဲ့ စိတ်ထဲမှာ ကျောင်းက သင်ပေးတဲ့ စာတွေကို (ကျွန်တော်တို့ရဲ ကျောင်းတွေမှာပါ) သူတို့တွေရဲ့ ဘဝအတွက် နောင်အသုံးဝင်လာမယ်လို့ မထင်ကြပါဘူး။ ဒီစာတွေကို မိဘက သင်ခိုင်းလို့ သာသင်ရတယ်။ စိတ်ထဲတော့ မရှိလှဘူးပေါ့။ ဒီစာတွေတတ်ရင် ဘွဲ့လေးတစ်ခုတော့ရမယ်။ ဘဝအာမခံချက်တော့ မရှိလှဘူး စသဖြင့် ဒီလိုအယူစွဲလေးတွေ ရှိနေကြတာပါ။
ဘယ်နည်းဘယ်လမ်းက ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို ကလေးတွေက ပြင်ပဗဟုသုတစာတွေဖတ်မှ သိနားလည်ကြမှာပါ။

စာဖတ်ဖို့ ဆိုတာကလည်း အကျင့်ဗျ။ လုပ်ယူမှရတာ။ မလုပ်ယူပဲ ဘယ်ကလေးမှ အလိုလျှောက် စာဖတ်ဝါသနာမပါကြပါဘူး။ (ကျွန်တော်ဆိုလိုတာ မိဘရဲ့ဗီဇအရ ပင်ကို စာဖတ်ချင်နေတဲ့ ကလေးတွေမပါပါဘူး။)

တကယ်တမ်း စဉ်းစားကြည့်ရင် စာဖတ်တာ ဝါသနာပါဖို့ ဆိုတာအတော်ခက်တာဗျ။ ကလေးတိုင်း ကာတွန်းစာအုပ်ကို ငယ်စဉ်က ဖတ်ဖူးကြမှာပါ။ အဲဒါက ကလေးတွေ စာဖတ်တတ်လာဖို့ စတာပါပဲ။ ဒါပေမယ့် အဲဒါဟာ စာဖတ်ဝါသနာရဲ့ အစမဟုတ်ဘူး။ စာဖတ်ဝါသနာ ပါလာဖို့ဆိုတာ မိဘတွေရဲ့ နည်းပေးလမ်းပြ လိုအပ်ပါတယ်။
မိဘကိုယ်တိုင်က စာဖတ်ဝါသနာမပါဘူး ဆိုရင်တော့ သူတို့ကလေးတွေလဲ စာဖတ်ဝါသနာရှင်လေးတွေ ဖြစ်လာအောင် ဘယ်လိုမှ အကြံပေးနိုင်မှာ မဟုတ်တော့ဘူး။ မိဘတွေကလဲ ကလေးတွေ စာအတော်အတန် ဖတ်နိုင်လာပြီဆိုရင် ဘယ်စာအုပ်ကို ဖတ်သင့်တယ်၊ ဘယ်စာအုပ်က ကောင်းတယ်ဆိုတာကို အကြံပြုသင့်တယ်။ မဟုတ်လို့ကတော့ ကလေးတွေက အပျော်ဖတ်စာတွေကိုပဲ ဖတ်ချင်သွားရော။
စာပေကို စော်ကားတာ မဟုတ်ပါဘူး။ ခေတ်အခြေအနေအရ စာပေလောကကြီးထဲမှာ အသားဖြူးဆေးကြော်ငြာတွေနဲ့ ဟိုလောက ဒီလောက အတင်းသတင်းတွေ ချည်းရေးသားထားတဲ့ စာပေတွေများပြားလာတာ တွေ့နေရလို့ပါ။ ကလေးတွေရဲ့ ဥာဏ်ရည်အဖွံဖြိုးဆုံးအရွယ်၊ မှတ်သားအား အကောင်းဆုံး အရွယ်တွေမှာ သူတို့ ဖတ်သင့် မှတ်သင့်တဲ့ စာပေတွေကို မိဘတွေက ရှာဖွေလမ်းကြောင်းဖို့ ပြောတာပါ။
ကလေးဆိုတဲ့ သဘာဝကလည်း အတုခိုးအရမ်းမြန်တယ်ဗျ။ သူတို့မှာ ဝေဖန်စဉ်းစားဖို့ဆိုတာ မသိသေးတော့ လူကြီးမိဘတွေ ဘာလုပ်လဲဆိုတာပဲ ကြည့်နေကြတာ။ မိဘက ရွှေစကား၊ ငွေစကားပြောရင် သူတို့လဲ ရွှေစကား ငွေစကားပြောမှာပဲ၊ မိဘက စာစကား ပေစကား ပြောတယ်ဆို သူတို့လဲ စာစကား၊ ပေစကားပြောမှာပါ။
ဆိုးပါတယ်ဆိုတဲ့ ကလေးတွေကိုကြည့်ရင် ရာခိုင်နှုန်းအများစုက သူတို့လေးတွေရဲ့ မိဘ(ဝါ) အုပ်ထိန်းသူ၊ သူတို့ရဲ့ ပတ်ဝန်းကျင်တွေကြောင့် ဆိုးတာပါ။ တစ်ချို့ကြတော့ ပင်ကိုဗီဇဗျ။ အဲဒီလို ကလေးကျ ခက်ရောဗျို့။ အဲဒီ့ဆိုးတဲ့ ဗီဇတွေကို သူတို့ငယ်ရွယ်စဉ်မှာ ထိန်းကြောင်းပြုပြင် လိုက်နိုင်ရင်တော့ ရေရှည်မှာကောင်းရော။
မိဘတွေကလည်း မွေးပြီးပြီးရောဆိုပြီး ကလေးတွေကို ဒီအတိုင်း ပြစ်မထားကြပါနဲ့။ ကိုယ့်ရင်သွေးမှာ ဘယ်သူက ဆိုးလာနိုင်တယ်၊ ဘယ်သူက ကောင်းလာနိုင်တယ်ဆိုတာ မိဘတွေ ကောင်းကောင်းသိကြပါတယ်။ သားသမီးဆိုတာ ကိုယ့်သွေးကိုယ့်သားက ဖြစ်တာဆိုတော့ အနဲနဲ့အများ သူတို့ဆီမှာလည်း ကိုယ့်ရဲကောင်းမွေ ၊ ဆိုးမွေလေးတွေတော့ ပါလာကြမယ်ဆိုတာ မိဘတိုင်းသိကြပါတယ်။
ဒီတော့ကာ ကိုယ့်သားသမီးတွေ မဆိုးလာဖို့ဆိုတာ မိဘတွေဆီမှာ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်နိုင်ဖို့အသိတွေ လိုအပ်လာပါပြီ။ ကိုယ့်ကလေးတွေ လိမ္မာစေရန် သွန်သင်ဖို့ နည်းလမ်းဆိုတာ မိမိရဲ့ကိုယ်မှာ၊ မိမိပတ်ဝန်းကျင်မှာ အမြဲတစေရှိတတ်ပါတယ်။
ကလေးတွေရဲ့ရှေ့မှာ သူတိုလေးတွေဆိုးတာ၊ ညံ့တာတွေကို ခဏခဏ မပြောမိကြပါစေနဲ့။ သူတိုတွေရဲ့ နားကနေတဆင့် ဦးနှောက်ထဲမှာ ခဏခဏကြားပြီး သူတို့ဘဝ ဆိုးလှပါတယ်ဆိုပြီး လုပ်ချင်ရာလျှောက်လုပ်ရော။ အဲဒီလိုအဆိုးတွေကို ပြောမယ့်အစား သူတို့လေးတွေ မေ့နေတဲ့ သူတို့ရဲ့ပင်ကိုကောင်းတဲ့ အချက်ကလေးတွေကို ရှာပြီးပြောပေးပါ။
ပြောဆိုဆုံးမတဲ့အခါမှာလဲ ပျားသကာကဲ့သို့ နားဝင်ချိုသော အသုံးအနှုန်းများကိုသုံးပေးပါ။ တတ်နိုင်သ၍ အခြားလိမ္မာတဲ့ မိမိရဲ့သားသမီးတွေထက် ဆိုးမယ်ထင်တဲ့ မိမိတို့ရဲ့ ကလေးစိတ်ကို ပိုလေ့လာပါ။ ပိုအချိန်ပေးပါ။
မိဘတွေဆိုတာ တချိန်က သားသမီးတွေပါပဲ။ တချို့မိဘတွေက ကိုယ်သားသမီးဘဝမှာ ချုပ်နှောင်မှုများခဲ့တော့ ကိုယ်သားသမီးတွေကြတော့ သူတို့လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး အရမ်းကာရော လွှတ်ထားလို့ မရပါဘူး။ သူတို့တွေရဲ့အမြင်မှာ မိဘဆိုတာထက် မိတ်ဆွေအမြင်ရှိလာအောင် ပေါင်းရပါမယ်။
ငါအမိငါအဖပဲဆိုပြီး ကိုယ်သြဇာပေးတဲ့အတိုင်း နာခံရမယ်ဆိုတဲ့ အုတ်ထိန်းမှုဟာ အခုဆိုမရှိသလောက် ဖြစ်လာပါပြီ။ ခေတ်စနစ်တွေ ပြောင်းလဲမှုကြောင့် မိဘတွေဟာလဲ ကလေးတွေအပေါ် ကိုယ်လိုသလိုပုံသွင်းယူတဲ့ အချိန်မဟုတ်တော့ပါဘူး။ မတတ်နိုင်လဲ တတ်နိုင်သလောက် အချိန်ပေးပြီး ကလေးတွေနဲ့ အပြန်အလှန်မေးခွန်းလေးတွေ မေးပြီးဆွေးနွေးပါ။ သူတို့အမြင်မှာ မိဘဆိုတာ ကြောက်စရာ စိတ်ပျက်စရာကောင်းတဲ့ အမြင်ထက် သူတို့အတွေးအခေါ်လေးတွေကို ညိုနှိုင်းသုံးသပ်ပေးတဲ့ မိတ်ဆွေအမြင်မျိုး ဖြစ်လာအောင်ကျင့်ပေးကြပါ။
တခါတလေ ကိုယ်ပေးတဲ့ သံယောဇဉ်က သူတို့တွေကို ပိုပြီးဆိုးသွမ်းရန် တွန်းပို့နေသလို မဖြစ်အောင်တော့ သတိရှိဖို့ လိုအပ်ပါတယ်။ မယုတ်မလွန်တဲ့ ဆက်ဆံရေးကို ရှာပြီး ဆက်ဆံပေးစေလိုပါတယ်။ ကျွန်တော်တွေ့ကြုံဖူး၊ လေ့လာဖူးတဲ့ ဆိုးသွမ်းတဲ့ကလေး အတော်များများရဲ့ ဆိုးသွမ်းရခြင်း အဓိကအချက်တချက်ကတော့ သူတို့ မိဘတွေရဲ့အိမ်ထောင်ရေး ဖောက်လွှဲဖောက်ပြန်လုပ်မှုကြောင့်ပါ။
အဲဒီအချက်ကြောင့်ပဲ သူတို့လေးတွေရဲ့ အနာဂတ်ဟာ စမ်းတဝါးဝါးနဲ့လမ်းမှား ရောက်သွားတတ်ကြပါတယ်။ ခေါင်ကမှမလုံတာ မိုးယိုတာဘာဆန်းလဲ။ အမိုးအကာလုံလုံနဲ့ အိမ်တလုံးမှာ ပြင်ပလေဒဏ်မိုးဒဏ်ကို ကြံကြံခံနိုင်မှာမလွဲဘူးလေ။ ဒါကြောင့် သားသမီးလေးတွေ မဆိုးသွမ်းလာစေဖို့ ခေါင်တိုင်ဖြစ်တဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး သစ္စာရှိမှုကလဲမလွဲမသေ လိုအပ်လာပါတယ်။
ပျော်ရွှင်သာယာဖွယ်ဖြစ်သော မိသားစုအသိုက်အမြုံလေး ဖြစ်အောင်ဖန်တီးနိုင်ကြပါစေ။
အခု ကျွန်တော် ရေးသားတဲ့ အကြောင်းအရာတွေထဲမှာ စာဖတ်သူတို့ မနှစ်သက်မဲ့ အကြောင်းအရာတွေ၊ အရေးအသား မပြေပြစ်တာတွေပါနေရင် ခွင့်လွှတ်ပြီးတော့ ဖတ်ပေးကြပါလို့ အနူးအညွတ်တောင်းပန်ပါတယ်။ ခေါင်းစဉ်နဲ့ပတ်သက်လို့ ကျွန်တော်သိသလောက်၊ အတွေအကြုံ အမြင်တွေကို ရေးသားထားတာပါ။ ဆွေးနွေးတဲ့ သဘောလေးပါ။ ဆရာလုပ်တာမဟုတ်ပါဘူး။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ